Pages

Monday, August 31, 2009

အမဲရိုးစွပ်ပြုပ်


နံရိုးစွပ်ပြုပ်လုပ်သောက်ဖို့အတွက် အမဲ နံရိုးနုလေးတွေကို ၁ နာရီလောက်ကားမောင်းရတဲ့ တောင်ပေါ်တက် ပီး သွားဝယ်ရပါတယ်။ စူပါမားကတ်တွေနဲ့၊ အသားဆိုင်တွေမှာလဲရောင်းပေမယ့် ၀က်သားနဲ့ တွဲတွဲထားလို့ ကျွန်မစား လို့မရတာကြောင့်မ၀ယ်ဖြစ်ပါဘူး။ အသားစားချင်ရင်တစ်ကူးတစ်က တောင်ပေါ်မှာသွားသွားဝယ်ရပါတယ်။
အဲဒီမှာတော့ အမဲသားအကုန်သီးသန့်ရောင်းတာမို့ ခေါင်းကနေ အမြီးအဆုံး အကုန်ဝယ်လို့ရပါတယ်... ၀က်သားတွေ ရောင်းတဲ့ဆိုင်မှာ ၀က်နားရွက်လေးတွေရောင်းတာတွေ့ဖူးတယ်။ ကျွန်မချစ်သူပြောခဲ့ဖူးတဲ့ နွားနရွက် သုပ်စားချင်တယ် စကားကြောင့် ဒီလို စုံတဲ့နေရာမှာ နွားနားရွက်လေးများရောင်းတာရှိမလားလို့ မျက်လုံးဝေ့ လိုက် ရှာကြည့်သေးတယ်။ မရှိဘူး။ အမြီးတော့တွေ့တယ်..း) ခေါင်းအရေခွံတွေလဲတွေ့တယ်.. ရာဘာလိုအပြားတွေ...
ကဲဒါနဲ့ဘဲ လိုရင်းကမရောက်ဘူး။ ရင်နူးရိုး၁ ကီလိုဝယ်လိုက်တယ်။ အရိုးကလေးတော့ ၁ကီလိုကနဲနဲဘဲရပါတယ်။
အသားတွေလဲ ကပ်ပါနေသေးတယ်... နောက်တော့ အသားနဲနဲထပ်ဝယ်ပီး ပြန်လာခဲ့တယ်...
ရေနဲ့သေချာဆေး..အချွဲအသားလေးတွေလှီးထုပ်ပီး... ဆားနဲ့ နယ်ပီး ၅ မိနစ်နောက်ထားထားလိုက်တယ်။ နောက်မှ ပြုပ်မယ့်အိုးကို ပူအောင်တည်ပီး အရိုးတုံးတွေထည့် အရေခွံတင်းလာအောင်ခဏ မွှေလိုက်ပါတယ်။
ဲပီးရင်တော့ ရေ ထည့်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ကြက်သွန်နီ အတုံးကြီးလှီး ပီ တော့ ထည့်ပြုပ်ပါတယ်။
မီးအေးအေးနဲ့ အချိန်ကြာကြာပြုပ်တော့ ဆီထည့်စရာမလို အဆီထွက်ပါတယ်... ကြက်သွန်နီတွေလဲနူး..
စွပ်ပြုပ်အရသာမွှေးလာပီဆိုရင်တော့ ကျွန်မအကြိုက်.. ကုလားပဲနဲနဲရေစိမ်ထားတာ ထည့်ပီး ၁ နာရီလောက် ထပ်ပြုပ်လိုက်ပီးတဲ့အခါမှာတော့ မွှေးကြိုင်ပီး အရသာ နင့် နေအောင် ကောင်းတဲ့ အမဲရိုးစွပ်ပြုပ်လေးတစ်ခွက် ရပါပီ..... ငရုတ်ကောင်းလေးနဲ့ ပူတီနံလေး သောက်ခါနီးမှာခပ်ဖို့မမေ့နဲ့အုံး...း)

မိုဘိုင်း upload

ရုံးပိတ်ရက်တစ်ရက်မှာ အိမ်ဘေးက အန်ကယ်အန်တီတို့နဲ့ မောလ် တွေဆီပါသွားတာ.. သူတို့ က တော့  nuts တွေလိုက်ရှာဝယ်တာနဲ့ ကူးကူးကတော့ ၀ယ်စရာထွေထူးမရှိတာမို့ ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံ လိုက်ရိုက်ပီးယူလာခဲ့ပါတယ်...
နံပြားလိုTortillas တစ်ထုပ်တော့ဝယ်ခဲ့တယ်။ နံနက်စာ အထဲမှာ ပဲ၊ အသီးရွက်နဲ့ cheese ထည့်လိပ်ပီး စားဖို့။ (သိပ်မကြာခင်မ၀ယ်စားတော့ဘူး..ကိုယ်တိုင်လုပ်ဖို့အစီစဉ်ရှိတယ်..လုပ်ဖြစ်မှတင်တော့မယ်၊ ၀ယ်ရတာဘဲ ပို ကုန်မလား...ကိုယ်တိုင်လုပ်မှပိုကုန်မလာမသိဘူး..ဆင်ဖိုးထက် ချွန်းဖိုးကြီးနေလဲမကိုက်ဘူးလေ)
နှင်းဆီ ခရမ်းရောင် ပထမဆုံးတွေ့ဖူးချင်းပါ... အရမ်းလှတယ်...
ထမင်းစားပွဲပေါ်အလှတင်ဖို့လုပ်ထားတဲ့ ပုလင်းရှည်လေးထဲမှာ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတွေ စီရီ ထည့်ထားတာလဲ ချစ်စရာလေးတွေ.... (လိုချင်သူများစာရင်းပေးနိုင်သည်..ပုလင်းအကြီးတော့ မရဘူး..သေးသေးလေးဝယ်ပေးမယ်)
သူတို့ရိုးရာအရုပ်တွေမဲတူးတူးနဲ့ (ကိုကြီးသူသာလျှင်တောင်သတိရမိသေး..ဟိဟိ) နားကွင်းကြီးတွေနဲ့ထိုင်နေတဲ့ သစ်သားရုပ်တုတွေ...သိမ်းဌက်တွေလဲလှတယ်...
အကြိုက်ဆုံးကတော့ မီးပုံးအနောက်က ချိတ်ထားတဲ့ အိကျီတွေပါ..နွေရာသီနဲ့တော့ တော်တော်အဆင်ပြေမှာ...
နေကြာစေ့တွေအများကြီးတွေ့လို့ ၀မ်းသာသွားတာ.. နောက်မှ ဌက်တွေအတွက် မှန်းသိတယ်.. မ၀ယ်လာပါဘူး.... (တောသူမလို့ပြောဖို့ချောင်းနေသူများသတိ)...
Healthy Option ဆိုတဲ့ဆိုင်မှာ organic productတွေဘဲရောင်းတယ်..အဲဒီမှာတော့ နေကြာစေ့အခွံနွှာပီးသား တွေကီလိုနဲ့ရောင်းတယ်.. ကူးလဲ အဲဒါတွေဘဲဝယ်စားတယ်.. အစိမ်းသက်သက်ဆိုတော့ အရသာတော့ ဘယ်ရှိ ပါ့မလဲ..အဲဒီတော့ ပန်းကန်လုံးလေးထဲကို ရေနဲနဲထည့်၊ ပဲငံပြာရည်နဲနဲထည့်၊ ချိုမှုန့် နဲနဲထည့်ပီး မွှေလိုက်တယ်။ ပီးတော့ နေကြာစေ့လေးတွေထည့်ပီး နှံ့အောင်ထပ်နယ်.. ပီးတော့ Microwave ထဲထည့် ၂၀ စက္ကန့်လောက်ဆို ထုတ်၊ အအေးခံစားလို့ရပီ..ကောင်းမှကောင်း... (မယုံရင်လုပ်စားကြည့်)
ပန်းလေးတွေအရမ်းလှတယ်.. ကျွန်မဓာတ်ပုံလိုက်ရိုက်နေချိန် သူများကြည့်ရင် မကြိုက်ဘူး.. လူတွေများတော့ တစ်ချို့နေရာလေးတွေကလွဲလို့ လူရှုပ်တော့ အမြန်ရိုက်ရတော့နဲနဲမှုန်သွားတယ်...
ဖုန်းကင်မရာတော်တော်ကောင်းတာပဲ..တစ်ခါမှမသုံးတော့သတိမထားမိဘူး....
ပုံတွေကွန်ပြူတာထဲထည့်မှသိတော့တယ်...း)


Friday, August 28, 2009

သီးမွှေးဌက်ပျောသီးပူတင်း

ဌက်ပျောသီးကို ပူတင်းလုပ်ထားတာ၊ နှစ်ပတ်လောက်တော့ကြာခဲ့ပီ။ ဒီနေ့မှာ ပုံတွေ ထည့်လို့ရတာမို တင်လိုက်ပါတယ်။ ဘာလို့ခွက်ကလေးတွေနဲ့ထည့်လဲဆိုတာ တော့သူငယ်ချင်းတွေယူသွားကျွေးရင် လွယ်အောင်လို့ပါ။ အမှန်က စက္ကူလေး တစ်ထပ်ခံရမှာ... ခွက်လေးတွေဘဲဝယ်ပီ စက္ကူအခံလေးတွေ ၀ယ်ဖို့မေ့သွားတာနဲ့။ အောက်မှာထောပတ်ဆီလေးသုပ်ထားတော့ ဖုတ်ပီးကျက်ရင်နဲနဲလောက် ဇွန်းအရှည် လေးနဲ့ ထိုးခွာလိုက်ရင်ကြယ်ပုံလေးတွေရပါတယ်။ အပျင်းပြေစားစား၊ ထမင်းစားပီး အချိုပွဲအနေနဲ့စားစား၊ အလုပ်လုပ်ရင်းဗိုက်ဆာလို့စားစား..အဟာရလဲရှိ...ဗိုက်လဲပြည့်တဲ့ ဌက်ပျောသီးပူတင်းလေးပါ။
သီးမွှေး ၆ လုံး
ဂျုံမှုန့် - ၃ ဇွန်း
ကြက်ဥ နှစ် - ၂ လုံး
နွားနို့ - ၂ ခွက်
သကြားအနည်းငယ်
ထောပတ်ဆီ ၁ ဇွန်း....
သီဟိုစေ့အနည်းငယ်



Tuesday, August 25, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ

မ၀ါ Tag ထားတာရေးပါ့မယ်။ ကူးချစ်သူတောင်မသိသေးတဲ့အကြောင်းရာမို့ သူ့ကိုပါ ဒီနေရာက နေ ကြို တောင်းပန်ထားလိုက်ပါတယ်။
ကူးကူး ၉တန်းရောက်တော့ရန်ကုန်ပြောင်းရတယ်။ ငယ်သူငယ်ချင်းကျောင်းနေဖက်တွေနဲ့ခွဲရတော့ငိုလို့မဆုံးပေါ့။ အဲဒီအထဲမှာ မအိ လို့ခေါ်တဲ့ အိအိအောင် (သူ့အမေနဲ့ ကျွန်မအမေ ဆေးရုံကြီးမှာ အခန်းတူတစ်ရက်ခြား ကျွန်မတို့ နှစ်ယောက်ကိုမွေးခဲ့ရာကတည်းကခင်ကြတာပါ) နဲ့ ကိုဖြိုး လို့ခေါ်တဲ့ လှိုင်ဖြိုးထက် (ကျွန်မမူကြိုတက်ချင်လို့ တမာပင်ပေါ်ချောင်းကြည့်တုန်းသူတွေ့သွားပီး သူ့အမေကိုအတင်းဝယ်ခိုင်းရာက သူ့အမေကျွန်မတို့ဆီရောက်လာ ရင်းနဲ့ခင်သွားတာ) ကိုတော့ အလွမ်းဆုံးပဲ။
ရန်ကုန်ရောက်တော့ ကျောင်းအသစ် သူငယ်ချင်းတွေအသစ်မှာ ကိုယ်က senior ဖြစ်မှန်းမသိဖြစ်နေပီ။ အဲဒီအချိန် သူငယ်ချင်းမလေးတွေက ဟေ့...လာပီလာပီ.. ဘယ်ညာ..ဘယ်ညာ...နဲ့လှမ်းအော်ကြတော့ ကျွန်မလဲ ယောင်ပီး လှမ်းကြည့်မိတော့ ဘောင်းဘီနက်ပြာအရှည်လေးနဲ့ အိကျီကော်လံအဖြူလေးနဲ့ ဖြူရှည်ရှည် ကောင် လေးတစ်ယောက် စာအုပ်လေးကို လက်မှာဆုပ်ကိုင်ထားပီး လျှောက်လာတာတွေ့လိုက်တယ်။
သူငယ်ချင်းတွေကပြောတာ အဲဒီကောင်လေးက ချင်းတောင်ကလာတာဆိုပဲ၊ စာအရမ်းတော်တယ်၊ သူက ၈ တန်း၊ မာနာကြီးတယ်၊ စကားနည်းတယ်။ ဂီတာတီးအရမ်းတော်တယ်တဲ့။ သူက ကျွန်မတို့ဘုရားကျောင်းက ဆရာကြီး ကြီး ရဲ့ တူလို့ပြောကြတယ်။ ကျွန်မလဲ သတိသိပ်မထားမိခဲ့ဘူး။ ကိုယ့်ထက်လဲအတန်းကငယ်၊ အဲဒီအရွယ် ဘာဆိုဘာမှကိုမသိသေးတာ။ နောက်တော့မှတ်မှတ်ရရ ၁၀ တန်းလောက်မှာ ဘုရားကျောင်းမှာ ပြဇတ်လုပ်ကြမယ်ဆိုတော့ ကျွန်မနဲ့သူ့ကို ပြဇတ်ဦးဆောင်တဲ့ဆရာမကတွဲပေးတယ်။ သူနဲ့ကျွန်မက ချစ်သူရည်း စားတွေပေါ့..ကျွန်မကငွေမက်တယ်.. အဲလိုသရုပ်ဆောင်ရတာ.. ကျောင်းတွေပြန်ဖွင့်လို့ ဆုပေးတိုင်း သူအမြဲ ဆုရ သလို၊ ကျွန်မလဲရတယ်။ အဲဒီအချိန်တွေဆိုရင် အရှေ့မှာအတူထိုင်ရတော့ အချင်းချင်းပိုသိလာတယ်။ စကားတော့ သိပ်မပြောဖြစ်သေးဘူး။ နောက်ပိုင်းဘုရားကျောင်းမှာသီချင်းဆိုတာများလာတော့ သူလဲကျွန်မ သီချင်းဆိုတိုင်း ဂီတာတီးပေးတဲ့သူဖြစ်ဖြစ်လာတယ်။ သီချင်းမဆိုခင်အတူထိုင်တယ်။ စကားတွေပြောတယ်။ ကျွန်မကသူ့ကို အမြဲ ဂေါက်တယ်လို့ပြောတယ်။ အနုပညာသမားတွေက တစ်နည်းနည်းနဲ့ ကြောင်ကြတယ်မဟုတ်လားနော်။ အမှန်က ကျွန်မလဲ နဲနဲတော့ ဂေါက်ပါတယ်။ သူကတော့ပြောတယ်.. မသိရင် တော့မာနကြီးသလိုလိုနဲ့ သိရင်တော့ ငပေါလေး တဲ့....
နောက်ပိုင်း ကျွန်မတက္ကသိုလ်ရောက်တော့ သူလဲ ကျောင်းထွက်ပီး ရိုးရိုးအစိုးရကျောင်းကို ပြန်ပြောင်းသွားတယ်။ မတွေ့ဖြစ်တော့ပေမယ့် ဒုတိယနှစ်အပီးအိမ်ပြန်တော့ တီးဝိုင်းခေါင်းဆောင်အကိုကြီးတစ်ယောက် သီချင်းဆိုဖို့အိမ်မှာလာပြောတော့ အားလဲအားနေတာနဲ့ သီချင်းဆိုမယ်ဆိုပီး နတ်မောက်လမ်း စတူဒီယိုမှာ သီချင်းသွားသွားကျင့်တယ်။ ရခိုင်ဖက်က အကိုကြီးတစ်ယောက်လဲ သူစပ်ထားတဲ့သီချင်းတွေ အခွေထုတ်ဖို့ သီချင်းဆိုပေးဖို့ကမ်းလှမ်းတာနဲ့ အတူတူဘဲ သူနဲ့ ကျွန်မ သီချင်းကျင့်တဲ့စတူဒီယိုအမြဲသွားဖြစ်တယ်။ တစ်ယောက်တည်းအပြင်ထွက်ဖို့ အိမ်ကခွင့်မပြုတာမို့ သူလာခေါ်ရင် မာမီတို့က ငယ်သူငယ်ချင်း မျက်စေ့အောက် မှာကြီးလာသူတွေဆိုတော့ အတူတူသွားခိုင်းတယ်။
သူက ကဗျာဆရာလဲဟုတ်သလို၊ ဂီတသမားလဲဟုတ်တယ်၊ ပန်းချီလဲဆွဲတယ်။ အနုပညာသမားပီပီ သူကြိုက်တဲ့ မိန်းကလေးကလဲ ဆံပင်လေးရှည်ရှည်နဲ့ ကနွဲ့ကလျ..ယဉ်ကျေးသိမ်မွေ့ နူးညံ့ စကားကိုချိုအီပျော့ပြောင်း ပြောတတ်တဲ့သူဖြစ်နေခဲ့တယ်လို့ ကျွန်မထင်ခဲ့ပါတယ်။ တစ်ကယ်လည်းသူတို့စာအဆက်သွယ်ရှိကြတယ်။ ကျွန်မနဲ့ကတော့ထုံးစံအတိုင်း သွားအတူ၊ လာအတူ... မကျေနပ်တာ၊စိတ်ဆိုးတာမှန်သမျှ သူ့ကိုအကုန်ပြော ပြလို့ ရတယ်။ သူကတော့ အမြဲနားထောင်တယ်။
ကျောင်းပီတော့ ကျွန်မဆေးရုံတက်ရတယ်။ ဆေးရုံကိုနေ့လည်ဆိုသူအမြဲရောက်ရောက်လာတယ်။ ဟာသစာအုပ် လေးတစ်အုပ်နဲ့ တစ်ခုပီးတစ်ခု လာလာဖတ်ပြတယ်... သူကဆေးရုံကို နေ့စောင့်ပေါ့.. အဲဒီအချိန် မာမီက အပြင်ထွက် ၀ယ်စရာရှိတာဝယ်...
အဲဒီအထိကို ကျွန်မစိတ်ထဲမှာ သူကျွန်မကိုချစ်နေမယ်... စိတ်ဝင်စားနေမယ်လို့လုံးဝ လုံးဝ ကိုမထင်ခဲ့ပါဘူး....
ကျွန်မအနေနဲ့လည်း သူကျွန်မဘေးမှာမရှိရင် ဘယ်လိုဖြစ်မလဲဆိုတာလဲမတွေးမိခဲ့သေးဘူးပါဘူး...
အဲဒီနောက်ပိုင်းတွေမှာတော့ အိမ်ကိုလာလာလည်ရင် သူကြိုက်တယ်လို့ ကျွန်မထင်တဲ့ ကောင်မလေးနဲ အတူ လာလာနေတော့ ကျွန်မလဲ အေးပေါ့..သူကောင်မလေးကိုဖွန်ကြောင်ပီးလည်စရာအိမ်မရှိလို့ ကျွန်မတို့အိမ် ရောက်လာတယ်ထင်ခဲ့တာဘဲ...
ကျွန်မအမေအဖေကလဲ သူအဲဒီကောင်မလေးကိုကြိုက်နေတယ် ပုံသေမှတ်ထားပီး..ကျွန်မနဲ့ ခင်မင်တာကို ဘာမှ စိုးရိမ်စိတ်မရှိခဲ့ဘူး....
နောက်..အမေဖေအိမ်ပြောင်းပီး... ကျွန်မအလုပ်နဲ့နီးတဲ့နေရာမှာ သူငယ်ချင်းတွေနဲ့ နေခဲ့တော့ သူဘဲ အစစရာရာ လိုက်ကူညီလုပ်ပေး..တစ်ကယ်ပါ..ကျွန်မတို့နှစ်ယောက်မသိရင် မောင်နှမအရင်းတွေလိုပါဘဲ..
တစ်ခုရှိတာ ကျွန်မသူငယ်ချင်းတစ်ချို့က ကရင် ဆိုတော့ ချင်းဖြစ်တဲ့ သူ့ကို လူကိုမမုန်းဘူး..လူမျိုးကို မကြိုက်တာ.. ဒီလိုဘဲ... သူ့ဘက်က လူတွေကလဲ ကျွန်မက ကရင်သွေးနဲနဲပါတော့ မကြည်ကြဘူးဆိုပါတော့..
ဒါတောင်ရည်းစားတွေမဖြစ်သေးဘူး... သူတို့အမြင်မှာတော့ ဘုရားကျောင်းတက်လဲ အတူထိုင်...ဟိုနားဒီနားသွား လဲသူကနောက်ကအမြဲလိုက်ပေးဆိုတော့ တစ်မျိုးမြင်လဲမြင်မပေါ့..
ဒါနဲ့ဘဲ ပတ်ဝန်းကျင်ဆိုတဲ့ လူတွေရဲ့ ခန့်မှန်းကောက်ချက်ချသံတွေတစ်ဆင့်ပီးတစ်ဆင့် အိမ်ကိုရောက်သွားတော့
မာမီ ၊ ပါးပါးနဲ့ မောင်လေးညီမလေးက စိတ်ဆိုးပီးအသည်းသန်ကန့်ကွက်ကြပါလေရော...
ကျွန်မလောက်ဖြေရှင်းရမှာမုန်းတာမရှိဘူး... ကန့်ကွက်တယ်ဆိုတာ စကားမပြောနဲ့ အတူမသွားနဲ့ ဘုရားကျောင်းမှာ အတူမထိုင်နဲ့..စသည်ဖြင့်...
ကဲ..ဘယ်လိုလုပ်ကြမတုန်း...ပြတ်ရအောင်ရည်းစားလဲမဟုတ်... အိမ်ကမကြိုက်လို့ နင့်ကိုမခေါ်တော့ဘူး ပြောရ အောင်လဲ သူနဲ့ကျွန်မက ရိုးသားခင်မင်တာက ဘယ်အဆင့်မှလဲမရောက်...သူ့မှာလဲ ကြိုက်တဲ့ကောင်မလေး ရှိနေတယ်လို့ ကျွန်မလဲသိထားတယ်လေ..
အဲဒီမှာ ကျွန်မ ဦးလေးလူပျိုကြီးက မာမီ့ကိုပြောပါတယ်.. အဲဒီကောင်လေးက သူနဲ့အတူလာတဲ့ကောင်မလေး ကိုကြိုက်တာမဟုတ်ဘူး..သူကြိုက်နေတာ...ဘယ်သူ...ဘာညာဆိုပီး ပြောလိုက်ရာက...
မာမီက ထပီးပေါက်ကွဲပါတော့တယ်...
ကျွန်မလဲ အရမ်းခေါင်းမာ ပီး စိတ်တိုပီးဆန္ဒပြပါတယ်..
မောင်လေးနဲ့ညီမလေးလဲ ကျွန်မကို စကားမပြောတော့ဘူး...
အဖေကတော့ လုပ်ရဲရင်လုပ်ကြည့်...တစ်ခွန်းဘဲပြောပါတယ်..
ကျွန်မကလဲ ကိုယ်ရိုးရိုးသားသားခင်မင်တာ၊ အဲဒီကောင်လေးက လူဆိုးမဟုတ်တာလဲသူတို့သိတယ်၊ နှစ်ယောက် လုံးမျက်စေ့အောက်မှာတင်ကြီးလာတာ.. အဲလိုလုပ်ရကောင်းသလားဆိုပီးပေတေပီး သူနဲ့ဆက်ခင်ပါတယ်။
နောက်ပိုင်းမှာတော့ သူမလေးရှားထွက်သွားပါတော့တယ်... အဲဒီချိန်မှာပြသနာတွေအေးသွားတယ်...
အခုချိန်မှာတော့သူကျွန်မကိုစကားမပြောတော့ပါဘူး...
သူပြန်ရောက်ပီးတစ်ရက်မှာ... ကျွန်မကိုလာတွေ့တဲ့အချိန် ကျွန်မကလဲဒီဖက်ကိုအလုပ်နဲ့ထွက်လာခါနီး ဆေးစစ်ထားတဲ့စာရွက်စာတန်းတွေ traders မှာရောက်နေတဲ့စာရင်းစစ်ကိုသွားအပေးမှာ... ကျွန်မနဲ့သူ ကို ကြည့်မရသူများထဲက နှစ်ယောက်က အတိုင်ဖောက်ညီညီနဲ့ ကျွန်မ ညနေပိုင်းကြီး ဟော်တယ်မှာ foreingner နဲ့သွားတွေ့တယ်ပြောလိုက်တယ်....အဲဒီလွဲမှားမှုကို ကျွန်မသိလိုက်ရတာ ပီးခဲ့တဲ့လ ကမှပါ... ဘယ်လောက် အချိန် တွေကြာခဲ့ပီလဲ.. ဘယ်လောက်ထိ သူကျွန်မကိုမပြောဘဲ အဲဒါကိုအစိုင်ခဲတစ်ခုလို ရင်ထဲမှာ ထည့်ထား လဲဆိုတာ သူကလွဲပီးဘယ်သူသိနိုင်မှာလဲ..
ကျွန်မကတော့ထုံးစံအတိုင်း....မရှင်းပြနေတော့ပါဘူး.. ဖြစ်သမျှအကြောင်းးးအကောင်းလို့သာ မှတ်လိုက်ပါတော့ တယ်။
သူ့ကိုလဲတစ်သက်လုံးမေ့မှာတော့မဟုတ်ပါဘူး...
..................................................................................................................................................
ဆက်ပီး Tag လိုက်ပါတယ်..

၁။ မြူးစ်
၂။ မိုးစက်အိမ်
၃။ စုဘူး
၎။ မိုးမိုး
၅။ Rita
၆။ မေလေးစ်
၇။ မမဂျာမုန်းဒုန်
၈။ ကျောပိုးအိတ်...

တစ်သက်တစ်ကိုယ် tag ဖူးသည်ရှိအောင်ပါ..နော်.. ရေးပေးကြပါ.. တစ်ခြားသူငယ်ချင်းတွေတော့ သူများတွေ tag ထားတာတွေ့လို့ ထပ် မထည့်တော့ပါဘူး..း)

Tuesday, August 18, 2009

မှိုဂျင်းမုန်ညှင်းစိမ်း

အခုတစ်ပတ်ကတော့နေရာပြောင်းတော့ ချက်ပြုတ်တဲ့တိုလီမုတ်စလေးတွေဘယ်အထုပ်ထဲ ထည့်မိမှန်းမသိဘူး။ ဟင်းချက်မယ်လုပ်မှ ကြက်သွန် ဖြူနီ လဲမတွေ့၊ ငရုတ်ဆုံလေးလဲမတွေ့၊ ဆားလဲမတွေ့ နဲ့အဆင်မပြေဖြစ်လိုက် တာ။ အိမ်ပြောင်းတော့လဲဒီလိုပါဘဲ။ ခဏပေါ့။ မြူးစ်ရဲ့ဘလော့ကမုန်ညှင်းဟင်းချိုလေးတွေ့တော့အားတက်သွား တယ်...
ဈေးနေ့က တောင်ပို့မှိုလား၊ တောမှိုတွေတောင်ပေါ်က အသည်တွေလာဆင်းရောင်းကြတာတွေ့လို့ဝယ်ထားတာ၊ သေချာတိုက်ချွတ်ဆေးကြောပီးရေခဲတဲ့အကန့်ထဲမှာထည့်ထားတာရှိတယ်။ မုန်ညှင်းစိမ်းလေးဝယ်ထားတာနဲနဲရှိ တာနဲ့၊ အမြန်ချက်လို့ရ၊ အဆင်လဲပြေမယ့်ဟင်းတစ်မယ် ဒီနေ့ နေ့လည်စာအဖြစ်စီစဉ်လိုက်ရပါတယ်။
ရုံးက function hall /cafe ထဲဝင်ပီး ကြက်သွန်ဖြူတစ်လုံးနဲ့ ဆားနဲနဲသွားတောင်းလာခဲ့တယ်။ မှိုကိုတော့ မနေ့ ညကတည်းက ရေနည်းနည်းနဲ့နွမ်းအောင် ဂျင်းအပြားလှီးထည့်ပီး နူးအောင်လုံးထားပီးသားမို့ မုန်ညှင်းကိုဘဲ ရေစင်စင်ဆေး၊ အနေတော်လှီးပီး..
ကြက်သွန်ဖြူကို ဟင်းချက်သုံးတူအသေးလေးနဲ့ ထုထားလိုက်ပီး ဆီသတ်၊ မုန်ညှင်းစိမ်း (အခါးမျိုးမဟုတ်) တွေကို ထည့် ရေထည့်၊ အရသာဆား၊အချိုမှုန့်ထည့်ပီး...ပွက်ပွက်ဆူလို့ နွမ်းရင်တော့ လုံးထားတဲ့ မှိုအကောင်လိုက် တွေကို မုန်ညှင်းဟင်းချိုထဲကိုထည့်လိုက်ပါတယ်။ မှိုအကောင်လိုက်ဆိုတာက မှိုတွေကသန်သန်မာမာတွေ၊ မနွှာတော့ဘူး..ခေါင်းကနေခြေထောက်အထိအကုန်ထည့်ပြုပ်ထားလိုက်တာ။ အခုဆိုရင်တော့ လွယ်လဲလွယ်၊ မြန်လဲမြန်တဲ့ မုန်ညှင်းနှင့်မှို ဟင်းရည်သောက်လေးတစ်ခွက်ရပါပီ။ ငရုတ်ကောင်းလေးပါဖြူးလိုက်ပါအုံး...

Sunday, August 16, 2009

ကြောင်လျှာသီး craving

အရင်နှစ်ပတ်လောက်ကဘလော့တစ်ကာလိုက်လည်ရင်း ကြောင်လျှာသီးကြော်၊ ဖုတ်၊ တင်ထားတာတွေ့တော့ စိတ်ကထိမ်းလို့မရဘူး.စားချင်တာအရမ်းဘဲ။ ဒါ..နဲ့ဘဲ.. မာမီက လူကြုံနဲ့ဘာထည့်ပေးရမလဲမေးတော့ jungle food တွေထည့်ပေးလိုက်ပါ လို့.. ကြောင်လျှာသီးလဲမမေ့ပါနဲ့လို့ မှာလိုက်တော့ သတင်းစာရွက်နဲ့ ထုပ်ထားတဲ့ ကြောင်လျှာသီး ၂ချောင်း၊ ဖန်ခါးသီး၊ ဇီးဖြူသီး၊ ဒညင်းဝက်ကြော် နဲနဲ နဲ့ ဆားမပါတဲ့ နေကြာစေ့ တွေရောက်လာ ပါတယ်။
ကြောင်လျှာသီးကိုတွေ့တွေ့ချင်းပျော်လိုက်သည်ဖြစ်ခြင်း၊ ရုံးကိုယူသွားပြီး..သူငယ်ချင်းတွေကိုအသီးရှည်နဲ့ နောက်က လိုက်ထိုးပီးစနေတာ.. သူတို့ကလဲ ဘာအသီးမှန်းမသိတော့အရမ်းကိုစိတ်ဝင်စားပီး ၀ိုင်းအုံနေကြ တာ။ တစ်ယောက်ပီးတစ်ယောက်ဝိုင်းကိုင်လို့ STOP လို့ပြောထားရတယ်။ သူတို့ကမှ jungly countries.. တွေက လာကြာတာ.. :P..
ကြောင်လျှာသီးတော့လူတိုင်းကြော်တတ်ကြတယ်ဆိုတော့ ဘယ်လိုကြော်လဲတော့မရေးတော့ပါဘူး။
၎ပိုင်းလောက် ၁ လက်မအတိုလေးတွေကိုတော့ microwave ထဲထည့်ပီး ဖုတ်လိုက်ပါသေးတယ်..
ထမင်းနဲ့စားမလားလို့ ဒီတိုင်းဘဲ ကိုက်စားပစ်လိုက်တော့တာပါဘဲ...း)
ကြောင်လျှာသီးလေးနဲ့ ထမင်းလေးနဲ့ ပဲဟင်းပူပူလေးရယ်.. ငရုတ်သီးထောင်းလေးရယ်နဲ့ စားရတာ ကောင်းမှကောင်းး..း)
အခုတစ်လော စိတ်တွေရှုတ်နေတယ်၊ မနက်ဆိုမထချင်ဘူး၊ ညဆိုမအိပ်နိုင်ဘူး...
ကျွန်မသီချင်းလေးတွေနဲ့ ကိုယ့်စိတ်ကိုယ် မြှင့်လေ့ရှိတယ်.. ဟိုကြည့်ဒီကြည့်နဲ့ Blueberry ဆိုလားကောင်မလေး တွေ သီချင်းဆို၊ အိကျီဆင်တူဝတ် ပီး က နေတာလေးက ချစ်စရာလေးတွေ... ရုပ်တွေကခပ်ဆင်ဆင် ဆိုတော့ အမွှာနဲ့တောင်တူတယ်။ (စကားချပ်၊ ကူးကူးယောက်ျားယူရင်လဲ ကလေးဆို အမွှာဘဲလိုချင်ပါတယ်)
နောက်တော့ တွင်ကယ်လ် Twinkle သူ့အသံလေးကိုကြိုက်တယ်၊ ချောင်းသာသွားခဲ့တုန်းက ဟော်တယ်တစ်ခု တည်းမှာ အတူတည်းဖူးတယ်.. ချစ်စရာလေး... ပုပုလေး..
ကတာလဲ လုံးလုံးလေးနဲ့ ချစ်ဖို့ကောင်းတယ်.. တော်ပါတယ်.. မကြည့်ရသေးသူတွေအတွက် ပါတင်ပေးလိုက် တယ်... (အကသင်ရင်ကောင်းမလားဘဲ..)

တွင်ကယ်လ် - သွားလိုရာသွားပေတော့

Thursday, August 13, 2009

ငပိရည်ကျို တို့စရာချို

ကျွန်မတို့အကြိုက်ငပိရည် ကိုစားတဲ့နေရာမှာ အမျိုးမျိုးလုပ်စားခဲ့ဖူးပါတယ်။ အရင်ကတော့ ငပိရည်ထဲမှာ ခရမ်းချဉ်သီးပြုပ်/ဖုတ် ထောင်းထည့်၊ ကြက်သွန်ဖြူ မထည့်မနေရလို့ မှတ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမျိုးမျိုးစားဖူးလာပါတယ်။ အဲဒီအထဲကမှတ်မိသလောက်လေးတွေပြောပြချင်တာပါ။ ကျွန်မစားဖူးတဲ့သိတဲ့ ငပိရည်ဖျော်နည်းလေးတွေနဲ့သူငယ်ချင်းတွေကောမန့်မှာချန်ထားပေးတဲ့နည်းလေးတွေပါ။

ငပိရည်ကျိုကို၊ ခရမ်းသီးမီးဖုတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထောင်းထည့်ပီးစားတယ်။
ငပိရည်ကျိုကို၊ ထမင်းပေါ်လောင်းချပီး၊ အချိုမှုန့်နဲနဲဖြူး၊ ငရုတ်သီးမှုန့်နီရဲအောင်ထည့်နယ်စားဖူးတယ်။
ငပိရည်ကျိုကို၊ ပူပူလေးအိုးကအချမှာ ကြက်ဥပြုတ်ကိုပါးပါးလှီးထည့်ပီး ထမင်းနဲ့နယ်စားဖူးတယ်။ (ဒါကတော့သူငယ်ချင်းနီလာရဲ့ နည်းလေးပါ)
ငပိရည်ကျိုကို၊ ငရုတ်သီးမှုန့်ဖြူး၊ ကြက်သွန်နီ တောက်တောက်စင်းထည့်ပီး စားဖူးတယ်။
ငပိရည်ကျို ထဲမှာ ငါးပြုပ် အသားတွေ နွှာပီးထည့်ထားတာလဲစားဖူးတယ်။
ငပိရည်ကျိုကို၊ ငရုတ်သီးစိမ်း တံစို့ထိုးပီးကင်၊ ခရမ်းသီး၊ ကြက်သွန်ဖြူမီးဖုတ် ထောင်းထည့်တာကို အကြိုက်ဆုံးဘဲ။
ငါးခူကိုမီးဖုတ် အသားနွင် ငါးရုတ်သီးမီကင်ထောင်း နဲ. ငါးပိရည်ကျိုရောကျို ဆူရင် နံနံပင်တွေအုပ် vista said...
ပုစွန်ခြောက် ကြက်သွန်ဖြူ နဲ့ပဲ အလွယ်ဖျော်လိုက်တယ် စူးနွယ် said...
ငါးပိရည်ကိုနနွင်းမှုန့်ထည့်ပြီးကျို။ ငါးမီးဖုတ်၊ငရုတ်သီး၊ကြက်သွန်ဖြူလှော်ထောင်းထည့်။ ငရုတ်သီးအနီမှုန့်ထပ်ဖြူးပြီးစားတယ်။ တချို့က ခရမ်းချဉ်သီးကိုမီးဖုတ်ပြီးထည့်တယ်။ နံနံကင်လေးအုပ်တယ်။ subuueain said...

တို့စရာအဖြစ်နဲ့ကတော့

သခွားသီး
ရဲယိုရွက်ပြုတ်
မုန်ညှင်းစိမ်းပြုတ်
မုန်ညှင်းဖြူပြုတ်
ဂွေးတောက်ရွက်ပြုတ်
ဘူးသီးပြုတ်
ဇီးဖြူသီး
ဖန်ခါးသီး
ခရမ်းကျွတ်သီး
မြင်းခွာရွက်
ကန်ဇွန်းနီ အစိမ်း
ကန်ဇွန်းရွက်ပြုပ်
ကြောင်လျှာသီးဖုတ်
မျှစ်ပြုပ်
ဒညင်းသီးပြု
(နဲအသီးရွက်စုံ)

ဒီရောက်တော့ ငပိရည်စားဖို့မလွယ်ဘူး။ ကျိုရင်လဲ အနံ့က လက်နဲ့ကာလို့မရ၊ လေစုပ်ပန်ကာလဲမနိုင်၊ ဒီကြားထဲကြိုဖြစ်အောင်ကြိုပါသေးတယ်။အိမ်ကအထပ်ထပ်ထုပ်ဗူးထဲထည့်ယူလာတဲ့ငပိတွေလဲချွေတာစား ရတယ်။ အများကြီးလဲမစားရဲဘူး။ အစားသောင်းကြမ်းတတ်ပေမယ့် ကိုယ့်ရောဂါ သွေးတိုးလေးကိုငဲ့နေရသေးတယ်လေ။ စင်ကာပူ ရောက်ဖြစ်ရင်တော့ ထိုင်းကငပိပုလင်းတွေ ယူလာဖြစ်တယ်။ သယ်ရတာလွယ်တယ်၊ အနံ့လဲမထွက်ဘူး၊ သူတို့ကသေချာအလုံပိတ်ထားတာကိုး။ သူတို့ငပိတွေက ကျိုလဲအကောင်ကကြေမသွားဘူး၊ သူတို့ကတော့အဲလိုဘဲစားတယ်။ ဘန်ကောက် ကအစားစာတွေကျွန်မနဲ့ခံတွင်းမတွေ့တာအမှန်ပါ။ အနံ့ရော..အီလည်လည်ဖြစ်နေတာရောပါတယ်။
သူငယ်ချင်း တွေကပြောတယ်။ စင်ကာပူရောက်ရင် ရွှေအင်းလေးမှာဘာလို့ သွားသွားစားနေလဲတဲ့..ဒီလောက်ညံ့တဲ့ဆိုင်၊ ဆက်ဆံရေးကလဲ အဆင်မပြေဘူးတဲ့...
ကျွန်မကတော့စားကောင်းတယ်ထင်တာဘဲ..အလုပ်သမားတွေက ထော်လော်ကန့်လန့်နိုင်ပေမယ့် မြန်မာချင်းချင်းဆိုတော့ သီးခံနားလည်ပေးလို့ရပါတယ်လေ.. အခြားလူမျိုးတွေသာဆိုရင်တော့ အဲလိုဆိုင်ဝေးဝေးရှောင်မယ်။
မြန်မာဆိုင် သပ်သပ်ရပ်ရပ်လေးရှိတာအဲဒီဆိုင်ဘဲသိတော့ အဲဆိုင် ဘဲသွားရတာပေါ့၊ အစားသောက်ကတော့ ကိုယ့်မြန်မာအစားစာဆိုတော့ အခြားလူမျိုးအစားတွေ မကြိုက်ဘဲ သွားစားနေမယ့်အစား.. စားလိုက်တာပါဘဲ။
မလေးရောက်တော့ ဇေယျာဆိုင်မှာ ဟင်းမကျက်သေးခင်.. (မနက် ၁၀နာရီမှလားမသိသူတို့ထမင်းစရောင်းတာ) သွားထိုင်စောင့်နေတာ.. အန္ဒိယအစားစာတွေလဲ ကြိုက်ပါတယ်။ ရွေးဆိုရင်တော့နောက်ဆုံးမကောင်းရင်တောင် မြန်မာဆိုင်ဘဲရွေးစားဖြစ်တာ။ အဓိကကတော့ ငပိရည်လေး၊ ငပိသုပ်လေး ချပေးတာ ကိုစားချင်တာ။
ရန်ကုန်ပြန်ရောက်တော့ သူငယ်ချင်းက ကျွန်မကိုထမင်းလိုက်ကျွေးမယ်ဆိုပီး ဓနုဖြူဒေါ်နု ဆိုလား၊ နာမည်မေ့နေ ပီ။ ခေါ်သွားပါတယ်။ ကျွန်မမစားတဲ့အစားတွေများတော့ ချက်ထားပီးသားဟင်းတွေလဲ ကြည့်ရတာအဆင်မပြေ တာနဲ့၊ စိတ်ထဲမှာ ညစ်ပတ်သလိုဘဲခံစားရတာနဲ့ မစားဘဲ ပြန်ထွက်လာခဲ့ပါတယ်။ အားတော့နာတယ်.. မဆီမဆိုင် စားပွဲထိုးလေးကို ခေါင်းတညိမ့်ညိမ့်နဲ့ အားနာပါးနာပြန်ထွက်ရင်းနှုတ်ဆက်နေရတဲ့ကိုယ့်အဖြစ်ကိုယ် ပြန်တွေးရင်းရီချင်တယ်။
Boracay သွားတုန်းကတော့ အစားသောက်တွေကအရမ်းကောင်းတယ်။ ကောင်းတယ်ဆိုတာကလဲ နောက်မှ chef က ရှင်းပြတယ်၊ local တွေအကြိုက်အစားသောက်စီမံတာမဟုတ်ပါဘူး၊ Koreans နဲ့ foreigner တွေဘဲ လာတာ 99% မို့အစားသောက်တွေကို ပုံစံပြောင်းထားတဲ့အကြောင်း၊ သူတို့မှာလဲ ငပိရှိတယ်။ ဘယ်လိုလုပ်လဲ တော့မသိဘူး၊ ဒါပေမယ့် မျှင်ငပိသုပ်လိုမျိုးလေး... ခွက်လေးတွေနဲ့ချချထားပေးတယ်။...အရသာတော့ ခပ်ဆင် ဆင်ရယ်ပါ။ အရမ်းလဲစပ်တယ်။
အိမ်မှာတော့ညီမလေးက ငပိရည်နံလို့တဲ့ သူကမစားဘူး။ ကျွန်မနဲ့ မောင်လေးကစားတယ်။ မာမီက တစ်ခါတစ်ခါ ဇလုံကြီးမှာ ထမင်းထည့်ပီး အစုံရောနယ်... ငပိရည်လဲပါတယ်.. အဲလိုချိန်ဆိုရင်တော့ ညီမလေးက ဇွန်းတစ် ချောင်းကိုင်ပီး မာမီ့နောက်မှာလာလာကပ်နေတတ်ပါတယ်.. ကျွန်မတို့ ကသွား ငပိရည်ပါတယ် လာမစားနဲ့ ဆိုတော့ သူက မာမီနယ်ထားတဲ့ငပိရည်ဘဲစားမယ်ဆိုပီ အတွန့်တက်ပါတယ်...
ကျွန်မငပိရည်အရမ်းကြိုက်ပါသည်။ အခုတော့ ၃လ တစ်ခါလောက်သာစားဖြစ်ပါတော့တယ်။

မြန်မာ့မြေမှ တိုင်းတပါးသို့ (၁)

ကျွန်မမြန်မာပြည်ကထွက်လာတုန်းက ကြောက်ရွံစိတ်တစက်ကလေးမှမရှိပါဘူး။ ကျွန်မချစ်သူက ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ နိုင်ငံရက်ခြားမှာကြုံတွေ့ရမယ့်အခက်ခဲတွေကိုဘယ်လိုရင်ဆိုင်ရမယ်ဆိုတာရယ်၊ လေယဉ်စီး ရင်ဘယ်လိုနေရမယ်၊ ခါးပတ်ကိုဘယ်လိုသတိထားရမယ်၊ အိတ်တွေကအစ၊ ပတ်စပို့..ကိုမိတ္တူကူးထားဖို့၊ လူများ စကားလာပြောတိုင်းမယုံဖို့ အချက်လက်တွေအများကြီးကို အသေးစိတ်ရေးထားပေးတဲ့ ၄ မျက်နှာစာရွက်ကို print ထုတ်ပီး ခပ်တည်တည်နဲ့ထွက်လာခဲ့တာပါ။ ဘန်ကောက်အထိသူငယ်ချင်းတစ်ယောက်အဖော်ပါလို့ check-in လုပ် တဲ့အခါ အဆင်ပြေပေမယ့် ကီလိုပိုလို့ ၄၀၀၀၀ လောက်ထပ်ပေးခဲ့ရသေးတယ်။ luggage အကြီးကြီးတစ်လုံး၊ အလတ် တစ်လုံး၊ ကွန်ပြူတာအိတ်တစ်လုံး၊ မှတ်မှတ်ရရ နန်းထိုက်တော်ဝင် က အင်းလေးချည်သားကို လက်ပြတ် လေးချုပ်ထားတာရယ်၊ ဘောင်းဘီရှည်အမဲ အဖြူစင်းကျားနဲ့ ၄ လက်မ ဒေါက်ဖိနပ်နဲ့ပါ၊ ဆံပင်က ကောက်ထားတာ ကိုပြန်ဖြောင့်ထားတဲ့ ကြွက်စုတ်ကေလေးနဲ့၊ TG နဲ့ လေယဉ်စတက်တော့ ပျော်လိုက်သည်ဖြစ်ခြင်း၊ ပေးသမျှအစာတွေစား၊ ရေတွေသောက်၊ မကြာလိုက်ပါဘူး ဘန်ကောက်ရောက်ရော... ဘန်ကောက်ရောက်တော့ သူငယ်ချင်းက သူ့လမ်းသူသွား၊ ကျွန်မက ဘန်ကောက်မှာ ကျောင်းတက်နေတဲ့ညီမလေးကလာစောင့်နေမှာဆိုတော့ အပြင်ခဏထွက်ပီး သွားတွေ့ပါတယ်။ ကိုးရိုးကားရား နိုင်ပါတယ်၊ ဖိနပ်အမြင့်နဲ့လျှောက်ရတာအဆင်မပြေသလို. သူတို့ပြောတဲ့ထိုင်သံဝဲ၀ဲအင်္ဂလိပ်စကားကို နားလည် အောင်ကြိုးစားရတာလဲ တစ်မျိုး၊ အပြင်ထွက်တော့ ညီမလေးနဲ့တွေ့ပါတယ်၊ သူက ငိုလို့... မတွေ့တာလဲ ၃ နှစ်လောက်ရှိပီကိုး... ကျွန်မကတော့မငိုပါ။ အိတ်ထဲက မာမီထည့်ပေးလိုက်တဲ့သူ့အတွက်ပစ္စည်းတွေပေးပီး၊ အချိန်သိပ်မရတော့ အထဲပြန်ဝင်ရပါတယ်။ အထဲရောက်ပီး လေယဉ်ဆက်စီးဖို့စောင့်နေတဲ့အခါမှာတော့ တစ်ယောက်တည်း၊ မငိုရဲသေးဘူး.. ကြောင်တောင်တောင်နဲ့လိုက်ကြည့်နေတုန်း၊ လေယဉ်ပေါ်ရောက်မှ ဘာမှန်း မသိ အဲဒီအချိန်မှမျက်ရည်တွေ စီးကျလာတော့တာပါဘဲ။ မကြာဘူး..အစားသောက်လာကျွေးတော့ အငိုရပ်ပီး ဆက်စားပါတယ်။ ပီးတော့ mp3 လေးထဲက မြန်မာသီချင်းတွေကို နားထောင်လိုက်၊ မှေးခနဲ့အိပ်ပျော်လိုက်၊ လေယဉ်က ရမ်းခါပီး အောက်ကိုနဲနဲနိမ့်သွားတော့ ရင်ထဲမှာ ဟာ ကနဲ့ဖြစ်သွားတယ်.. အပေါ်ကနေ အသက်ရှုဖို့
အောက်စီဂျင်ပိုက်တွေပြုတ်ကျလာတယ်... ကျွန်မခါးပတ်ကိုတင်းတင်းဆွဲလိုက်ပီး ပြတင်းပေါက်လေးအပြင်ကို လှမ်းကြည့်တော့မဲမှောင်ပီး တစ်ချက်ချက် လျှပ်စီးလက်တဲ အနီရောင်အလင်းတန်းတွေတွေ့တယ်။ လေယဉ်က ခါလိုက် ပြန်ထိုးတက်လိုက်..အောက်နဲနဲနိပ်လိုက်နဲ့.. ကျွန်မမကြောက်ဖူး..ပျော်တောင်နေသေး..သူများတွေကို လှမ်းကြည့်တော့ မျက်စိမျက်နှာတွေပျက်နေကြတာများ.. ကျွန်မရီတောင်ရီချင်သေး.. (ဒါပေါ့ မျက်ကန်းတစ္ဆေမ ကြောက်ဆိုတာ).. နောက်တော့လေနဲနဲငြိမ်သွားတယ်ထင်ပါတယ်... ကျွန်မနဲနဲထပ်မှေးလိုက်သေးတယ်။ ဒီဘက် လေယဉ်ကွင်းရောက်ရင်ဘာလုပ်ရမလဲဆိုတဲ့ အညွှန်းကိုထပ်ဖတ်လိုက်တယ်၊ white card ဖြည့်ပီး.ပီ..
လေယဉ် အတက် ဘီးမြေပေါ်က အကြွနဲ့..ဘီးမြေပေါ်အချ..အချိန်ကိုကျွန်မအကြိုက်ဆုံးဘဲ.. အဲဒီခံစားမှုလေး ရဖို့အတွက် အချိန်ယူပီး check-in လုပ်နေရတာ၊ လေယဉ်မထွက်ခင်စောင့်နေရတာ၊ လေယဉ်ပေါ်က အနံ့တစ်မျိုး ပါနေတဲ့အစားတွေစားနေရလဲ.. လဲရတာတန်ပါတယ်လေ..(ဒါကြောင့်လဲနောက်ပိုင်းမှာလေယဉ် စီးရမယ်ဆို လာထားဘဲ) ပစ္စည်းတွေတွန်းလှဲပေါ်တင်ပီး ထွက်လာ တယ်။ ပထမ immigration ကောင်တာဖြတ်၊ နောက်အထပ် ကောင်တာတစ်ခုထပ်ဖြတ်၊ ပီးတော့ အဆောက်ဦးထဲကထွက်ပီး လမ်းမပေါ်တန်းရောက်တာနဲ့ ခပ်တည်တည်နဲ့မတ်တပ်ရပ် စောင့်နေလိုက်တယ်၊ ဘယ်သူမှမတွေ့ဘူး.. တစ်ခြားခရီးသည်တွေက လမ်းမကိုဖြတ် နောက်အဆောက်ဦးထဲထပ်ဝင်သွားတာ တွေ့တော့ ကျွန်မလဲ သူတို့နဲ့ ရောလိုက်သွားလိုက်တယ်။ နောက်ဆုံးမှာ တော့ ကုန်းဆင်းလိုမျိုးလုပ်ထားတဲ့ နေရာမှာ ကျွန်မတွန်းလှဲအလေးချိန်နဲ့ စီးထားတဲ့ဖိနပ်နဲ့.. ပိန်ညောင်ညောင် ခန္တာကိုယ်က အင်အားနဲ့ မနိုင်တော့ ပါဘူး၊ အလုပ်သမားတစ်ယောက် သဘောကောင်းစွာ..လာတွန်းပေးပါတယ်.. နောက်သူများတွေတန်းစီလက်ပြ နေတဲ့နေရာလဲရောက်တော့ ဘယ်သူလာကြိုမလဲမသိပေမယ့် ကျွန်မရုံးက treasurer ကို သူများကြားမှာ banner ကြီးကိုင်ပီးရပ်နေတာလှမ်းတွေ့လိုက်ပါတယ်။ နဲနဲတော့ရှက်ပေမယ့် လာကြိုတဲ့သူရှိတော့ စိတ်ချမ်းသာ သွားတယ်။ သူပစ္စည်းတွေလာသယ်ပေးပီး၊ ကားပေါ်တင်၊ ကားကြီးကအကြီးကြီး၊ ကျွန်မ၀မ်းကွဲရဲ့ ယောက်ျား၊ ကျွန်မကိုတစ်ခါမှမမြင်ဖူးသေးတဲ့သူကိုပါ သူကခေါ်လာသေးတယ်။ တစ်လမ်းလုံးစကားတစ်ပြောပြောနဲ့ ၃ နာရီ လောက်တော့ကြာမယ်ထင်တယ်၊ ၀င်းခြံကြီးတစ်ခုထဲကို ၀င်ခါနီး ကားရပ်လိုက်တော့၊ ကျွန်မအပြင်ကိုလှမ်းစပ်စု ကြည့်လိုက်တာ သေနတ် အကြီးကြီးတွေကိုင်ထားတဲ့ လူ ၃ ယောက်ကိုတွေ့တော့ ရဲစခန်းများလား လို့ထင်မိသေး တယ်။ နောက် ခြံထဲကိုကုန်းစင်းလေးဝင်ပီး...ဘယ်ကွေ့၊ ကုန်းတက်လေးပေါ်ရောက်တော့ အိမ်တစ်လုံးရှေ့မှာ ကျွန်မကိုချပေးပါတယ်။ ပစ္စည်းတွေအထဲထိလိုက်ပို့ပေးပီး၊ အနားယူဖို့၊ အစားသောက်တွေ ရေခဲသေတ္တာထဲ မှာရှိ ကြောင်း၊ ညတော်တော်နက်နေလို့ ပြန်တော့မယ်အကြောင်းပြောပီး.. ကားပြန်ထွက်သွားပါတယ်...
ကျွန်မရောက်နေတဲ့အိမ်ကို တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ကြည့်ပီး၊ ပစ္စည်းတွေချ၊ ပေါင်မုန့်ထုတ်ချပေးထား တော့ အဲဒါနဲ့ butter အတုံးသေးတစ်ခုယူပီးစား၊ tv ဖွင့်ပီး.... channel တွေအများကြီးဆိုတော့ ပျော်သား... Fashion tv ကို အကြာကြီးထိုင်ကြည့်နေသေးတယ်။ ပီးမှအိပ်ပျော်သွားတယ်။
နောက်နေ့ ကျွန်မ passport ကိုလာယူပီး၊ immigration officers တွေက work permit တွေနဲ့ ခတ္တနိုင်ငံသား ကတ်တွေလုပ်ပေးတယ်၊ လက်ဗွေနှိပ်တဲ့အချိန်ကလွဲလို့ immigration ရုံးတစ်ခါမှမသွားဘူး။ မြန်မာသံရုံးကို တော့ရောက်ပီး ၂ ပတ်လောက် မှာ ရုံးကကားမနက်အစောကြီးကျွန်မကိုခေါ်သွားတယ်၊ သွားချင်တဲ့နေရာသွား၊ လိုက်ပို့ပေးတယ်။ မြန်မာသံရုံးမှာကျွန်မရောက်နေတယ်ဆိုတာအကြောင်းကြား၊ passport မိတ္တူပေး ပီး ဟို သွားဒီသွာလုပ်၊ လိုတဲ့ပစ္စည်းလေးတွေဝယ် ကားဆရာကနောက်ကတစ်ကောက်လိုက်ပီးကူသယ်ပေးပါတယ်။ ပီးတော့ ကားပေါ်တင်ပီ ကျွန်မကိုပြန်ခေါ်လာတယ်။ ရောက်ကတည်းက လိုလေသေးမရှိအောင် ရုံးကစီစဉ်ထား ပေးပါတယ်။ အစားသောက်က နေ့တိုင်း schedule ချထားတဲ့ အတိုင်း ကျွန်မနဲ့အလုပ်တွဲလုပ်မယ့်သူတွေနဲ့ ခင်မင်မှုရအောင် အတူစားရပါတယ်။ နောက်အပတ်မှာတော့ ထမင်းနဲ့ငပိရည်နေ့တိုင်းညားတော့တာပါဘဲ။ ဘာချက်ရမှန်းလဲမသိ၊ မျက်နှာသစ်နေရာသစ်မှာ ကြောင်တောင်တောင်ဖြစ်နေတော့၊ ဘာမှမချက်တတ်တာ လဲပါတယ်၊ မာမီကြော်ပေးလိုက်တဲ့ ချဉ်ပေါင်ကြော်ကို ငပိရည်ကြိုပီး နေတိုင်းအဲဒါနဲ့ပဲစားတာ ၂ပတ်တိတိ၊ မှတ် မှတ်ရရပါဘဲ၊
ပထမဦးဆုံး ဘုရားကျောင်သွားတဲ့ အပတ်မှာ ဆရာတစ်ယောက်က မြန်မာတွေ potluck ရှိတယ်၊ လာခဲ့ပါခေါ် တော့ ကျွန်မလဲပျော်ပျော်ရွှင်ရွှင်သွားပါတယ်၊ ငတ်နေတာကိုးလေ.. ဘာမှမချက်တတ်၊ အစားအသောက်တွေ လဲ လွမ်းနေပီ၊ အဲဒီနေ့မှာ မြန်မာတွေအများကြီးတွေ့..ပျော်မှာဘဲလို့စိတ်ကူးက အချိန်ရောက်လို့ မိသားစု ၂ စုနဲ့ မြန်မာ ၄ ယောက်လောက်ထပ်တွေ့တော့... အော်.. ဒီလောက်ပဲလားလို့..
အဲဒီနေ့က ကြက်ဥချဉ်ဟင်း၊ ငရုတ်သီးစိမ်းချင်းထောင်း (မညက်အောင်ထောင်းပါသည်)၊ အမဲသားဟင်း၊ ပဲပုပ်ကြော် နဲ့ စားကောင်းလိုက်သည်ဖြစ်ခြင်း..... နောက်ဆို မြန်မာအနဲစုလေး..စုကြမယ်ဟေ့ဆို မပျက်မ ကွက်ကိုသွားပါတော့တယ်။
သေနတ်ကြီးတွေတစ်ကားကားနဲ့ ရပ်နေတဲ့ခြံဝကအစောင့်တွေကို စိတ်ထဲမှာကြိတ်လှောင်လိုက်သေးတယ်။ မြန်မာတုန်းက တွေ့ဖူးတယ်၊ သေနတ်သာကိုင်တာ ကြည်ဆံမှမရှိတာ.. ..တစ်ရက်၊ လူတစ်ယောက် ခြံစည်းရိုး ကျော်ပီးဝင်လာတာ.... သေနတ်သံပြင်းပြင်းတစ်ချက်ကြားမှ တစ်ကယ့်သေနတ်တွေဆိုတာ သိတော့တယ်..
ခိုးဝင်လာတဲ့သူကို မပစ်ပါဘူး၊ သူ့ကိုခြောက်ပီး နံရံကိုပစ်တာ ဖြစ်ချင်တော့ သူက နှလုံးရောဂါရှိတော့ ဆေးရုံရောက်တော့ နှလုံးရောဂါနဲ့လန့်ပီးသေနေပီလေ..
ညဖက်ဆိုတံခါးပိတ်ပီးအပြင်ကိုလှမ်းကြည့်ရင်.. မှုန်ပြပြ လျှောက်လမ်းလေးတွေကိုသာ ထွန်းထားတဲ့ မီးဆိုင်း လေးတွေနဲ့... အချိန်နဲ့ လှည့်နေတဲ့ အစောင့်တွေကိုတစ်ခါတစ်ခါတွေ့ရတယ်။
ကြယ်ဆိုတာလဲ မမြင်ရပါဘူး...
မနက်လင်းလို့တံခါးဖွင့်ရင်.. ခပ်ပြင်းပြင်းတိုးဝင်လာတဲ့ လေတွေနဲ့ တစ်ခါတစ်လေနှင်းမှုန်လေးတွေ မြူလေးတွေ
ပါလာတတ်တယ်..
အိပ်နေရင်းကုတင်ပေါ်က ပြုတ်ပြုတ်ကျတဲ့ ညတွေရယ်၊ လမ်းလျှောက်တာနဲနဲများသွားလို့ ကြွက်တက်တဲ့ညတွေ ရယ်.. အိပ်မက်ထဲမှာ မြွေ၊ ဖား၊ တီကောင်၊ လူသေတွေလိုက်တယ်လို့ မက်တဲ့ညတွေရယ်..မှာ ညသန်းခေါင် ထထိုင် မာမီရေ...လို့အော်ငိုနေတာကလွဲလို့.. ကျန်တာတွေအားလုံး...ကိုယ့်အားထုတ်မှုပြောပလောက်အောင် မပါဘဲ..အားလုံးအဆင် ပြေနေခဲ့ပါတယ်...

Monday, August 10, 2009

ဖြစ်ပုံက... ဒီလို


ဆူခံရလို့..ဖြုတ်လိုက်ပါတယ်..းP

Photobucket

Friday, August 7, 2009

ပဲပြားခရမ်းသီးကင်နှပ်

သတ်သတ်လွတ် ပဲပြားနဲပခရမ်းသီးရောချက်ရအောင်...
potluck ရှိရင်ထုံးစံအတိုင်းခေါင်းစားရပါတယ်။ သတ်သတ်လွတ်ပဲယူသွားခွင့်ရှိတဲ့အတွက် စဉ်းစားရတာအမြဲပါပဲ။
အစဉ်သင့်ဖြစ်အောင် ညဖက်မှာပဲပြားလေးတွေအပြားရှည်လေးတွေကြော်ထားလိုက်ပါတယ်။
မနက်မှခရမ်းသီးကိုပြားပြားလှီးပီး အိုးပူပူမှာကပ်ပီးကင်တော့မယ်ဆိုမှ တစ်ကယ်ချက်မယ့်မနက်မှာ gas ကုန်သွား လို့ဗျာများခဲ့ရပါသေးတယ်။
လျှစ်စစ်မီးဖိုနဲ့ပဲ အိုးထူထူ non-stick ကိုအပူပေးပီး ခရမ်းသီးတွေကိုပါးပါးလှီးနဲနဲအညိုရောင်သန်းအောင်ကင်လိုက်
ပါတယ်။
ကြော်ပီးသားပဲပြားတွေကိုတော့ တြိဂံပုံလေးတွေဖြစ်အောင် ကတ်ကြေးနဲ့ကန့်လတ်ဖြတ်ညှပ်လိုက်ပါတယ်။
အနှစ်အတွက်ကိုတော့ ခရမ်းချဉ်သီး (၄)လုံး၊ ငရုတ်သီးအနီတောင့် ၁ တောင့်၊ ဂျင်းအနဲငယ်၊ ကြက်သွန်ဖြူနီ
အကုန် ဘလန်ဒါထဲထည့်မွှေလိုက်ပါတယ်။
ပီးရင်တော့ ဆီနဲနဲနဲ့ မွှေးကြိုင်လာအောင်ကြော်ပါတယ်။ နနွင်းနဲ့ အရောင်တင်လေးလဲထည့်ဖို့မမေ့နဲ့အုံး..
ဟင်းထည့်မယ့်ပန်ကန်လုံးကြီးမှာ ညှပ်ထားတဲ့ပဲပြားတွေရယ်၊ ကင်ထားတဲ့ခရမ်းသီးတွေရယ်ကိုစီပြီးထည့်ထား လိုက်ပါနယ်။
ဲပြီးရင်တောင့် ခရမ်းချဉ်သီး ချဉ်စပ်မွှေးမွှေးကိုအပေါ်ကနေလောင်းချလိုက်ပါတယ်။
ကြွက်နရွက်မှိုလေးတွေကိုရေစိမ်ပါးပါးလှီးပီး... ပဲငံပြာရည်လေးနဲ့ နဲနဲလှော်လိုက်ပါတယ်။။ပီးရင်အပေါ်ကဖြူးထား လိုက်ပါ...
အဆင်သင့်ဖြစ်ပီဆိုရင်တော့ ကားပေါ်တင်ပီး... potluck ကိုသွားပါတယ်... အရင်တစ်ခါပဲသီးစုံဟင်းချက်တာ အများကြီး ကျန်ပေမယ့်ဒီတစ်ခါတော့ ကိုယ်တောင်မစားလိုက်ရပါဘူး..း)

Wednesday, August 5, 2009

မိုးဦး မျှစ်စိမ်းတာလပေါ့

နွေ၊မိုး၊ဆောင်း ပုံမှန်ရာသီလိုမရှိပေမယ့် မိုးစရွာတဲ့ရာသီကိုမိုးဦးရာသီလို့ဘဲသတ်မှတ်လိုက်ပါတယ်။ အခုရက်ပိုင်းမှာမိုး က တရစပ်ကိုရွာနေတာမို့ အပြင်ထွက်ရလဲခက်ပါတယ်။ ခါတိုင်းတော့အမြဲလိုလို မိုးရွာနေပူ မုန်တိုင်းတွေဖြစ်နေ ပေမယ့် ပီးခဲ့တဲ့ အပတ်ကတည်းက ရွာလိုက်တဲ့မိုးရယ်တစ်ခါမှမစဲတော့ပါဘူး။ အိမ်ကိုလဲသတိရတယ်၊ မြန်မာပြည် ကအစာတွေလဲလွမ်းတယ်။ လုံးဝရှာမရတဲ့အစာတွေအထူးသဖြင့် ကြောင်လျှာသီး၊ ဇီးဖြူသီး၊ ဖန်ခါးသီး၊ ကတက် ချဉ်၊ အင်ဥ၊ မျှစ်... အကုန်ကိုစားချင်နေတော့တာပါပဲ။
မျှစ်ကတော့ကြံဖန်လုပ်လို့ရတဲ့အရာဆိုတော့ ကျန်တဲ့ဟာတွေကိုတော့အိမ်ကလှမ်းမှာရတာဘဲ။ မိုးဆက်တိုက်ရွာ နေတဲ့အချိန် မိုးလေးနဲနဲစဲတော့ ခြံထဲက အလှစိုက်ထားတဲ့ဝါးရုံတွေအောက်ခြေမှသွားချောင်းချောင်းနေတာ.. မနေ့ ညနေက ၀ါးပေါက်စို့လေး ၂ ခုတွေ့တော့ဝမ်းသာအားရ ဒီနေ့ ၀ါးရုံအောက်သွားမျှစ်သွားချိုးလာခဲ့ပါတယ်။
ရင်ကခပ်ခုန်ခုန်ရယ်၊ ၀ါးရုံကြီးကလေတိုက်တိုင်းကျိ ကျိကျိ နဲ့အော်နေတော့ သရဲခြောက်သလိုလို၊ အထဲကအကောင်ရှည်များ ထွက်လာမလားခပ်ကြောက်ကြောက်ရယ်။ စားချင်လွန်းလို့သာအရဲစွန့်ရသပ။
ဝါးပင်အခွံအဖတ်လေးတွေကိုခွာပီး အထဲကအနုလေးတွေရေစိမ်ပီး၊ တစ်ရေလောက်ပြုပ်လိုက်ပါတယ်။
ဆန်လှော်၊ ကြေအောင်ဘလန်ဒါနဲ့မွှေပီး မျှစ်နုနုလတ်လတ်ဆတ်ဆတ် တာလပေါ့ဟင်းလေးချက်စားဖြစ်တယ်။
လတ်ဆတ်လို့လားတော့မသိ..အရသာလဲရှိ၊ ချိုလဲချို၊ မျှစ်လေးတွေဆတ်ဆတ်လေးနဲ့မိုးအေးအေးမှာ အရမ်းသောက်လို့ ကောင်းပါတယ်။ ကျမ်းမာရေးလိုက်စားသူများအတွက်သင့်တော်မှာပါ..ဆီလဲမပါပါဘူး။
တာလပေါ့ချက်ဖို့ကတော့ထုံးစံအတိုင်း
ဆန်မှုန့်
စိမ်းစားငပိအနည်းငယ်
ကြက်သွန်ဖြူနီ
ငါးပြုပ် (အသား)
ငါးငံပြာရည်အနဲငယ်... ဆိုရပါပီ..း)
ချစ်ပေါက်စ်.. ကတာလပေါ့ချက်နည်းလေးရေးပါပြောလို့ထပ်ရေးလိုက်တယ်။ ချက်နည်းကတော့ တူချင်မှတူ မှာပါ။ ဒါပေမယ့်ခြုံကြည့်ရင်တော့အတူတူပါဘဲ..
ပထမဆုံး
၁။ ရေနွေးကိုပွက်ပွက်ဆူအောင်တည်ထားပါ
၂။ ဆန်ကိုလှော်ပီးညက်နေအောင်ထောင်းပီး.. ရေနွေးလေးနဲ့ ခွက်တစ်ခုတည်းမှာအရေဖျော်ထားပါ။
၃။ ရေနွေးပွက်ပွက်ဆူထဲကိုဆန်လှော်မှုန့်အရည်ကိုလောင်းထည့်ပါ။(အများကြီးမလိုပါဘူး..ဆန်ကပွလာအုံးမှာမို့)
၎။ ငါးကိုငံပြာရည်လေးနဲ့ပြုပ်ပီးအသားနွှာထားပါ၊ အနည်းငယ်ကိုဟင်းအိုးထဲခတ်ပါ။
၅။ ကြက်သွန်ဖြူ၊နီ ကိုမညက်တစ်ညက်ထောင်းပီး ဟင်းရည်အိုးထဲထည့်ပါ၊ ဆားထည့်ပါ
၆။ စိမ်းစားငပိအနည်းငယ်ကိုအရည်ဖျော် လောင်းထည့်ပါ။
၇။ မျှစ်အစိမ်း (သို့)အပြုပ် ((သို့) ပိန္နဲသီးအနု၊ ကင်ပွန်းချဉ်၊ ပတတ်စာ၊ ကြိုက်ရာဟင်းရွက်) ကိုပါးပါးလှီးထည့်ပါ။
၈။ ဆန်မှုန့်လဲပျစ်လာပီ၊ မျှစ်လဲကျက်လောက်ပီဆိုရင်တော့ အရသာမြည်းပီး ပူပူနွေးနွေးသောက်လို့ရပါပီ။

Tuesday, August 4, 2009

သူ့နည်းသူ့ဟန်


တောမကျမြို့မကျတောမြို့လေးတစ်နေရာမှာ အဆောက်အုံကြီးကြီးတစ်ခုဆောက်ပီး တစ်ခြမ်းကိုဆိုင်ခန်းဖွင့်ထား သတဲ့။ ကုန်စုံဆိုင်ပစ္စည်း လဲစုံ၊ အကုန်စုံရလို့ရွာသူရွာသားတွေဝယ်ကြတာပေါ့.. တစ်ခုဘဲ..ဆိုင်မှာထိုင်ရောင်းတဲ့သူ ဆက်ဆံရေးတစ်စက်မှအဆင်မပြေဘူး။ အပြောဆိုကလဲကြမ်း၊ ကုန်စုံလာဝယ်တဲ့သူတွေကိုလဲသူခိုးဖမ်းတဲ့မျက်လုံး နဲ့ (ရန်ကုန်က စူပါဝမ်းက မမတွေကိုသတိရမိပါရဲ့) ဒေါက်ထောက်ကြည့်နေသေးသတဲ့..ရွာသားတွေအကြားရေပန်းစားနေတာပေါ့..ညနေရေခပ်ဆင်းချိန်၊ထင်းခွေ ချိန်၊ ခြင်းခတ်ချိန်တွေမှာ အဲဒီစတိုးဆိုင်ကမိန်းမအချိုးမပြေတဲ့အကြောင်းပြောစရာတစ်ခုလိုဖြစ်နေတော့တာပေါ့။ ရွာသားတွေလဲဒီလိုဆိုင်မျိုးဝယ်မယ့်အစားသိပ်မဝေးတဲ့ မြို့လေးပေါ်တက်ကုန်စုံဝယ်ကြသတဲ့။
သိပ်မကြာပါဘူး..အဲဒီစတိုးဆိုင်ဘေးကအခန်းမှာ ဆိုင်လေးအသစ်တစ်ခုထပ်ဖွင့်လာတယ်၊ ဆိုင်ရှင်ဆက်ဆံရေး ကောင်းပုံများ လာဝယ်သူတိုင်း စိတ်ချမ်းမြေ့ကြရသတဲ့။ လူ့သဘာဝ ရွဲ့ချင်၊စောင်းချင်စိတ်လေးအရင်းခံလဲရှိတော့ အသစ်ဖွင့်တဲ့ဆိုင်မှာပုံအောပီးလူတွေဝိုင်းအုံးဝယ်ကြတုန်း ပထမဆိုင်မှာတော့ ၀ယ်သူတစ်ယောက်မှမရှိ ဆိုင်ရှင်လဲ ယပ်တောင်တစ်ခပ်ခပ်နေအလုပ်မရှိထိုင်နေရသတဲ့...
ဒီလို..ဒီလို..နဲ့ အချိန်ကာလတစ်ခုကြာမြင့်ပီးနောက် စတိုးဆိုင်နှစ်ဆိုင်လုံးပိတ်၊ အဲဒီကလူတွေလဲပြောင်းသွားကြ သတဲ့။ အဲဒီအိမ်အဟောင်းကြီးကိုလဲပြုပြင်မယ့်လက်သမားတွေရောက်လာ.. ရွာသားတွေကလဲစိတ်ဝင်စားသွား ကြည့်တဲ့အခါ... ဆိုင်ခန်းနှစ်ခု ကနံရံသာခြားပေမယ့် အလယ်မှာတံခါးပေါက်တစ်ခုဖောက်ထားတာကို တွေ့လိုက် ရပါသတဲ့..ကွယ်....
(marketing subject တစ်ခုယူတုန်းက ဆရာကစာမသင်ခင် alert ဖြစ်အောင်ပြောပြဖူးတဲ့ ဟာလေးသတိရမိလို့ပါ)

Sunday, August 2, 2009

ထမင်းဘူး ကိုဖွင့်

အသက် (၄)နှစ်မှာကျောင်းစတက်တော့ မှတ်မှတ်ရရလွယ်အိတ်လေးတစ်လုံး၊ ထမင်းဗူးလေးတစ်ခုနဲ့ အော်ငိုတာ ဗြောင်းဆန်နေအောင်ပါဘဲ။ အမှတ်(၁၆) အထက၊ မန္တလေးမှာပေါ့။ ကျောင်းတံခါးကြီး ဂျိန်း ဆိုပီးပိတ်သံနဲ့အတူ ကျွန်မနဲ့ ကလေးများပေါင်းစုံအော်ငိုသံကဆူညံသွားခဲ့တာအမှန်ဘဲ.. အဲဒီထဲမှာအဆိုးဆုံးက ကျွန်မ။ ဆရာမတွေ လိုက်ဖမ်း၊ ကျွန်မကထွက်ပြေး၊ မုန့်ဆိုင်တွေဆီပတ်ပြေး၊ ကျောင်းဝင်းသံတိုင်နားမှာတစ်ချိန်လုံးရပ်ပီးထစောင့်နေတဲ့ ပါးပါး ဆီကိုပြေးတာ၊ ပါးပါးက ဒီကနေလှမ်းကြည့်နေမယ်။ ကျောင်းခန်းထဲသွားဝင်လို့ပြောတယ်။ ကျောင်းခန်းပြတင်းပေါက်နားမှာထိုင်ပီး ငိုယိုပီး ခြံစည်းရိုးနားမှာရပ်နေတဲ့အဖေ့ကိုလှမ်းကြည့်ရင်းနဲ့ တစ်လကျော်ကြာတဲ့အခါ ကျောင်းပျော်ဖြစ်သွားပါတယ်။ ငယ်ငယ်တည်းက မုန့်ဖိုးဆိုတာတောင်းဖို့စိတ်မ၀င်စားသလို၊ အခြားအတန်းဖော် ကလေးတွေမုန့်စားဆင်းချိန် မုန့်ဆိုင်ပြေးတဲ့အချိန်ကျွန်မကတော့ အိမ်ကထည့်ပေးတဲ့ထမင်းဘူးကိုဝါးတီးဖွင့်နေ ခဲ့ပါတယ်။ ထမင်းစားဆင်းချိန် ဆိုရင်တော့ အိမ်ကိုပြန်ပီးထမင်းစားတယ်။ ပိန်လှီလှီလေးနဲ့ကျွန်မ ထမင်းတော့ အများကြီးစားပါတယ်။ တစ်ရက် ၅ ခါလောက်ပုံမှန်ကိုစားတယ်။ ကျောင်းဆင်းတာနဲ့ အိမ်ကသိပ်မဝေးတော့ အိမ်ပြန်ထမင်းစားပါတယ်။ ထမင်းစားပြီးရင်တော့ အမေက စက်ဘီးနဲ့ နောက်ခုံကိုကျွန်မကိုတင်ပီး ဆေးရုံ ခေါ်ခေါ်သွားပါတယ်။ နေ့တိုင်းဘဲ။ နန်းတွင်းထဲက စစ်ဆေးရုံကိုခေါ်သွားတယ်။ ဆေးထိုးပီးပြန်လာရင် တစ်လမ်း လုံးစက်ဘီးနောက်မှာထိုင်ပီး အော်ငိုလာတယ်။ ဆေးထိုးထားတဲ့တင်ပါးကိုလဲလှန်ကြည့်သေးတယ်။ ငယ်ငယ်တုန်းကတော့ရှက်ရမှန်းလဲမသိပါဘူး။ အိမ်ရောက်ရင်အန်တီလေးက ရေနွေးကိုပုလင်းထဲထည့် ပီး ဆေးထိုးထားတဲ့နေရာကိုလှိမ့်ပေးတယ်။ နေ့တိုင်းဆေးထိုးရတော့တင်ပါးနှစ်ဖက်လုံးအပ်ရာတွေနဲ့လေ။
မုန့်စားဖို့စိတ်မ၀င်စားခဲ့ပေမယ့် မုန့်ဆိုင်တန်းကရေခဲခြစ်ကိုတော့အရမ်းစားချင်တယ်။ နို့ဆီကိုရေခဲခြစ်အလယ် လေးမှာဘဲ ဖျန်းပေးရင်ဈေးသက်သာတယ်၊ ရေခဲခြစ်တစ်ခြမ်းလုံးအပြည့်ဖျန်းရင်ပိုဈေးကြီးတယ်။ ပါးပါးက တစ်ခါတစ်လေမုန့်ဖိုးပေးတယ်။ ကျွန်မကျောင်းတက်တုန်းကအိကျီကမိန်းကလေးအိကျီလဲမဟုတ်ဘူး၊ အိတ်ကပ် နှစ်ဖက်နဲ့၊ အဲဒီအိတ်ထဲမှာ မုန့်ဖိုးလေးတွေထည့်ထည့်ထားတယ်။ မိန်းကလေးအိကျီစ၀တ်တာ ၆ တန်းရောက် မှပါ။ ထမီနဲ့ အိကျီနဲ့။ ကျောင်းမသွားခင်ထမင်းအ၀စားပီး ထမင်းချိုင့်လဲ မာမီကထည့်ပေးတယ်။ မုန့်စားဆင်းချိန် ဆိုထမင်းချိုင့်ဖွင့်စားတယ်။ ထမင်းချိုင့်ကိုကျွန်မအရမ်းနှစ်သက်တယ်၊ အထူးသဖြင့်ဘာထည့်ပေးလိုက်လဲ မသိရင် ပိုစိတ်ဝင်စားပီး ထမင်းစားချိန်ရောက်ဖို့ဘဲစိတ်စောနေတော့တာပါဘဲ။ ရန်ကုန်ပြောင်းပီးကျွန်မမိဘတွေ နဲ့ခွဲအဆောင်မှာနေတော့ ကျောင်းချိန်တွေကြားမှာ ထမင်းစားချိန်ရှိတော့ ထမင်းဘူးဆိုတာအလှမ်းဝေးပေါ့။ အလုပ်ဝင်တော့လဲ အိမ်နဲ့နီးတော့ထမင်းပြန်စားဖြစ်တယ်။ နောက်ပိုင်းတစ်ယောက်တည်းနေတော့ ထမင်းချိုင့် လေးထည့်ပီးရုံးသွားတယ်။ ကျွန်မနဲ့ထမင်းအတူစားဖော်ကတော့ကွန်ပြူတာဆရာမလုပ်နေတဲ့ အထွေး ပေါ့။ သူကလဲ တစ်ခါတစ်လေကျွန်မကြိုက်တာတွေချက်ချက်လာပေးတယ်။ ဥပမာ ဒညင်းသီးကြော်၊ အမဲအူပြုတ်၊ စသည်ဖြင့်၊ ပါးပါးနဲမာမီတို့က မြောက်ဒဂုံဖက်ကိုပြောင်းသွားပေမယ့်တစ်ရက်တစ်ခါ ကျွန်မရှိတဲ့ရုံးကို တစ်ယောက် ပီးတစ်ယောက်ပုံမှန်ရောက်လာတတ်ပါတယ်။ ထမင်းချိုင့်လာလာပို့ပေးတာပါ။ တစ်ချို့ ရက်များဆို ကျွန်မနဲ့အထွေးထမင်းမြိန်ရည်ရှက်ရေ၀ါးနေတုန်း အဖေရောက်လာလို့စားနေတာတွေအသဲသန် ဖွက်ထားရတာလဲရှိတယ်။ အထွေးကိုအမေတို့ကမှာထားတယ်၊ သူနဲ့မတည့်တာတွေမချက်လာပါနဲ့၊ ချက်လာ ရင်တစ်ယောက်တည်းစားပါ သူ့ကိုမကျွေးပါနဲ့လို့ မှာထားပေမယ့် ကျွန်မက အရမ်းစားချင်တော့ အထွေးကလဲ သနားလို့ကျွေးပါတယ်။း) ကျွန်အဝေးတစ်နေရာအလုပ်နဲ့ထွက်သွားပီးနောက်မှာတော့ ထမင်းဘူးဆိုတာ မရှိ တော့သလို၊ ထမင်းဗူးထဲမှာဘာပါမလဲဆိုပီး ရင်ခုန်နေရတဲ့အရသာလဲ မရှိတော့ပါဘူး။
အခုချိန်မှာတော့ ဒီက local ပြည်တွင်းအလုပ်သမားတွေက အပြင်မှာနေကျတော့ ထမင်းဘူးထည့်ရတာသူတို့ အတွက်အလုပ်တစ်ခုလိုဖြစ်နေတယ်။ function hallမှာစုပီးစားကြတယ်။ ကျွန်မတော့အိမ်ပြန်စားတယ်။ ပီးခဲ့ တဲ့ ၃ပတ်လောက်က ပြောင်းသွားတဲ့ african မိသားစု အိမ်မှာအလုပ်လုပ်တဲ့ အန်တီကြီးက အလုပ်မရှိတော့ တာနဲ့ထမင်းဘူးလေးထည့်ပီး ရောင်းပါတယ်။ မနက် ၈း၃၀ဆိုထမင်းဗူးလေးတွေလိုက်လိုက်ဝေတယ်။ တစ်ဗူး ကို ၂ဒေါ်လာလောက်ဘဲကျပါတယ်။ ကျွန်မကတော့အစားရွေးတတ်လို့၊ ပီးတော့သူတို့အစားတွေလဲ ခံတွင်းမတွေ့ ဖြစ်လို့ ထမင်းဗူးထဲဒီနေ့ဘာချက်လဲ ဆိုတာချောင်းကြည့်တာကလွဲပီး မမှာစားကြည့်ဖြစ်ခဲ့ဘူး။
အရင်တစ်ပတ်ကတော့သူငယ်ချင်းကခရီးထွက်သွားတော့ သူမှာထားတဲ့ထမင်းဗူးလေးတွေ နေ့တိုင်းကျွန်မဆီ ရောက်ရောက်လာပါတယ်။ ကျွန်မလဲ အိမ်ယူယူလာပီး ဘူးလေးထဲကအတိုင်းစားပါတယ်။ ငယ်ငယ်တုန်းက ဘ၀ ကိုသတိရတယ်၊ ထမင်းဘူးထဲကိုထည့်ပီးပြင်ဆင်ပေးတဲ့ အမေတို့ကိုလဲ သတိရတယ်၊ ထမင်းဘူးထဲ ကိုယ်စားချင် တာလေးတွေချက်ချက်လာပေးတဲ့သူငယ်ချင်းကိုလဲသတိရတယ်။။ ထမင်းဘူးထဲမှာ ခံစားချက်တွေ အများကြီးပါတယ်။ ကျွန်မတစ်ခါမှမမြင်မိခဲ့ဘူး။ အွန်လိုင်းဘလော့တစ်ခုမှာ အမတစ်ယောက်သူ့ယောက်ျားကို ထမင်းဘူးလေးထည့်ပေးတာအမြဲတင်တင်ထားတတ်တယ်။ ကျွန်မသွားသွားကြည့်တယ်၊ ကြည့်ပီး ဒီနေ့သူ ဘာများချက်ပေးမလဲ ဘာတွေထမင်းဘူးထဲပါမလဲဆိုပီး ရင်ခုန်နေရတဲ့အရသာလေးကိုကြိုက်တယ်။ ဘူးထဲကို ဘာထည့်ပေးရင်ကောင်းမလဲ၊ ဘယ်လိုလေးချက်ထည့်ပေးမယ်ဆိုပီး စိတ်ကူးလေးနဲ့ပုံဖော်နေတဲ့ ချက်ပေးသူ ရဲ့ ရင်ခုန်သံတွေကိုလဲ ထမင်းဘူးထဲမှာ ခံစားလို့ရပါတယ်။

ပဲပြားလုံးလေးတွေနဲ့ ဆော့စ်၊ ပဲသီး၊ ငရုတ်သီးအရွက်နဲ့ ရွှေဖရုံသီးကို မြေပဲအနှစ်နဲ့ချက်ထားတာပါ။
အစိမ်းကြော်နဲ့ အသားတုအပြားကိုကြော်ပီးအထဲမှာ cheese နဲ့ သခွားသီးအချောင်းလေးတွေကိုလိပ်ထားတာပါ။

 
Powered by Blogger