Pages

Monday, September 28, 2009

Fly back to Me တဲ့.. ဘယ်လိုလုပ်မတုန်း

အရင်အပတ်က မေးလ်ထဲကို တစ်စုံတစ်ယောက်သောသူပို့လိုက်တဲ့ မူဗီ ဖိုင်လေးပါ...
အစကတော့ ignore လုပ်ထားမလို့ပါဘဲ... နေ့လည်ထမင်းစားချိန် မရောက်သေးခင် ခေါင်းနောက်လို့ ခဏ နားနေရင်နဲ့ အဲဒီဖိုင်လေးသွားကလစ်မိတော့ ပုံလေးတွေပါ..ပါလို့ဆက်ကြည့်လိုက်တယ်...
လေးဖြူသီချင်းဆို ကျွန်မ တစ်ခါမှနားထောင်တာမဟုတ်၊ ခံစားလို့လဲမရ..ဒါပေမယ့် ဒီဟာလေးတော့ ကြည့်ရင်း နဲ့ ထိုင်လဲရီ၊ ရီတော့ သူငယ်ချင်းတွေပါလာဝိုင်းကြည့် သူတို့ကတော့ ဘယ်နားလည်မလဲလေ... အင်္ဂလိပ်လို ရေးထားတာ မြန်မာကဒါရိုက်ပြန်တော့ သူတို့အတွက် အထူးဆန်းဖြစ်နေတာပေါ့..
ကျွန်မကလွဲလို့ဘယ်သူက ခံစားနိုင်မလဲလေ...ဒါပေမယ့်လုပ်ထားတဲ့ ပုံလေးသဘောကျလို့  ချစ်သူနဲ့ အဆင်မပြေသူများ၊ ချစ်သူကိုယ့်ကိုအလိုမကျဖြစ်နေသူများ၊ ချစ်သူက ထားခဲ့သူများ.... ၀မ်းသာ ၀မ်းနည်း ပြုံးစိစိလေးဖြစ်အောင်တင်ပေးလိုက်ပါသည်။


Sunday, September 27, 2009

ဆန်ခေါက်ဆွဲကြက်သားပြုပ်

ညနေပိုင်းတွေမှာ အပြင်ကမိုးကသဲကြီးမဲကြီးရွာ၊ မိုးစက်သံတွေဆူညံတာကြောင့်အိပ်ရာထဲ မှာကွေးနေရင်း ထမင်းချက်၊ဟင်းချက်ဖို့ mood မလာတာကြောင့် အပြုပ်လေးဘဲစားမယ်လို့စဉ်းစားပီး ဆန်ခေါက်ဆွဲပြုပ်စားဖို့ ပြင်ဆင်လိုက်ပါတယ်။ ဆန်ခေါက်ဆွဲက တစ်ထုပ်ဝယ်ပီး တစ်ဝက်တစ်ပြတ်သိမ်းထားရင်နောက်မစားဖြစ် တော့တာများလို့ အပီးသတ်ဖို့ကြံစည်ရပါတယ်။
ဆန်ခေါက်ဆွဲ အနည်း ငယ် (thai ကလာတဲ့ ဆန်ခေါက်ဆွဲခြောက်ထုတ်ကိုသုံးပါတယ်)
မြေပဲဆန် အစိမ်း ၇ ဆံ
ကြွက်နားရွက်မှို အနည်းငယ်
ကြက်ဥ ၁ လုံး
မှိုလုံး (သို့) အသားလုံး ၄ လုံး
မုန်လာထုပ်ဖြူ အနည်းငယ်
ကြက်ရင်အုံသား အနေတော် ၃ တုံး
ဂျင်း လက်တစ်ဆစ်
ကြက်သွန်ဖြူ ၄ မွှာ (တောက်တောက်စင်းဆီချက်သတ်ထားပါ)
ငရုတ်ကောင်းမှုန့်

အိုးပူလာတာနဲ့ နှမ်းဆီလေးနဲနဲထည့်ပါ။ ဂျင်းကို ဓါးပြားရိုက်ပီး မွှေးလာအောင်နဲနဲကြော်လိုက်ပါ။ ပီးရင်တော့ ကြက်ရင်အုံးသာ ၃ တုံးကိုထည့် အပေါ်ယံအရေခွံတင်းသွားအောင်နဲနဲဆက်မွှေလိုက်ပါ။
ရေကို ကြက်သားနူးလောက်တဲ့အတိုင်းတာထက် ပိုထည့်ပီး ပွက်ပွက်ဆူအောင်တည်ထားပါ။
ပီးရင်တော့ ကြွက်နရွက်မှို ပါးပါးညှပ်ထည့်၊ မုန်ညှင်းဖြူလေးတွေထပ်ထည့်ပါ။
ဆီချက်သတ်ထားတဲ့ ကြက်သွန်ဖြူကို ထည့်ပီး ဆူနေအောင် အနံ့မွှေးလာအောင်ဆက်စောင့်ပါ။
အိုးထဲက ကြက်သားတုံးလေးတွေလဲကျက်၊ မှိုနဲ့ မုန်ညှင်းထုပ် လေးတွေကျက်ခါနီးလောက်မှာ
အသားလုံး (သို့) မှိုလုံးလေးတွေနှစ်ခြမ်းခြမ်းထည့်ပါ၊ ပီးတာနဲ့ ကြက်ဥတစ်လုံးကို ဖောက်ပီးအကာသတ်သတ်
ဖယ်ထားပါ၊ အနှစ်ကိုတော့ အိုးထဲအရင်ထည့်လိုက်ပါ။
ကြက်ဥအကာကို ငရုတ်ကောင်းဖြူးပီး ခေါက်ထားပါ...ပီးရင် ဟင်းရည်အိုးထဲ နဲနဲလောင်းထည့်၊ မွှေလိုက် လုပ်ပါ။
ဆား၊ ကြိုက်တတ်ရင် knorr ကြက်သားခဲမှုန့်နဲနဲ အချိုမှုန့်အစားသုံးပါ၊ ငံပြာရည်နဲနဲလေးထည့်ဖို့ မမေ့နဲ့အုံးနော်။

ဆန်ခေါက်ဆွဲကိုတော့ ပြုပ်ပီး ရေစစ်ထားပါ။ စားခါနီးမှ စွပ်ပြုပ်အရည်နဲ့ ရောစားရင်ရပါပီ။
အအီပြေလေးအတွက် တော့ ငရုတ်သီးစိမ်းလေးတွေပါးပါးလှီး ပီး သံပုရာရည်ထဲ ၂ နာရည်လောက်စိမ်ထား လိုက်ပါ။ အရသာလဲရှိ၊ အဟာရလဲပြည့်စုံ၊ အားလဲရှိမယ့် ဆန်ခေါက်ဆွဲ ကြက်သား စွပ်ပြုပ်လေးပါ။

ဆန်ခေါက်ဆွဲသုပ်

မနေ့ညနေက အွန်လိုင်းမှာ မမလုလု နဲ့ လေပေါ နေရင်းနဲ့ ညနေစာစားချင်စိတ်မရှိတဲ့အကြောင်းပြောတော့ မမလု က ခေါက်ဆွဲသုပ်စားပါလားလို့ အကြံပေးတယ်။ သူလဲခေါက်ဆွဲသုပ်စားနေတာ အရမ်းကောင်းတယ် ရှလွတ် ဆိုတော့ ကူးကူးက ဒီဘက်ကနေဗိုက်ဆာလှပီ.. မလုရေ ခေါက်ဆွဲသုပ်ဖို့ ကြက်သားမရှိဘူးဆိုတော့ သူက ကြက်သားမလိုဘူး..ပြောပြမယ်ဆိုပီး သုပ်နည်းလေးပြောပြပါတယ်။ ကူးကူးထပ်အတွန့်တက်ပါသေးတယ်.. ပဇွန်ခြောက်မှုန့်ထည့်ရင် ညှီမှာပေါ့... အဲဒီအနံ့ကြီး မကြိုက်ဘူး ဆိုတော့ မလု က ပုဇွန်ခြောက်လေးကို ဒယ်အိုးလေးနဲ့ လှော်လိုက်လေ..ပိုတောင်မွှေးသွားသေးတယ်တဲ့။
ကဲဒီတော့ ခေါက်ဆွဲသုပ်လေးလုပ်ဖို့ စိတ်ကဆုံးဖြတ်ပီးသားဖြစ်သွားရော။ မမဂျာမုန်း လဲခေါက်ဆွဲတွေသုပ်ထားတာ အားရပါးရဘဲ။ အဲဒီကတည်းကစားချင်စိတ်က တစ်ဖွားဖွားပေါ်နေတာ... ၀လာတာလဲ မဆန်းပါဘူး။ ဟင်းချက်တဲ့ဘလော့တွေမှာဘဲ လိုက်ကျင်လည်နေတာကိုး။ ခေါက်ဆွဲသုပ်မယ်လုပ်မှ စပါဂတီလုပ်တဲ့ ခေါက်ဆွဲခြောက်က ပိုးတက်နေပီ.. စားလို့မရတော့ဘူး။ ဆန်ခေါက်ဆွဲဖတ်အခြောက်ပဲကျန်တော့တယ်။ မုန့်ဟင်းခါးဖတ်လေးသုပ်စားဖို့ပြင်ဆင်လိုက်ပါတယ်။

ဆန်ခေါက်ဆွဲကိုပြုတ်
ကြက်သွန်၊ဖြူ၊နီ ငရုတ်သီးအနီလေးတွေပါ -တောက်တောက်စင်းပီး နနွင်းမှုန့်ထည့် ဆီချက်လုပ် (ဆီချက်တွေခပ်ထားပီး)
ပုဇွန်ခြောက်သေးသေးလေးတွေနဲ့ မြေပဲဆန်လေးတွေ ထည့်လှော်
ဂေါ်ဖီပါးပါးလှီးပီး ရေဆေးပီးစစ်ထား
ပဲမှုန့်အကျက်
သံပုရာသီးလေး ၂လုံး (မန်ကျည်းမှည့်ရှိရင်ပိုကောင်းမှာနော်.. ကျွန်မမှာမန်ကျည်းမှည့်မရှိတော့လို့)

မုန့်ဖတ်ကျက်ရင်တော့ ဇကာထဲရေစစ်ပီး၊ ရေအေးလေးနဲ့ထပ်ဆေးလိုက်ပါတယ်။ ပီးရင်တော့ အဆာပလာလေးတွေ အကုန်ထည့်ပီး သမအောင် လက်နဲ့စိတ်ကြိုက်နယ်ပေတော့။ ပီးရင်တော့ ဟင်းခါးကိုစိတ်ကြိုက်ချက်ပီး တွဲစားပါလေ။
ကောင်းမှကောင်း... ကူးကူးတော့ ကြက်သွန်ချိုချဉ်လေးပါတွဲစားလိုက်ပါတယ်လေ...

ဒါက အစိမ့် သုပ်

ဒါလေးကတော့ ချဉ်ငံစပ်သုပ်



အသုပ်ဆို အကုန်ကြိုက်ပီး လောလောဆယ် ဘုံပျောက်နေတဲ့ ညီမလေး ထောပတ်သီး နဲ့ ကူးချစ်သူလဲ ပုံလေးငမ်းနိုင်ပါစေနော်.. ဟိဟိ နောက်မှ ကိုယ်တိုင်သုပ်ကျွေးမယ်။

Thursday, September 24, 2009

ပန်းပွဲတော်

ပန်းပွဲတော်တုန်းက တောင်ပေါ်မှာတက်ရိုက်ထားတဲ့ ပုံလေးတွေကို ပြန်စုပီးတင်ပေးလိုက်ပါတယ်.. ကဗျာတော့ ဆန်ချင်မှဆန်မယ်။ သဘာဝတော့ကျမှာပါ။
ပန်းဆိုတာ လူတွေစိတ်ကို ပျော်ရွှင်ကြည်နူးမှု့ပေးတဲ့ ဘုရားဆီကအလကားရတဲ့လက်ဆောင်လို့ ပြောလို့ ရအောင်ကို စိတ်ချမ်းသာကြည်နူးဖို့ကောင်းပါတယ်။

Tuesday, September 22, 2009

မုန့်လုံးလေး နှင့် မုန့်ကြာစိ

အရင်တစ်ခါမုန့်လုံးရေပေါ်လုပ်တုန်းက ဆန်မှုန့်နဲ့ ကောက်ညှင်းဆန်ကိုယ်တိုင်အမှုန့်လုပ်တော့သိပ်အဆင် မပြေဘူး ဖြစ်နေတာ။ အခုတစ်ခါတော့ ဆိုင်က ဆန်မှုန့်နဲ့ကောက်ညှင်းဆန်မှုန့် ၀ယ်ပီးလုပ်တော့မှအတော် လေးဟန်ကျတယ်။ မုန့်နှစ်ကြိတ်ဖို့မလွယ်တဲ့သူတွေအတွက်လဲ လွယ်လွယ်နဲ့ မြန်မြန်လုပ်စားနိုင်တဲ့ မုန့်လုံးရေပေါ်၊ မုန့်ကြာစိ ကြိုက်နှစ်သက်ရာအကုန်လုပ်နိုင်ပါပီ။ Supermarket မှာ Rice flour နဲ့ Glutinous Rice Flour နှစ်ထုပ် ၀ယ်လိုက်ပါ။ ပျော့ပျော့နူးညံ့ညံ့လေးစားချင်ရင်တော့ ကောက်ညှင်းဆန်မှုန့်ပိုထည့်ပါ၊
၁။ ကောက်ညှင်းဆန်မှုန့် ၂ ခွက်၊ ဆန်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပီး ရေနဲ့သမအောင်မွှေပါ။ ပြီးရင်တော့ အ၀တ်ပါးလေးထဲကိုထည့်ပီး လေးတဲ့ဟာတစ်ခုခု ဖိထားပါ။ တစ်ညလောက်ဆိုရပါပီ။ နောက်နေ့မှာတော့ လုံးလို့ ကောင်းမယ့်အနေထားမုန့်နှစ်စီးစီးလေးရနေပါပီ။ ၂။ ရေနွေးပွက်အောင်တည်၊ မုန့်လေးတွေအနေတော်လုံးပီး ချက်ချင်းရေနွေးအိုးထဲ ထည့်လိုက်ပါ၊ လုံးလိုက်ထည့် လိုက်၊ မုန့်လုံးလေးတွေ အပေါ်ကိုပေါလောပေါ်လာရင်တော့ဆယ်ပီး ရေအေးထဲမှာခဏထည့်ထားပါ။ ၃။ ထညက်ခဲလေးတွေခွဲပီး ထည့်လုံးလို့ရပေမယ့် ကူးကူး ကတော့ အချိန်မရတာတစ်ကြောင်း၊ ထညက်ခဲ လဲ နဲနဲဘဲကျန်တော့တာမို့ချွေတာရေးလေးလုပ်ရပါတယ်။ ထညက်ခဲကိုထောင်း၊ အုန်းသီးဖတ်တွေနဲ့ ရောမွှေ ပီး မုန့်လုံးလေးတွေကို ထည့်လုံးပီးစားပါတယ်။ အရမ်းးးးး ကိုကောင်းပါတယ်။ နူးညံ့ပီး အိနေတာ စားကြည့်မှ သိမှာမို့ စိတ်ဝင်စားရင် flour လေးတွေဝယ်ပီးလုပ်ကြည့်နိုင်ပါတယ်။

မုန့်ကြာစိ အတွက်တော့ မုန့်လုံးတဲ့အခါ သေးနိုင်သလောက်သေးအောင်လုံးလိုက်ရင်ရပါပီ။ ကူး လုံးထားတဲ့ အလုံး တွေကတော့ သေးလိုက်ကြီးလိုက်ဖြစ်နေပါတယ်း)
လိုအပ်တဲ့အရာတွေကတော့
ထညက်ခဲ ကန်ဇွန်းဥ နှစ်လုံး အုန်းသီး ဆားအနည်းငယ် မုန့် လုံး ပိစိလေးတွေပါ။
ကန်ဇွန်းဥ နှစ်လုံးကို အတုံးသေးလေးတွေလှီးထား၊ တစ်ချို့ ကို အခြစ်နဲ့ သေးသေးလေးရအောင်ခြစ်ထား အုန်းသီးတစ်လုံးအရည်ညှစ်ထား၊ အုန်းဖတ်နဲနဲ သတ်သတ် ဖယ်ထားပါ။ ရေနွေးပွက်ပွက်မှာ ကန်ဇွန်းဥ အတုံးလေးတွေအရင်ထည့်ပြုပ်၊ ဆားနဲနဲထည့် ကျက်လောက်တဲ့အချိန်မှာ အုန်းနို့ထည့် ခြစ်ထားတဲ့ ကန်ဇွန်းဥမျှင်လေးတွေထည့် ထညက်ကို အရည်ကျိုပီး ဇကာလေးနဲ့စစ်ထည့် အုန်းသီးဖတ်လေးတွေကိုတော့စားခါနီးမှ ပန်းကန်ထဲထည့်စားပါ။ ကောင်းမှကောင်း၊ အချိုအတွက်တော့ ကိုယ်နှစ်သက်သလို ထညက်အနည်းများ ခန့်မှန်းထည့်နိုင်ပါတယ်။
သာကူစေ့ထည့်ကြတယ်လို့လဲပြောပါတယ်။ ကူးကူး ကတော့ ကိုယ်ဘဲစားမှာမို့ မထည့်တော့ပါဘူး။
အဟာရလဲရှိ၊ အရသာလဲ စိမ့်နေတာမို့ မြန်မာ့အစားစာ တမ်းတမ်းစွဲ ဖြစ်မယ်ဆိုလဲ ဖြစ်လောက်ပါတယ်။း)
(မုန့်ကြာစိ recipie ပေးတဲ့ ဦးလေးကြီး kkmg ကျေးဇူးပါ)




Sunday, September 20, 2009

ပျား သေ


ဝတ်ရည်ငမ်းလို့ လမ်းမမြင်
ပွင့်ဖတ်လန်းလတ် ငါ့ မသတ်
စုံးစုံးမြုပ်မှ ငါ့အသက်
ဝတ်ဆံအများ လှောင်ရီနှက်

Saturday, September 19, 2009

မှို မုန့်

အရိုးသားဆုံးဝန်ခံရရင်တော့လုပ်တုန်းကတော့ ဘိန်းမုန့်ပါ။ ဘိန်းမုန့်ဆိုတာလဲ ရန်ကုန်မှာတုန်းက တစ်ခါမှ ၀ယ်စားတာမဟုတ်ဘူး။ လမ်းဘေးမုန့်ဆိုင်တန်းတွေနားဖြတ်မလျှောက်ချင်တာ အစားသောက်တွေညစ်ပတ် လို့မဟုတ်ပါဘူး။ အဲဒီအကြော်၊ အညှော်အနံ့တွေရရင်ခေါင်းက တစ်အားကိုက်ပီး နာလာလို့ ဝေးဝေးရှောင် တာပါ။ စားချင်ရင်တော့ သူငယ်ချင်း အထွေးကိုခေါ်ပီး ၀ယ်ပေးပါလို့တောင်းဆိုရပါတယ်။
ဒီရက်ပိုင်မှာဘိန်းမုန့်အရမ်းစားချင်နေတာကြောင့် ပါလာတဲ့ဟင်းချက်စာအုပ်လေးဖွင့်လိုက်ရှာပီး ဆန်ကြမ်း နဲနဲသွားဝယ်ပီး အမှုန့်လုပ် ထားပါတယ်။ ထညက်လေး ၄ခဲလောက်ကျန်နေသေးတာမို့ ရေနွေးနဲ့ ကြွက်မှီးတန်း အောင်ကြိုထားပါတယ်။

ဆန်ကြမ်းမှုန့်
ထမင်းကြမ်းအနည်းငယ်
ဆားဆော်ဒါ
ထညက်
နှမ်းအနဲငယ်
မြေပဲအစိမ်း
အုန်းသီးဆံ
ထောပတ်ဆီအနည်းငယ်

ဘိန်းမုန့်လုပ်ဖို့ပြင်ဆင်ထားတာတွေအဆင်သင့်ဖြစ်နေပါပီ။
ဆန်မှုန့်ကိုအရေဖျော်၊ ထမင်းကြမ်းလက်တစ်ဆုပ်စာလောက်နဲ့ ရောညက်အောင်မွှေပီးမုန့်နှစ်ဖတ်ရအောင်
အ၀တ်ပါးမှာစစ်ထားပါတယ်။
ထညက်ကြိုထားတာလဲ အဆင်သင့်ဖြစ်ပါပီ။ နောက်နေ့မှာတော့
မုန့်နှစ်ရည်ထဲကို၊ ဆားနဲနဲ၊ ဆော်ဒါနဲနဲနဲ့ ထညက်ကြိုထားတဲ့အရည်လောင်းထည့်ပီး မွှေပီး မကပ်တဲ့ဒယ်အိုး နက်နက်လေးကိုအပူပေး၊ ထောပတ်အနဲငယ်အိုးမှာသုတ်လိုက်ပီးတော့ ဖျော်ထားတဲ့မုန့်နှစ်ရည်ကို လောင်းထည့်၊
မြေပဲအစိမ်းလေးတွေကိုပါးပါးလှီးထည့်၊ နှမ်းလေးဖြူးထည့်ပီး အဖုံးအုပ်ထားပါတယ်။
မုန့်ကျက်တော့ (အောက်တွင်ရှု) ဘိန်းမုန့်မဖြစ်လာပါဘူး။ အပေါ်ယံအဖြူဆန်မှုန့်လေးတွေတင်းနေပီး အလယ်မှာထညက်ရည်တွေစုနေပါတယ်... အနားစလေးတွေနဲနဲကွဲသွားတော့ အိုးထဲကထုတ်တဲ့အချိန်မှာ မှိုပွင့် လေးလိုဖြစ်နေပီး.. တော်တော်လှတယ်လို့ ကိုယ့်ဘာသာကိုယ်ချီးကြူးလိုက်ပါတယ်လေ။
ဘိန်းမုန့်ကိုလဲမေ့သွားပီ။ မုန့်လေးကို အိမ်လာလည်တဲ့ အမကြီးတစ်ယောက်က မှိုနဲ့တူတယ်တဲ့။
နောက်နောက်ထပ်လုပ်လဲ အဲလိုမုန့်လေးတွေဘဲရပါတယ်။ နဲနဲအအေးခံပီးစားကြည့်တော့ ကြွပ်ကြွပ်လေး နဲ့ အရသာလဲကောင်းပါတယ်။ ချောင်းဆိုးနေလို့ အုန်းသီးဖတ်လေးတွေမထည့်ဖြစ်ဘူး။
မှိုမှုန့်လို့ ကျွန်မနာမည်ပေးထားတဲ့ မုန့်ကြွပ်လေးကို စိတ်ဝင်စားရင်လုပ်ကြည့်နိုင်ပါတယ်။ အပေါ်က ဆန်မှုန့် ဖြူဖြူလေးတွေက မွှားမွှားလေးဖြစ်နေပီး ဖုတ်ထားတဲ့အရှိန်နဲ့ မွှေးနေတော့ မုန့်လေးအရသာကိုပိုဆန်းနေပီး အလယ်နားရောက်ရင်ချိုပီး စီးစီးလေးဖြစ်နေပါတယ်။

Friday, September 18, 2009

ဒူးရင်းသီး (အသီးမှာဘုရင်)


အသီးတို့ရဲ့ဘုရင်လို့တင်စားခေါ်တဲ့ ဒူးရင်းသီးက အသီးတွေအားလုံးထဲမှာ ရောဂါကုစားပေးတဲ့ ဆေးဘုရင်တစ်ပါး လို့ခေါ်ဆိုနိုင်ပါသတဲ့။
ဒူးရင်းသီး ကတော့ အနံ့အင်မတန်ပြင်းထန်သလောက် မထင်ရလောက်အောင် ချိုပီးဆွဲဆောင်မှုရှိတဲ့အသီးတစ်မျိုးဖြစ်ပီး အာရှတိုက်ကလူတွေလောက်သာ အသိများကြတဲ့အသီးတစ်မျိုးပါ။ အနံ့ကပြင်းထန်ပီး အနံ့ဆွဲ ကျန်ရစ်တတ်လို့ များသောအားဖြင့် လူအများရှိတဲ့ နေရာတွေမှာယူခွင့်၊ သယ်ဆောင် သွားခွင့်မရှိပါဘူး။ အထူးသဖြင့် ဟော်တယ်၊ ရထား၊ ကား၊ လေယဉ်၊ ရုံး အစရှိတဲ့နေရာတွေမှာ သယ်ဆောင် ခွင့်ပိတ်ပင်ထားတတ်ကြပါတယ်။ ဒူးရင်းသီးအနံ့ပြင်းပုံကတော့ ဘယ်လိုဖုံးဖုံး၊ အုပ်အုပ် ခိုးသယ်လို့ မရလောက်အောင်ကိုဆိုးပေမယ့် ကြိုက်တတ်တဲ့သူများအတွက်တော့ ဒူးရင်းသီးအနံ့လေးရတာနဲ့ အလိုလို နေရင်းမရရအောင်ရှာပီး ဈေးကြီးပေးဝယ်စားတတ်ကြပါသေးတယ်။
ဒူးရင်းသီးရဲ့ ကောင်းလွန်းတဲ့အရသာ နဲ့ အံ့ဖွယ်ကောင်းတဲ့ကျမ်းမာရေးအတွက် ရရှိတဲ့ အကျိုးကျေးဇူး တွေက သူ့ရဲ့ပြင်းထန်ဆိုးတဲ့အနံ့ကို မေ့ပစ်နိုင်အောင်လဲ စွဲဆောင်မှုရှိလှပါတယ်။ အခြားအသီးတွေနဲ့ မတူတဲ့အချက် ကတော့ ဒူးရင်းသီးက အပင်ပေါ်မှာမမှည့်မချင်းတွယ်နေပီး ကြွေကျလာပီဆိုရင်တော့ မှည့်ပီဆိုတဲ့ သဘောကိုဆောင်ပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှ၊ ဒူးရင်းသီးထွက်တဲ့ နိုင်ငံတွေမှာနေတဲ့ သူတွေကတော့ သူ့ကို အသီးတို့ရဲ့ဘုရင် လို့ခေါ်ပါတယ်။ နှစ်သက်သူအများစုက အသီးမှည့်ချိန် ရောက်တဲ့အခါ ဒူးရင်းပင်အောက်ခြေတွေကိုရှင်းလင်းပီး အသီးတွေကြွေကျတဲ့အထိ တဲထိုးနေပီး မှည့်မှ ကြွေကျတဲ့အသီးကို မရရအောင်စောင့်စားတတ်ကြပါတယ်။ သူတို့တွေကတော့ ဒူးရင်းသီးက အခြားအသီးတွေနဲ့ မတူ ထူးခြားပီး ကျမ်း မာရေးအတွက်အထောက်အကူပြုတဲ့အသီးလို့ယူဆနေကြလို့ပါဘဲ။
ဒီလောက်တောင်အများနှစ်သက်ပီး ဈေးကြီးပေးဝယ်စား၊ အမှည့်ကြွေကျတာကိုတစ်ကူးတစ်က စောင့်စားနေရ လောက်အောင် ထူးခြားတဲ့ဒူးရင်းသီးက ဘာများကျမ်းမာရေးအတွက်အထောက်အကူပြုသလဲကြည့်ရအောင်။

ကလေးမီးဖွားပီးတဲ့ အမျိုးသမီးတွေဒူးရင်းသီးအခွံကိုမီးရှို့ပြာချပီး လျှက်စားမယ်ဆိုရင် အလျှင်မြန်ပြန်လည် အားဖြည့်ကျမ်းမာလာ စေပါတယ်တဲ့။
ရောင်ရမ်းတာနဲ့ အရေပြားပေါ်မှာပေါက်တဲ့အနာတွေအတွက်လဲ ဒူးရင်းပင်ကအရွက်ကိုအရည်ညှစ်သောက်ရင် ရောင်ရမ်းတာသက်သာပီး အနာတွေလဲပျောက်ကင်းစေပါတယ်တဲ့။
နောက်ဆုံးအဟာရဆိုင်ရင်ကျွမ်းကျင်သူများလေ့လာတွေ့ရှိချက်အရ ဒူးရင်းသီစားပေးခြင်းက ကိုလက်စထရော ကိုလျှော့ချပေးပီး၊ သွေးကိုလဲသန့်စင်စေတဲ့အပြင် အသားဝါဖြစ်ချင်းကိုလဲပျောက်ကင်းသက်သာစေတယ်၊ ပီးတော့ကိုယ်ပူပီးဖျားတာကိုလဲ သက်သာစေပါသတဲ့။
ကျွမ်းကျင်သူများအဆိုအရ ဒူးရင်းသီးစားခြင်းက ချွဲသလိပ်ကိုကင်းစင်စေပီး အာခံတွင်းရှင်းစေပါတယ်တဲ့။
ဒါတွေကတော့ ဒူးရင်းသီမှာအမြောက်များပါဝင်တဲ့သံဓာတ်က သွေးဖြူဥတွေကိုထူးခြားတဲ့အာနိသင်စွမ်းအား ပေးပီး ကိုယ်ခန္တာကိုဝင်ရောက်လာတဲ့ရောဂါပိုးတွေကိုကူညီတိုက်ဖျက်ပေးလို့ပါဘဲ။
ဒါ့အပြင် ဒူးရင်းသီးမှာ အမိုင်နိုအက်စစ်ဓာတ် (ဗီတာမင် ဘီ၊ စီ နဲ့အီး) တွေပါဝင်ပီး လူတော်တော်များများက ဒူးရင်သီးမှာပါဝင်တဲ့အချိုဓာတ်ပမာဏ anti oxidants မြင့်မားမှုကို ဘယ်ရီသီးတွေလောက် အာနိသင်ရှိကြောင်း နှိုင်းယှဉ်နေကြပါပီ။ အဲဒီ anti oxidants ကတော့ အခြေနေအရပ်ရပ်ကြောင့်(ဥပမာလေထုညစ်ညမ်းတာ၊ ဆေးလိပ်ငွေ့ရှုမိတာ) ထိခိုက်ပျက်စီးလာရတဲ့ ခန္တာကိုယ် မှာရှိတဲ့ ဆဲလ် လေးတွေပျက်ဆီးခြင်းကို လျော့နည်း စေပါတယ်။
ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့အသက်ရွယ်ကြောင့်ပြောင်းလဲလာတဲ့အသားရေ ရင့်ရော်မှုကို လျော့ပါး စေပီး အရွယ်တင်ပီးနုပျိုအောင် စွမ်းဆောင်နိုင်ပီး လန်းဆန်းဖျတ်လတ်တဲ့အသားရေကိုလဲ ပေးစွမ်း နိုင်ပါသေတယ်တဲ့။
ဒူးရင်းသီးမှာပါဝင်တဲ့ amino acids အမျိုးအစားကတော့ Tryptophan ဖြစ်ပါတယ်။ Tryptophan ကတော့ serotonin ဆိုတဲ့(စိတ်ဓာတ်အတက်အကျနဲ့ဆိုင်တဲ့) ဟိုမုန်းအနည်းများကိုပြုလုပ်ထိမ်းသိမ်းပေးတဲ့ အက်စစ် တစ်မျိုးဖြစ်ပါတယ်။ Serotonin ဆိုတဲ့ ဟိုမုန်းကတော့ လူ့ခန္တာကိုယ် ပျော်ရွှင်မှု ၀မ်းနည်းမှုကို ညီအောင် ထိမ်းမျှပေးနိုင်တဲ့ဟိုမုန်းတစ်မျိုးပါ (အောက်တွင်ရှု)
အဲဒီ ဟိုမုန်းဓာတ်နဲတဲ့သူတွေဆိုရင် စိတ်တိုမြန်၊ ဒေါသထွက်မြန်ပီး (ချစ်သူကိုတစ်ရက် ၅လုံးလောက် ကျွေးပစ် ချင်ပါတယ်) တစ်ခါတစ်လေ အရမ်းထိခိုက်ခံစားလွယ်၊ စိတ်ဓာတ်ကျရောဂါလဲခံစားနေရတဲ့ သူများဖြစ်တတ် ပါတယ်။
ဒီအချက်တွေကို သိပြီးပီ ဆိုရင်တော့ ဒူးရင်းသီးစားပေးခြင်းက ခန္တာကိုယ်အတွက် ညီညွတ်မျှတအောင် အထောက်ကူပေးနိုင်ရုံသာမက လူသားတွေအတွက် ပျော်ရွှင်သာယာကောင်းမွန်တဲ့ လူသားများဖြစ်အောင် လဲစွမ်းဆောင်ပေးနိုင်တာမို့... ဒူးရင်းသီးစားကြပါစို့။

(ဒူးရင်းသီးအရမ်းကြိုက်တဲ့ကျွန်မအတွက် အန်တီတစ်ယောက်လက်ဆင့်ကမ်းပေးလိုက်တဲ့ ဒူးရင်းသီးအကြောင်း ကို အဆင်ပြေသလိုဘာသာပြန်ပေးလိုက်ပါတယ်။ အချို့ကျမ်းမာရေးဆိုင်ရာဝေါဟာရတွေ မြန်မာလိုမခေါ်တတ် လို့ အင်္ဂလိပ်လို ဘာသာပြန်ကိုအောက်မှာတင်ထားပေးပါတယ်။ အခြားအသီးတွေအကြောင်းလဲ အလျင်း သင့်သလိုတင်သွားပါမယ်)
ကျွန်မတို့တစ်အိမ်လုံးဒူးရင်းသီးအရမ်းကြိုက်တယ်။ အိမ်မှာနေတုန်းက ဒူးရင်းသီးပေါ်ချိန်ဆိုရင် ပါးပါးက မော်လ မြိုင်ထိဆင်းပီး သူ့သူငယ်ချင်းတွေဒူးရင်းခြံမှာ ကိုယ်တိုင်လိုက်ဝယ်ပီး အိတ်လိုက်ကို ရထားနဲ့သယ်သယ်လာ တတ်ပါတယ်။ ရန်ကုန်မှာတော့ ဒူးရင်းသီးကအရမ်းဈေးကြီးတယ်။ ဒါပေမယ့် ကျွန်မ လခထုတ်တာနဲ့ သူငယ်ချင်း အထွေးနဲ့ ပြေးဝယ်စားတာဒူးရင်းသီးဘဲ။ ဘယ်နေရာရောက်ရောက်ဒူးရင်းသီးတွေ့တာနဲ့ မဖြစ်ဖြစ် အောင်ဝယ်စားတတ်သေးတယ်။ တစ်ခေါက် ဒူးရင်းသီးဝယ်လာပီး လုံအောင်အထပ်ထပ်ပိတ်ပီး၊ MRT စီးတာ၊ ရထားတွဲထဲမှာဟိုတစ်ယောက်သူ့မျက်နှာကြည့်၊ ဒီတစ်ယောက် ဟိုလူ့မျက်နှာကြည့်နဲ့ ဘယ်သူသယ်လာမှန်း မသိ၊ ကိုယ်ကလဲခပ်တည်တည်နဲ့ ဟိုလူ့ကြည့်လိုက်၊ ဒီလူ့ကြည့်လိုက်နဲ့ မသိရင် ကိုယ်ဘဲတရားခံမဟုတ်သလို လိုနဲ့၊ ရထားတွဲထဲအနံ့က သင်းနေရော၊အဖမ်းမခံရလို့တော်သေးတယ်။
သွေးတိုးရှိတဲ့ကျွန်မ ဒူးရင်းသီးတွေ့တိုင်း ကိုင်ကြည့်ပီးပြန်ပြန်ချ၊ ပီးရင်တော့ လှည့်ကြည့်လှည့်ကြည့် လုပ်တတ် လို့ ရုံးက အမကြီးများက ဒူးရင်းသီးစားလို့ရတဲ့အကြောင်း၊ သူ့မှာပါဝင်တဲ့ အဆီဓာတ်က ကျမ်းမာရေးအတွက် အထောက်ကူဖြစ်ကြောင်း အထောက်ထားနဲ့ရှာဖွေပေးကြပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးမို့ သွေးတိုး သမားတွေ အများကြီးထိုင်စားပါလို့တော့အားမပေးပါဘူးနော်၊ နဂိုစားနေကြအစားထဲက ဆားဓာတ်ပါ ၀င်တဲ့ ပမာဏတွေရော၊ ဒူးရင်းသီးအများကြီးစားလိုက်လို့ တက်တယ်ဆိုရင်တော့ အားလုံးပေါင်းသွားလို့ ဖြစ်လာတဲ့ ဆိုးကျိုးမို့ နဲနဲတော့ ဆင်ခြင်ကြပေါ့နော်။ ဒူးရင်းသီးစားပီးရင် မင်းကွတ်သီးဖြစ်ဖြစ် အခြား အေးတဲ့အသီး ဖြစ် ဖြစ်တွဲစားဖို့တော့ မမေ့ပါနဲ့အုံး။

Antioxidants are substances that may protect your cells against the effects of free radicals. Free radicals are molecules produced when your body breaks down food, or by environmental exposures like tobacco smoke and radiation. Free radicals can damage cells, and may play a role in heart disease, cancer and other diseases.

Antioxidant substances include

  • Beta-carotene
  • Lutein
  • Lycopene
  • Selenium
  • Vitamin A
  • Vitamin C
  • Vitamin

Serotonin: A hormone, also called 5-hydroxytryptamine, in the pineal gland, blood platelets, the digestive tract, and the brain. Serotonin acts both as a chemical messenger that transmits nerve signals between nerve cells and that causes blood vessels to narrow.

Changes in the serotonin levels in the brain can alter the mood. For example, medications that affect the action of serotonin are used to treat depression.

Tryptophan is an amino acid needed for normal growth in infants and for nitrogen balance in adults. It is an essential amino acid, which means your body cannot produce it -- you must get it from your diet.

Tuesday, September 15, 2009

မှိုလုံး ပဲညို စွပ် (soup)/ဟင်း

ပဲညိုလုံးရှည်ရှည်လေးတွေ (kidney beans) ကအဟာရလဲရှိသလိုစားရင်လဲစိမ့်နေတာမို့ ကျွန်မတော့အရမ်းကိုကြိုက်ပါတယ်။ အချိန်ယူပီး ရေစိမ်ထားရတာရယ်၊ အကြာကြီးပြုပ်နေရတာရယ်၊ ပြုပ်ထားရင် အဖုံးဖုံးမှ ပဲလေးတွေက လုံးဖောင်းပီး တင်းတင်းလေးဖြစ်နေတာမို့ အဖုံးပေါ်ကရေတွေ တစ်စက်စက် ကျ နေလို့ မီးဖိုညစ်ပတ်တာရယ်..အဲဒါလေးတွေကတော့ သီးခံရတာပေါ့လေ။
အသင့်စားလို့ရအောင် ဗူးထဲထည့်ထားတဲ့ ဟာတွေကတော့အချိန်ကုန်သက်သာပီးမြန်မြန်ဆန်ဆန် ချက်စားနိုင်တဲ့ အတွက် တစ်ခါလေများ စားချင်စိတ်ဖြစ်ရင် အသင့်စားဗူး လေးတွေဘဲဝယ်ပီးချက်စားလိုက်တယ်။
ဒီညနေကတော့ မှိုအလုံးလေးတွေ (ဗူးထဲမှ)လေးတွေနဲ့ပါ ရောချက်ပီး စားဖို့စီစဉ်ထားတဲ့အတွက်စိတ်ကူးပေါက်တာနဲ့ မှိုနဲ့ ပဲညို ဗူး တွေကိုဖောက်ထားပီး အရည်လေးနဲ့တစ်မျိုး၊ ဟင်းမယ်တစ်ဖွယ်ချက်ဖြစ်ပါတယ်။
အသင့်စားဗူးထဲက မှိုလုံးလေးတွေကိုထုတ်ပီး၊ အထဲကရေတွေသွန်ပစ်ပါတယ်၊ ပြီးရင် အနေတော်လှီးထားပါ။
ဆီပူပူမှာ ကြက်သွန်ဖြူလေးတွေတောက်တောက်စင်းထည့်ပီး လှီးထားတဲ့မှိုလေးတွေ အနားတင်းပီး ညိုလာ အောင်ကြော်ပီးရင်တော့ သပ်သပ်ခပ်ထားလိုက်ပါ။
ကြက်သွန်ဖြူနီကိုဆီသတ်ပီးရင်တော့ ပဲငံပြာရည်နဲနဲခပ်လိုက်ပီး (အအီပြေအောင်ချဉ်ပေါင်ခံ) ချဉ်ပေါင်ရွက် လေးနဲနဲကိုထည့် နွမ်းတာနဲ့ အသင့်စားဗူးထဲက ပဲညိုလုံးရှည်တွေကိုလဲ အရည်တွေစစ်ထုတ်ပီး ဒယ်အိုးထဲ ထည့်ချက်လိုက်ပါ။ အရသာအတွက် ဆား၊ သကြား/အချိုမှုန့် သင့်တော်သလောက်ထည့်ပီး ၅မိနစ်လောက် ချက်လိုက်ရင် ကြက်သွန်ဆီချက်နဲ့ ပဲ၊ ချဉ်ပေါင် တို့အားလုံးအရသာ သမနေပါပီ။ အိုးချခါနီးလေးမှာတော့ ကြော်ထားတဲ့မှိုလေးတွေကိုထည့်ပီး လုံးလိုက်ပါ။ ဟင်းအနေနဲ့စားဖို့ ခြောက်ခြောက်လေးတစ်ခွက်စာချက် ပီး အရည်နဲ့စားချင်ရင်တော့ ရေနွေးအနဲငယ်ထပ်ထည့်ပီးဆူအောင်တည်လိုက်ရင်ရပါပီ။
ကူးစ် ကတော့ မနက်ပိုင်းမှာ tortilla လေးနဲ့စားလို့ရအောင်အရည်လေးနဲ့ပါ ချက်ထားလိုက်ပါတယ်။ (နံပြား စားချင်သော်လည်း မရှိတဲ့ဘ၀ တော်တီလာနဲ့သာဖြေသိမ့်ရ) ။

Sunday, September 13, 2009

ကြက်ကာလသားဟင်းနှင့်တိုဟူးသုပ်

ကြာသပတေးနေ့က Health Director ကကြေငြာတယ်။ နေ့လည် ၁း၄၅ မှာ ဆပ်ပြာမှုန့်ကိုယ်တိုင်ဘယ်လို လုပ်ရသလဲ၊ အပြင်မှာဝယ်တာထက်ကိုယ်တိုင်လုပ်တဲ့ကောင်းကျိုးတွေဘာညာပြောပီး ဒီကနာမည် ကြီးဆပ်ပြာ ကုမ္ပဏီကလူတွေ လာရောက်ပြသမှာမို့ စိတ်ဝင်စားရင်လာတက်နိုင်ကြောင်း ကျွန်မလဲစပ်စပ်စုစု ယောင်လည်လည် နဲ့ ခန်းမနားအပြင်ကနေချောင်းကြည့်မလို့ ခေါင်းဖော်လိုက်တာနဲ့ သူများတွေတွေ့ပီး ၀ိုင်းခေါ်တာ နဲ့ အားနာပါးနာ ဆက်ထိုင်နေလိုက်ပါတယ်။ စာရွက်တွေလာဝေတော့ယူလိုက်တယ်။ ဆပ်ပြာမှုန့် ကို ဘယ်လိုအချိုးစားနဲ့ ရောစပ်ရသလဲ၊ ဘာတွေပါလဲ။ ပီးတော့ အ၀တ်လျှော်ပီး အ၀တ်တွေပျော့ပြောင်းမွှေးကြိုင် သွားအောင် သုံးတဲ့အရည်လုပ်နည်း fabric softener နောက်တော့ ပန်းကန်ဆေးဆပ်ပြာရည်။ တစ်ဝိုင်းကို လေး ယောက်ခွဲပီးလုပ်ကြတယ်၊ လက်အိပ်တွေစွပ်၊ မျက်နှာဖုံးတွေတပ်၊ ကျွန်မလဲနဲနဲစိတ်ဝင်စားသွားတော့ လုပ်ပြနေ တဲ့ ခေါင်းဆောင်ခုံနားကပ်ပီး အသေချာလိုက်မှတ်ပီး သူလုပ်တာကြည့်တော့ အမှုန့်တွေ နှာခေါင်းထဲဝင်သွားတယ် ထင်တာဘဲ။ ချောင်းတဟွတ်ဟွတ်ဆိုးပီး ပြန်ထွက် လာပါတယ်။ အဲဒီနေ့ကစပြီး ချောင်းဆိုးပီး ညပိုင်းမှာ အဖျားတက်တာ အခုထိပါဘဲ။ (စိတ်ဝင်စားတဲ့သူရှိရင် အကြောင်းကြားခဲ့...လုပ်နည်းပြောပြမယ်... အဟွတ်..ဟွတ်)
ဆေးဆိုင်မှာတော့ ဆေးသွားဝယ်တာဘဲ၊ သောက်တော့သောက်တာဘဲ.. မပျောက်တာမပျောက်တာဘဲ... အခုတစ်လော ပွဲတွေ ဆက်တိုက် ဖြစ်နေလို့ နေမကောင်းမဖြစ်ချင်တာတော့အမှန်ဘဲ။ ကိုယ်မှမချက်ရင် လာချက်ပေးမယ့်သူလဲ မရှိ။ အဲလိုအချိန်မျိုးဆို သူငယ်ချင်းဟောင်းကြီး အရမ်းသတိရတယ်။ သူကတော့ ပူပူမှာပျော်နေပီပေါ့။ နေမကောင်းရင်ဆေးသွားပြေးဝယ်ခိုင်း၊ ထမင်း စားမကောင်းရင် ဟင်းတစ်မျိုးမျိုးချက်ပီးလာပို့ခိုင်း...အရင်တုန်းကသိပ်ကိုဟန်ကျနေတာ။ ကျောင်းက မြန်မာအိမ်ရှင်မများလဲ ကျွန်မကြိုက်နိုးနိုး ချဉ်ပေါင် နဲ့ ပဲပုပ်လေး ကြော်ပေးလိုက်၊ မျှစ်လေးကြော်ပို့ပေးလိုက် နဲ့ ဂရုစိုက်ကြပါတယ်။ အိမ်ကရောက်တဲ့ဟင်းတွေလဲ ရှိနေတော့ အဆိုးကြီးတော့မဟုတ်ပါဘူး။
ဒီအပတ်ရုံးပိတ်ရက်မှာတော့ မြန်မာအဖွဲ့ နှစ်ယောက်တစ်ပိုင်း အထူးအစီစဉ်ရှိတော့ ကျွန်မဟင်းမချက်လို့မရတော့ပါဘူး။ အားလုံးကိုယ့် တာဝန် နဲ့ ကိုယ်ချက်ကြတော့ ကျွန်မလဲ ဟိုကြည့်ဒီကြည့်နဲ့ ဘာချက်ရမယ်စဉ်းစားနေတုန်း ၄ ကြိမ်မြောက် ကြိုထား တဲ့ တိုဟူး (နဲနဲတော့အဆင်ပြေလာပါပီ) ကိုတွေ့တော့ သုပ်ပီးယူသွားမယ်လို့ နောက်တစ်မျိုး လိုက်ရှာရင်းနဲ့ ရေခဲ သေတ္တာအပေါ်မှာတောင့်နေတဲ့ ကြက်သားတွေကျန်သေးတာတွေ့လို့ ကြက်သားနဲဗူးသီးလေးရောပီး ကာလသားဟင်းစပ်စပ်လေး ချက်လိုက်ပါတယ်။
ကြက်ကာလသားဟင်းကိုတော့ အဖေနဲ့သားများ ဇတ်ကားကြည့်ဖူးသူတိုင်း သရေကျကြမှာပါနော်။ ကျွန်မလဲ ငယ်ငယ်တုန်းက အဲဒီကားလာရင် အရမ်းသဘောကျတာ၊ မင်းသားတွေချောတာရော (ချစ်စရာမပါ)၊ ဇတ်လမ်း လေးရော၊ အထူးသဖြင့် သူတို့တွေအရမ်းဗိုက်ဆာနေတဲ့အချိန်မှာ ညွန့်ဝင်းက ကြက်ကိုခုတ်ထစ်ပီး ဗူးသီးရော ပီး ကာသသားးဟင်းလေးချက်ထားတာ.. ညီအကိုတွေဝမ်းဟားဟာနဲ့ဝိုင်းတီးကြတဲ့အခန်းကို အကြိုက်ဆုံးပဲ။
ပထမဦးဆုံး ကြက်သားကိုအတုံးလေးတွေအနေတော်ထပ် တုံးလိုက်ပီးတော့ ဆားနဲ့နယ်ထားပါတယ်။
ကြက်က ခဲနေတာဆိုတော့ နုမနု မခန့်မှန်းတတ်လို့ ဗူးသီးကို ကြက်သားကျက်ခါနီးမှထည့်ဖို့ ဆုံးဖြတ်ထားပါတယ်။
မိုးမျှော်ငရုတ်သီးနီ ၁၀ တောင့်၊ ကြက်သွန် ဖြူ/နီ၊ ဂျင်းလက်တစ်ဆစ်၊ အားလုံးကိုညက်နေအောင် ထောင်းထားပါတယ်။
ဲပီးရင်တော့ ဆားနဲ့နယ်ထားတဲ့ကြက်သားတုံးတွေနဲ့ အားလုံးရောပီး၊ နနွင်းနဲနဲ၊ ငရုတ်သီးမှုန့်နဲနဲ၊ ဆီနဲနဲ နဲ့ ငံပြာရေလေးပါထပ်လောင်း ထည့်ပီး အားရ ပါးရနယ်ပီး မီးဖိုပေါ်တင်ထားလိုက်ရုံပါဘဲ...
ကြက်သားထဲကအရေနဲ့တင်လုံးပီးချက်ပါ၊ ပီးရင်တော့ကြက်သားနူးခါနီးမှာ ဗူးသီးလေးတွေ လှီးထည့်ပီး နောက်တစ်ဆူစာ ထပ်တည်လိုက်ရင်တော့ မွှေးကြိုင် သင်းနေတဲ့ ကြက်ကာလသားဟင်းစပ်စပ်လေး ရပါပီ။
ဒီတစ်ခါချက်တာတော့ လက်မှန်းနဲနဲ အဆင်ပြေသွားတယ်၊ အရသာကလဲ ကောင်း၊ ထမင်းပူပူလေးနဲ့ အရမ်း ကို အရသာရှိတဲ့ ကြက်သားနဲ့ဗူးသီးကာလသားချက်လေးပါ။ ကောင်းလွန်းလို့ ထင်တာဘဲ..း) ကျွန်မတောင် ၁တုံးဘဲ စားလိုက်ရပါတယ်။

တိုဟူးကျိုတာ ဒါနဲ့ဆို ၄ ခါမြောက်ပါ။ ဇွဲမလျှော့သေးပါဘူး။ ဒီတစ်ခါတော့ နဲနဲဖြစ်လာပါတယ်။ ဒါပေမယ့် အေး သွားတဲ့အခါ ခဲပီး စီးစီးလေး ဖြစ်မနေဘူး၊ နဲနဲဖွယ်တယ်တယ်နဲ့။ ဒါပေမယ့်အရသာတော့ မဆိုးဘူးကောင်းတယ်။ ကုလားပဲကို ရေတစ်ညစိမ်၊ ဘလန်ဒါနဲ့ ညက်အောင်ကြိတ်ပီး နနွင်းနဲနဲထည့်ကျိုတာပါ။
တိုဟူးသုပ်အတွက်လိုအပ်တာတွေကတော့
တိုဟူး အနေတော်လှီးထားပီး
ဂေါ်ဖီပါးပါးလှီး (မထည့်လဲ ဒီတိုင်းသုပ်စားလဲကောင်းပါတယ်၊ အများနဲ့ဆိုရင်တော့ တိုဟူးနဲနဲခိုတာပေါ့းP)
မန်းကျဉ်းမှည့်ရည်
ရှောက်ရွက် (ဒီမှာတော့မရှိလို့ သံပုရာအရွက်အနုလေးသွားခူးပီးလှီးထည့်လိုက်ပါတယ်၊ မဆိုးပါဘူး )
ကြက်သွန်ဆီချက် နဲ့
နှမ်းလှော် ...တို့ကို အရသာသင့်တင့်အောင် သုပ်စားနိုင်ပါတယ်။

Thursday, September 10, 2009

ခရမ်းသီး အုမ္မလက် Omelet

ခရမ်းသီးကြိုက်သူများအတွက် နောက်တနည်းလေးလုပ်စားကြည့်ဖို့ ဝေဌလိုက်ပါတယ်နော်။
ပထမဦးစွာ ခရမ်းသီးကို ဖုတ်ပါတယ်။ ovan နဲ့ ဖုတ်ရင် မိနစ် ၃၀ ၊ ၁၆၀ ဒီဂရီ လောက်ဆိုရပါပီ။
အအေးခံပီး အခွံနွှာ၊ ခရမ်းသီးဖုတ် အသားမွှေးမွှေးလေးတွေကို ပန်းကန်လုံးထဲထည့်ထားပါ။
ပီးရင်တော့ ဆား၊ ကြက်သွန်နီ တောက်တောက်စင်း၊ ငရုတ်သီးအနီလေးတွေပါးပါးလှီးထည့်၊ ကြက်ဥတစ်လုံး ခေါက်ထည့်ပါ။ ပြီးရင်တော့ နံနံပင် (လတ်လတ်ဆတ်ဆတ်ရှိရင်ပိုကောင်းမှာပါ၊ ဒီမှာတော့ ထိုင်းက လာတဲ့ ပုလင်းနဲ့ အထားခံအောင်လုပ်ထားတဲ့) ကို ထည့်၊ ငရုတ်ကောင်းမှုန့်လေးဖြူးပီး မွှေပါ.. အားလုံးညက်ပီဆိုရင်
တော့ ဒယ်အိုးပြားပြားလေးထဲကို ဆီနဲနဲထည့် ပီး ဒယ်အိုး နှံ့သွားအောင် ဝေ့ လိုက်ပါ..
ပီးရင်တော့ နယ်ထားတဲ့ ခရမ်းသီးကို ထည့်ပီး အပြားလိုက်ရအောင်ကြော်ပါ။ ပီးရင်တော့စားလို့ရပါပီ။
ခရမ်းသီးကို အတွန့်တက်ပီး ဖုတ်တာ က ကြော်ပီးစားတဲ့အချိန်မှ ပြုပ်တာနဲ့ အရသာကွာတာကို သတိထားမိမှာပါ။ ခရမ်းသီးဖုတ် ကအရမ်းမွှေးတာ... အားလုံးရောနယ် ကြော်ပီးတဲ့အခါတော့ ရိုးရိုး ကြက်ဥ အုမ္မလက် Omelet ကြော်ထက်..ပိုကဲထူးပီး ကောင်းနေတာအမှန်ပါပဲ။ စိတ်ဝင်စားရင်လုပ်စားကြည့်နော်။


Thursday, September 3, 2009

အင်ဒို ပဲပုပ် (tempe)

ဒီနေ့အိပ်ရာထတာစိတ်ကမကြည်ဘူး။ အခုတစ်လောအလုပ်များ၊ စိတ်ပင်ပန်းတော့ ရှိသမျှအစားစာတွေ တရစပ် စားတာနဲ့ ဗိုက်ကြီးကလဲ ပူ၊ ခါးလဲတုတ်၊ မာမီက vzo ကနေတွေ့တော့ ယောကျာ်းတောင်မရသေးဘူး အဲလောက် ဗိုက်ပူနေရင်ဘယ်လိုလုပ်မလဲတဲ့လေ။ လေ့ကျင့်ခန်းလေးလုပ်ဖို့စဉ်းစားပါတယ်၊ လုပ်တဲ့အဆင့်ထိမရောက်ခင် အိပ် ပျော်ပျော်သွားလို့ခက်နေတာ။ ချစ်သူကတော့အားပေးရှာပါတယ်၊ သူလဲဗိုက်ပူတယ်တဲ့ အတူတူဘဲ ဆိုပီး ရီနေပါသေးတယ်။ အပြင်ထွက်ဆိုင်မှာစားရအောင်လဲ ညနေ ၆ နာရီ ရုံးကပြန်ရောက်ရင် မှောင်ရီသန်းနေပီ။ ခြံထဲလမ်းလျှောက်ဖို့ စိတ်ကူးရလိုက်ပေမယ့် ပြန်ရောက်တာနဲ့ ဗိုက်ကြီး ကဆာ၊ စားဖို့သောက်ဖို့ ဘာချက်ရင်ကောင်မလဲကြံစည်တာနဲ့၊ ရေမိုးချိုးပီး အပြင်လှမ်းကြည့်လိုက်ရင် မိုးစုန်းစုန်းချုပ်နေပီလေ။ ဒီတော့ ထမင်းလေးစား tv လေးကြည့်ပီး မနက်ဖြန်မှစောစောထ ပြေးတော့မယ် စဉ်း စားလိုက်ပေမယ့် နှိုးစက်ဆူညံသံကြောင့်နိုးတော့ အချိန်ကမိနစ် ၃၀ ဘဲလိုတော့တယ်၊ အဲဒီအတွင်းမှာ ရေချိုး၊ အလှပြင်၊ အ၀တ်လဲပီး ပြေးမှ ရုံးကိုအချိန်မှီလေးရယ်။ ရုံးမှာလဲ တစ်နေကုန် ထိုင်နေတာ၊ မ၀ဘဲနေနိုင် တော့ မလားလေ။ ခရီးသွားရင်လဲ အစားသောက်ကောင်းတဲ့ နေရာဆို ၀ါးပီဘဲ။ ပင်ပန်းလို့ ပိန်မလားမှတ်တယ်၊ ပို၀၀ လာလို့ခက်နေတာ။ အစားသောက်တော့ မလျှော့နိုင်ဘူးလေ... မချက်ဖူးသေးတာတွေ၊ မစားဖူးသေးတာ တွေ နဲတာမှမဟုတ်တာ။ စားချင်တာလေးတွေ၊ စားသင့်တာလေးတွေလဲ ပျက်လို့မဖြစ်ဘူးမဟုတ်လား...
ကဲဒီတော့ ဒီနေ့ ဒီလို ချက်ဖြစ်တာလေးပြန်ပီး ဝေမျှလိုက်ပါတယ်။
တန်းပဲ Tempe လို့ခေါ်တဲ့ အင်ဒိုနီးရှား လူမျိုးတွေရိုးရာစာ ကျွန်မတို့ ပဲပုပ်နဲ့ တူပါတယ်။ ကျွန်မတို့ ပဲပုပ်က အနံ့ ပြင်းပီး အရသာ လေးလေးပင်ပင်ရှိပေမယ့်၊ သူတို့ ဟာကတော့ စိမ့်စိမ့်လေးနဲ့ ဆားလဲမငံပါတယ်။ အရင်က တော့ သူတို့ဆီမှာလဲ ပဲပုပ်ရှိမှန်းမသိပါဘူး။ ဒီက အင်ဒိုတွေအစားသောက်ကိုခဏခဏစားဖူးပေမယ့် သူတို့က ကျွန်မအနံ့မကြိုက်မှာစိုးလို့မကျွေးဘူး။ နောက်မှ ကိုအန်ဒီ့ ဘလော့မှာ Tempe အကြောင်းရေးထားလို့ သူတို့ကိုမေးတော့ သူတို့က ရှိတဲ့အကြောင်းနဲ့ ဆိုင်မှာရောင်းတာထက် သူတို့ကိုယ်တိုင်လုပ်တာ ပိုလတ်ဆတ် ကြောင်း၊ ဒါနဲ့ပဲ စားဖြစ်ခဲ့တာပါ။ အရသာကစိမ့်စိမ့်လေးမို့ ကျွန်မလဲအရမ်းကြိုက်တယ်။ တစ်ပတ်ကို နှစ်ထုပ် ၀ယ်ဝယ်ထားတယ်။ ပဲပြားလိုအတုံးလေးတွေတုံးပီး ဒီတိုင်ကြော်စားလဲကောင်းတယ်၊ သေးသေးတုံးပီး ဘလချောင်ကြော်သလိုမျိုး ကြော်စားလဲကောင်းတာပဲ။ စွပ်ပြုပ်တွေမှာလဲထည့်ကြတယ်၊ ဟင်းချိုလဲလုပ်လို့ ရတယ်။ စားပီးရင်းစားချင်၊ အရန်ဟင်းအဖြစ် အမြဲကိုစားနေတော့တာ အခုထိပါဘဲ။ ကိုအန်ဒီ ကိုကျေးဇူးထပ် တင်လိုက်တယ်။ သူရေးထားတဲ့ ဘလော့ ပိုစ့်ရှာမရတော့လို့ လင့်ခ် မပေးတော့ဘူး။
ပဲကိုရေစိမ်ပီး၊ တဆေးတစ်မျိုးနဲ့ ရောထားပီး နှစ်ရက်လောက် သတ်မှတ်ထားတဲ့ရာသီဥတုအနေထားမှာ ထားရင် တန်းပဲ ဖြစ်လာပါတယ်။ တဆေးကလဲ သူတို့နိုင်ငံထုတ် tempe အတွက် သီးသန့်အထူးလုပ်ထား တဲ့ တဆေး (yeast) လို့ပြောပါတယ်။ ကူးကူးကတော့ လတ်လတ်ဆတ်ဆတ်လေးရတာနဲ့ အတုံးလေးတွေ လှီး ပီး ငရုတ်သီး စပ်စပ်နဲ့ ကြော်ထားလိုက်ပါတယ်။ တစ်ပတ်စာပေါ့။ အနံ့လဲမပြင်းသလို စားလို့လဲအရမ်းကောင်းလို့ မစားဖူးသေးတဲ့ သူတွေကို ထပ်ပီးလမ်းညွှန်လိုက်ပါတယ်နော်...

 
Powered by Blogger