Pages

Tuesday, October 27, 2009

၂၇-၁၀-၂၀၀၉

ဒီနေ့ ..
ကျွန်မ အသက် တစ်နှစ်ပိုကြီးလာတယ်...
ခံစားချက်တွေဘယ်သူမှနားမလည်နိုင်ခဲ့သလို
သူများအပေါ်ထားခဲ့တဲ့ မေတ္တာ စေတနာတွေလဲ သဲထဲရေသွန်ပါဘဲ..
ကျွန်မ အားနည်းချက်တွေ ခုတုံးလုပ်ခံခဲ့ရသလို
အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့အရာတွေလဲ အမှန်ခြစ်ရာမထင်ခဲ့ပါဘူး။
ဒီနေ့လိုမျိုးကိုဖြတ်ကျော်ဖို့ ခက်ခက်ခဲခဲမွေးခဲ့ရတဲ့ မိဘ ကအလေးထားစောင့်နေကြသလို
ပိုးမွေးသလို ဂရုတစ်စိုက်ကြည့်နေကြတဲ့ မောင်လေးနဲ့ညီမလေးက မျှော်နေတယ်။
အချို့က မသိသလို မာယာခင်းနေကြတယ်။


တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာဖို့ မြော်လင့်ဆုတောင်းခဲ့ပေမယ့် ပိုပိုဆိုးလာတာဘာကြောင့်လဲလို့ မမေးတော့ပါဘူး။  အထူးသဖြင့် ဒီနှစ်အတွင်းမှာ စိတ်ရော လူပါ အရမ်းပင်ပန်းခဲ့ရတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် မျက်နှာလွဲခဲပစ်လို လွှဲပစ်လိုက်ချင်တာပါဘဲ။ အသက်တစ်နှစ်ပိုကြီးလာတယ်။ သောက်နေ ကျဆေးတွေထက်ပိုများလာတယ်၊ ဒါအပြင် ဆေး အာနိသင်ပိုပြင်းလာတယ်။ မျက်နှာ ပေါ်က ဆေးဒဏ် တွေ ကို ဟိုဖုန်းဒီကွယ်လုပ်ရတော့ အပြင်ထွက်ခါနီးအချိန်ပိုကုန်လာတယ်။
အထူးသဖြင့် ဒီလစကတည်းက အိမ်က အရမ်းစိုးရိမ်နေတာ ကျွန်မမွေးတဲ့လရောက် ခါနီးတိုင်း အမြဲ အသဲအသန်ဖြစ်နေကျရှိလို့လဲပါမယ်။ ဒီလစကတည်းက တော်တော်လေးကို ချူချာနေပေမယ့် မွေးနေ့ ဆိုတဲ့အသိလေးက စိတ်ကိုတွန်းအားပေးနေလို့ စိတ်ကူးနေခဲ့ရတာတော့ အမှန်ပါ...
စနေညက နောက်နေ့ဈေးသွားမယ်စာရင်းလုပ်ရင်း ရေချိုးခန်းကအထွက် ခြေချော်ပီးလဲတော့ နောက်နေ့မထနိုင်အောင် ခြေထောက်တွေနာနေပြန်ရော... စိတ်ဇောကပ်တော့ နာနာနဲ့ လမ်းဖိလျှောက် ၀ယ်စရာလေးတွေဝယ်.. ကိုယ်မှထမလုပ်လဲ ဘယ်သူမှလာလုပ်ပေးမယ့်သူမရှိ။ မွေးနေ့မတိုင်ခင်တစ်ရက်တောင်မှ ကိစ္စတစ်ခုဖြစ်ပီး အရမ်းစိတ်ထိခိုက် နေပေမယ့် ညနက်သန်းခေါင်းထိ မွေးနေ့မှာ ရုံးကလူတွေကိုကျွေးချင်လို့ ချက်ပြုပ်နေသေးတယ်...
ဒီနှစ်မွေးနေ့မှာ တော့ အသစ်ပြောင်းလာတဲ့မျက်နှာသစ်လူတွေရယ်... သူငယ်ချင်းလိုခင်မင်ရတဲ့သူတွေ ခရီးသွားနေကြတာရယ်နဲ့ Facebook နဲ့ ပဒုန်မာ wish တွေနဲ့ဘဲ ပီးသွားပါတယ်။
သူငယ်ချင်း မြူးစ်က သူ့ဘလော့မှာ ကျွန်မအတွက်မွေးနေ့ပွဲမုန့်တွေကျွေးထားတယ်...ကျေးဇူးပါနော်မြူး...
ညီမလေးက လက်ဆောင်ပို့လိုက်မယ်ပြောပေမယ့် မရောက်လာခဲ့သလို မောင်လေးပို့လိုက်တဲ့ လက်ဆောင် လဲမရောက်လာသေးပါဘူး။ တစ်နေကုန် အမှတ်တရလေးတစ်ခုခုလောက်ရရင်ကောင်းမှာဘဲဆိုပီး ထိုင် စောင့်နေပေမယ့်...ဘာမှမရောက်လာခဲ့ဘူး..ဘာကြောင့်မှန်းမသိဘူး..၀မ်းနည်းတယ်..
သူငယ်ချင်းတွေနဲ့ဝေး၊ မိသားစုနဲ့ ဝေး မွေးနေ့တိုင်း တစ်နှစ်တစ်မျိုး ကိုယ့်ကို မသိတဲ့သူတွေကြားမှ နေပီး တစ်ယောက်တည်းဖြစ်နေရတဲ့ဘ၀ကိုလဲ တစ်ဖြည်းဖြည်းနဲ့ အီလာပီ..  အွန်လိုင်းသူငယ်ချင်းတွေများ မရှိရင် ဘယ်လိုများနေမလဲမသိဘူး။
ညနေတော့ တစ်ယောက်တည်းဧည့်ခန်းမှာ ထိုင်ပီး ငိုနေလိုက်တယ်..ဘာကြောင့်မှန်းတော့ သေချာမသိဘူး။ သူငယ်ချင်းတစ်ယောက်အဝေးကလှမ်းဖုန်းဆက်တယ်... နင့်မွေးနေ့အမှီလာချင်တာ ခွင့်မရဘူးတဲ့... ဒီတစ်ခေါက် ဘာအကောင်လေးတွေရလဲဆိုတော့ ကျွန်မလဲ ဟန်မဆောင်နိုင်ဘဲ ငါ့ကို ချိုချဉ်လေးတစ်လုံးတောင် အမှတ်တရလာပေးမယ့်သူမရှိဘူးဟာ ဆိုပီး ငိုမိပါရော...
ညီမလေးကပြောတယ်.. နောက်နေ့ရောက်လာမှာပေါ့.. နောက်နေ့က နောက်နေ့ဘဲ.. ကျွန်မမွေးတဲ့နေ့ လဲ မဟုတ်ဘူး၊ အသက် တစ်နှစ်ပြည့်ကြီးသွားတဲ့နေ့လဲမဟုတ်ဘူး...


သူငယ်ချင်းတွေအဝေးက ၀ိုင်းစုတောင်းပေးကြတာ ကျေးဇူးတင်ပါတယ်..
cbox မှာရော၊ forum မှာရော.. facebook မှာရော.. ဘလော့ပေါ်မှာရော...
ကျွန်မရင့်ကျက်ချင်ပါတယ်... ဒါပေမယ့် ပိုပို ဆိုးလာသလိုပါဘဲ..း(

Saturday, October 17, 2009

ဒူးရင်းယိုဌာပနာ မုန့်

ဒူးရင်းသီးရာသီကမကုန်သေးပါဘူး။ သူများလက်ဆောင်လာပေးလဲ တစ်လုံးဆို အကုန်မစားနိုင်တာနဲ့ မစားရဲ တာကြောင့် ရေခဲသေတ္တာထဲမှာ သောင်တင်နေတာ ကြာလာတော့ မျက်စိစူးလာပါတယ်။
ဒါကြောင့် ဒူးရင်းသီးတွေကို အသားချည်းနွှာပီး ဒူးရင်းယိုလုပ်ထားမလားစဉ်းစားပါတယ်.. မလုပ်တတ်တာနဲ့
နောက်တစ်မျိုးလုပ်ဖို့ အကြံက (မီးလင်းသလိုဖျတ်ကနဲ့) ရလာတာနဲ့...
ဒူးရင်းသီးအသားဖတ်တွေကို နွှာ၊ သကြား၊ ထညက် နဲနဲ၊ နွားနို့ ထည့်ပီး ဘလန်ဒါနဲ့ကြိတ်လိုက်ပါတယ်။
ဆီနဲနဲထပ်ထည့်ပီး ဒယ်အိုးထဲမှာ မီးအေးအေးနဲ့ အနှစ်ဖတ်တွေသာ ထွက်လာတဲ့အထိ တည်ထားပါတယ်..
အိုးတော့နဲနဲကပ်မယ်။ ခဏခဏ မွှေပေးနိုင်ရင်တော့မစိုးဘူး။ ဒါပေမယ့် အနှစ်ရည်တွေဆိုတော့ ပွက်..ပွက် နဲ့ လက်စင်ရင်ပူတယ်.. မီးဖိုတစ်ဝိုက် စင်ရင်လဲ ညစ်ပတ်တာတောင့် အဖုံးအုပ်ထားလိုက်ပါတယ်..
မီးကိုအေးအေးးး လေးဘဲထားပါ.. အိုးဖင်တော့ နဲနဲကပ်ပီးညိုလာအောင် အရည်တွေစစ် အသားအနှစ်ဖတ်တွေ သာကျန်အောင်တည်ပီး မွှေ၊ ပီးရင်တော့ အအေးခံထားပါ..
ဂျုံ လေးခွက်၊
ဆော်ဒါ အနည်းငယ်
yeast တဆေး အနည်းငယ်
ဇကာကုံးလေးနဲ့စစ်ပီး... ရေနွေးလေးနဲ့နယ်ပါ..မုန့်အသားအတွက် ဂျုံကိုစိတ်ရှည်လက်ရှည်နယ်ပါလေ..
တဆေးပါတဲ့အတွက် ဂျုံမှုန့် လေးတွေကို မုန့်ပြားလုပ်မယ့် နေရာမှာဖြူးပီး နယ်ပါ...
ပီးရင်တော့ ၊၊  ဒလိမ့်တုံး နဲ့ဖြစ်ဖြစ် ပုလင်းလေးနဲ့ဖြစ်ဖြစ် အပြားလေးရအောင်လှိမ့်ပါ.. ကပ်နေရင် ဂျုံမှုန့် ထပ်ဖြူးပါ.. အနေတော် ဘဲဥပုံအပြားရှည်ကြီးရရင်တော့ (အောက်တွင်ရှု) ကျိုထားတဲ့ ဒူးရင်းသီးအနှစ်တွေ ကိုအလယ်မှာ အချောင်းလေးရအောင်ထည့်ပါ.. သီဟိုစေ့၊ almond၊ နေကြာစေ့ ကြိုက်တာထည့်ပါ..
ကူးကတော့ အဆင်သင့် နေကြာစေ့အစိမ်းလေးတွေသာရှိလို့ အဲဒါဘဲထည့်ပါတယ်။..
ပြီးရင်တော့ ဂျုံမုန့်သားအပြားကို ပိတ်လိုက်ပါ... ဖုတ်လို့ရပါပီ...
၂၈၀ ဒီဂရီနဲ့ မိနစ် ၃၀ ဖုတ်ပါမယ်..
ပီးရင်ခဏဆွဲထုတ်ပါ... ထောပတ်ဆီ လိုက်သုတ်ပါ..ပီးရင်ထပ်ဖုတ်ပါ...
ရွရွ..ကြွကြွလေးနဲ့ ဒူးရင်းသီး မုန့်လေးပါ...
အပြင်ထုတ်ပီး နဲနဲလေးလက်နဲ့ကိုင်လို့ ရတာနဲ့ ဓားပါးလေးထက်ထက် နဲ့ လှီးပါ..း)




Thursday, October 15, 2009

ကြက်အသည်းမြစ် အစပ်ကြော်

ကြက်အသည်းအမြစ်ကြိုက်ကြလား။ ကူးတော့ ကြိုက်တယ်။ အိမ်မှာ ကြက်ကောင်လိုက်ချက်ရင် အသည်း၊ အမြစ် နဲ့ ဦးနှောက်ကိုဘဲရွေးစားတယ်။ ကျန်တဲ့အပိုင်းတွေတော့သိပ်မကြိုက်ဘူး။ ကြက်အသည်းမြစ်ကလဲ သီးသန့် သတ်သတ်ရောင်းတာတွေ့နေပေမယ့် မချက်တတ်ရင်ညှီမှာ သိနေတော့ တစ်ခါမှမ၀ယ်ဖြစ်ခဲ့ဘူး။
အခုတစ်လောတော့ သမရိုးကျစားနေတာလေးတွေထက် ခံတွင်းတွေ့တာလေးရှာချက်စားဖို့ ကီလိုဝက် ၀ယ်လာခဲ့ပါတယ်။
အမြစ်ကိုတော့ ဆားနဲ့သေချာနယ်ပီးရေထပ်ဆေးပါတယ်။ နောက်ဆုံးတစ်ရေမှာတော့ အသည်းတွေပါ ထည့်ပီး ဖွဖွလေးရေဆေးလိုက်ပါတယ်။
အိုးထဲထည့်ပီး ရေသင့်တော်ရုံထည့်၊ နနွင်းနဲနဲ၊ ဆားနဲနဲ နဲ့ ဂျင်းကိုထုချေပီး ထည့်ပြုပ်လိုက်ပါ။
ရေခန်းခါနီးမှာဆိုရင်တော့ အသည်းမြစ်တွေလဲကျက်သွားပါပီ။
ခဏအအေးခံထားတဲ့အချိန်မှာ...
ကြက်သွန်နီကို ခပ်ထူထူ လေးထောင့်လေးတွေရအောင်လှီးပါ။
ငရုတ်သီးစိမ်း အနီတောင့်တွေကို ညက်နေအောင်ထောင်း ပဲငံပြာရည် နဲနဲထည့်ပီး ခွက်ထဲထည့်ထားပါ။
နံနံပင်လေးတွေကို တောက်တောက်စင်းထားပါ။
သခွားသီး (သို့) ဇူခီနီ (သို့) ဂေါ်ရခါးသီး ရရာတစ်မျိုးမျိုးကို အချောင်းရှည်လေးတွေနဲနဲလှီးထားပါ။
ကဲ..အဆင်သင့်ဖြစ်ပီဆိုရင်တော့...
အသည်းအမြစ်ကို အနေတော်လှီးထားပါ..အသည်းတွေကိုတော့ ဒီတိုင်းဘဲထားလိုက်ပါတယ်။
ဆီပူလာရင်တော့အသည်းအမြစ်တွေကို နီညိုရောင်သန်းလာအောင်ကြော်ပေးပါ။
အပေါ်ယံလေးတွေကြွပ်လာပီဆိုရင် ကြက်သွန်နီလှီးထားတာကိုထည့်မယ်။
ငရုတ်သီးစိမ်းညက်ညက်ထောင်းထားတာကိုပဲငံပြာရည်နဲ့စိမ်ထားတာလေးထည့်မယ်..
နှံ့အောင်မွှေပီး နံနံပင်တောက်တောက်စင်းထားတာကိုပါ တဆက်တည်းဆက်မွှေပါ။
မဆလာ ထည့်ပါ..
ပီးရင်တော့ ဇူခီနီ အချောင်းရှည်လှီးထားတာကို နောက်ဆုံးမှထည့်မွှေပီးမီးပိတ်လိုက်ပါ..အဖုံးအုပ်ထားပါ..
အေးလောက်တဲ့အခါမှ အိုးထဲကနေထုတ်၊ ပုကန်းထဲထည့်ပီး သုံးဆောင်လို့ရပါပီ။
စပ်စပ် မွှေးမွှေးလေးနဲ့ အသည်းအမြစ်ကြော်ပါ..
အချဉ်ရေလေးနဲ့ဘဲဖြစ်ဖြစ်..ပဲနီလေးဟင်းချိုနဲ့ဖြစ်ဖြစ် အရမ်းကိုလိုက်ဖက်လှပါတယ်..

ပုံကြီးချဲ့ကြည့်လျှင်ပိုပီး yummy tasty...... immmm






Monday, October 12, 2009

ပဲဖြူသင်္ဘောသီးစိမ်းဟင်းရည်

Kidney beans လိုမျိုးအဖြူလေးတွေလဲရှိသေးတယ်။ အဲဒီပဲဖြူလေးတွေ အရသာစိမ့်နေအောင်ကောင်း လှပါတယ်။ ပဲညိုလေးတွေက ပြုပ်ပီးစားကြည့်ရင်အရသာနဲနဲလေးခါးသက်သက်ရှိပေမယ့် ပဲဖြူ တွေကတော့ ခါးသက်တဲ့အရသာမရှိပါဘူး။ ပဲကတီပါအလွမ်းပြေစားမယ်ဆိုရင်တော့ kidney beans လေးတွေ ပြုပ်သုပ် စားလို့ရပါတယ်။  ပဲဖြူလေးတွေကတော့ ပဲထောပတ်နဲ့အရသာခပ်ဆင်ဆင်ပါ။
ပြုပ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်တော့ အသင့်စားလို့ရတဲ့ ဗူးထဲမှာထည့်ပီး ရောင်းတာ supemarket တွေမှာဝယ်လို့ရပါတယ်။ ကျွန်မကတော့ တစ်ညလောက်ရေစိမ်ထားပီး ကိုယ်တိုင်ပြုပ်ပါတယ်။ အကုန်တော့ မစားနိုင်ဘူးလေ။ ရေခဲသေတ္တာထဲထည့်ထား၊ ချက်စားချင်တဲ့အချိန်ဆို ပြုပ်ထားပီးသားကိုထုတ်ချက်လိုက်ရင် ဟင်းတစ်ခွက်ရတာပေါ့။ ပဲဖြူလေးတွေကိုအမျိုးမျိုးချက်စားဖြစ်ပေမယ့် ဒီနေ့ညနေတော့ ပဲဖြူနဲ့သင်္ဘောသီးစိမ်း ဟင်းရည်လေးတစ်ခွက်ချက်နည်းပြောပြပါ့မယ်။
လိုအပ်တဲ့အရာတွေကတော့
ပဲဖြူပြုပ် (ထမင်းစားဇွန်း ၄ ဇွန်းခန့်)
သင်္ဘောသီးစိမ်း ( အနေတော်တစ်လုံးကို ခြစ်ထားပီး)
ကြက်သွန်နီ တောက်တောက်စင်း
ပဲငံပြာရည်အနည်းငယ်
ခရမ်းချဉ် သီး (အခွံနွှာ ကန့်လန့်လှီးထားပါ)
ငရုတ်ကောင်းမှုန့် (အနည်းငယ်)
ဆား (အနည်းငယ်)
ကြက်သား cube (အတုံးလေးရဲ့ လေးပုံတစ်ပုံ)


ပထမဦးစွာပြုပ်ထားတာကို ဟင်းရည်ချက်မယ့်အိုးထဲကိုထည့်ပီး ဇွန်းလေးနဲ့အနေတော်ဖိချေပေးပါ။
ခရမ်းချဉ်သီးလေးတွေအခွံနွှာပါးပါးလှီးထားတာကို ပါအိုးထဲထည့်ပါ။ မီးပြင်းပြင်းနဲ့ အနှစ်တွေထွက်လာတဲ့ အထိခဏတည်ပေးပါ။
အိုးကပ်လောက်တဲ့အချိန်မှာမွှေပီး ရေနွေးပွက်ပွက်ဆူနေတာကိုထည့်ပါ။
ကြက်သွန်နီတောက်တောက်စင်းထားတာကိုထည့်ပါ။
ကြက်သား cube အတုံးလေးနဲနဲကို ဖဲ့ထည့်ပါ။
ပီးရင် အားလုံးပွက်ပွက်ဆူလာတဲ့အထိခဏစောင့်ပါ။ ဆူလာရင်တော့
သဘောသီးစိမ်းလေးတွေခြစ်ထားတာကိုထည့်ပါ၊ ပဲငံပြာရည်နဲနဲခပ်ပါ။ ငရုတ်ကောင်းမှုန့်နဲနဲဖြူးပီး
မီးအေးအေးလေးနဲ့ ကျက်အောင်တည်ပါ...
ပီးရင်တော့ အပေါ့ငံမြည်းပီး... သုံးဆောင်လို့ရပါပီ။

ဒီမှာတော့ သင်္ဘောသီးစိမ်းကို ပန်းပွင့်လိုပုံစံလေးတွေလှီးပီး အစိမ်းကြော်ထဲထည့်ကြော်တတ်ကြသလို၊ ဟင်းတွေထဲမှာလဲထည့်ချက်ကြပါတယ်။ ကျွန်မတော့အရင်တုန်းကများ သင်္ဘောသီးစိမ်း သုပ်စား၊ ထောင်းစားလောက်သာစိတ်ဝင်စားတာခဲ့တာပါ။
ဒီနေ့ချက်တဲ့ ပဲဖြူလေးတွေနဲ့သင်္ဘောသီးစိမ်း ဟင်းရည်လေး ကတော့ ပျစ်ပျစ်လေးနဲ့ ညနေစာ အတွက် သင့်တော်တဲ့ ဟင်းရည်လေးဖြစ်ပါတယ်။ အရသာလဲ လေးလေးပင်ပင်နဲ့ စိမ့်ပီးချိုနေပါတယ်။ ခရမ်းချဉ်သီးရဲ့အချဉ်ဓာတ်လေးနဲနဲလဲ ကဲပါနေပါသေးတယ်။ ကဲ.. စိတ်ဝင်စားရင် လုပ်ကြည့်လို့ရပါပီ။း) ဗူးသီး၊ ဂေါ်ရခါးသီး ချိုတယ်ဆိုတာလောက်တော့ သင်္ဘောသီးအစိမ်း က ပျင်းသေးတယ်တဲ့..  :p

Wednesday, October 7, 2009

ပီလောပီနံဥ ပူတင်း

ဆောင်းဦးအ၀င်မှာ မနက်ဆိုမြူတွေနဲ့မှုံရီမှိုင်းပီး ညနေ ၅ နာရီဆိုရင်မိုးချုပ်စပြုနေပီလေ။ ညတာရှည်တာလည်းကောင်း တာပါဘဲ။ အလုပ်တွေအရင်ထက် (၃) ဆလောက်ပိုများလာတာမို့ ဟင်းတစ်မယ်မယ် စီစဉ်မယ်လုပ်တိုင်း စိတ်ကူးနဲ့သာချက်ပီးသွားတယ်။ အကောင်ထည်မဖော်ဖြစ်ပါဘူး။ ဆောင်းရာသီဝင်ခါစဆိုတော့ ဈေးသွားလည်း ဟင်းသီးဟင်းရွက်တွေအရမ်းနည်းသွားပါတယ်။ ဗူးသီး (သေးသေးနဲ့ ရင့်လိုက်သေး)၊ ဂေါ်ရခါးသီး၊ ကန်ဇွန်းရွက် (import)၊ ပန်းဂေါ်ဖီ ညှိုးနွမ်း၊ ခရမ်းချဉ်သီး အ၀ါရောင်တွေနဲ့ စိတ်ညစ်ရပါတယ်။ supermarket မှာတင်ထား တဲ့အသီးနှံတွေကအစ သိပ်မလတ်ဆတ်တော့ပေမယ့်စားချင်တော့လဲ ရှိတာလေးနဲ့ဘဲ ချက်စားရတာဘဲ။ ကျွန်မကလဲ ဟင်းသီးဟင်းရွက်နဲ့ ပဲကိုသာအဓိကစားတဲ့သူဆိုတော့ နဲနဲတော့ အခက်ခဲရှိတာပေါ့လေ။ ချဉ်ပေါင် ပင်နဲ့ ငရုတ်ပင်လေးတွေ အနောက်က ပန်းခြံလေးထဲစိုက်ထားပါတယ်၊ ခေါင်းမိုးတွေ လဲတော့ ရေသလောက် မရှိ ဖြစ်နေတဲ့အချိန် မိုးက ရုတ်တရက် အသည်းသန်ရွာချတော့ ရေတွေအိုင်ပီး အပင်တွေလဲ အမြစ်ပေါလော လေးနဲ့ ဆန့်ဆန့်ကြီးကို သေပါလေရော။ ဘယ့်သူ့ပုံ အပြစ်ပြောရမှန်းမသိတော့ဘူး။လတ်လတ်ဆတ်ဆတ် ဆိုတဲ့အသုံးနှုန်းက အိမ်ရှင်မတိုင်း၊ ဟင်းချက်တဲ့ အမျိုးသမီးတိုင်း ခံတွင်းတွေ့တဲ့ စကားလုံးပါ။ ဒီတော့ သူများ motor pool အနောက်က အပင်ပေါင်းစုံ အလေ့ကျပေါက်နေတဲ့ နေရာသွားပီး ကလောပီနံပင်တွေ သွားဆွဲနှုတ်လာခဲ့ပါတယ်။  :O
ချစ်သူကပြောဖူးတယ်။ ကလောပီနံကိတ် ကြိုက်တယ်တဲ့။ သူဘယ်မှာစားဖူးလဲတော့ ကျွန်မလဲမသိဘူး။ ကျွန်မကတော့ တစ်ခါမှမစားဘူး။ ကလောပီနံပင်အမြစ်တွေချိုးလိုက်တော့ ကလောပီနံဥ ရတာပေါ့။ လွယ်တယ်နော်။ အဲလိုလတ်လတ်ဆတ်ဆတ်လေးမှ ချိုတာ။
ကလောဥတွေကို မြေကြီးတွေစင်သွားအောင်ရေသေချာဆေး၊ ဓါးပါးလေးနဲ့ အခွံကိုပိုးတီလှီးသလိုလှီး။ အစွန်းကနေစပီး ဆွဲခွာလိုက်တော့ အခွံတွေ ကြောင်အိမ်လှေကားလို လွယ်လွယ်ကူကူ ခွာထွက်လာပါတယ်။
လုပ်ရိုးလုပ်နည်းကတော့ ကလောဥအစိမ်းကို အမျှင်သေးသေးရအောင်ခြစ်ပီး ဖုတ်ကြတာပါ။ ကူးကူး ကတော့ နဲနဲစတန့်ထွင်ပီးအရင်ပြုပ်လိုက်ပါတယ်။ ကိတ် လိုပွပွလေးထက် ပူတင်းလိုလေးစားကြည့်ချင်လို့ပါ။
ြုပုပ်လို့ နူးမှ အလယ်ရိုးကိုဆွဲထုတ်၊ အသားဖတ်တွေကို ဇွန်းနဲ့ခြေပီး၊ ဘလန်ဒါနဲ့ ထပ်ကြိတ်လိုက်ပါသေးတယ်။ ပီးရင်တော့ စကာနဲ့စစ်ချရပါတယ်။အထဲမှာ အရိုး မျှင်လေးတွေရှိလို့ပါ။
စစ်ပီးကျလာတဲ့အနှစ်တွေထဲကို ဂျုံမှုန့် ၁ခွက်၊ နွားနို့ (၁)ခွက်၊ သကြား စတီးဇွန်း ၃ ဇွန်း နဲ့ အုန်းနို့ ရယ်ဒီမိတ်ဗူး တစ်ဝက်ထည့်ပီး မွှေရပါတယ်။ ပွပွလေးကြိုက်ရင်တော့ ဆော်ဒါထည့်လို့ရပါတယ်။
ကူးကူးတော့ ဆော်ဒါမထည့်ပါဘူး၊ အားလုံးမွှေပီးရင်တော့ ၁၉၀ ဒီဂရီနဲ့ နာရီဝက်ဖုတ်ရပါတယ်။ ဂျုံ သာ ကျက်ဖို့ လိုတော့တာပါ။ ကလောဥက ပြုပ်ထားပီးသားမို့။ ပီးရင်တော့ ထုတ်ပီး အပေါ်ကအုန်းနို့တစ်ထပ် ထပ်လောင်းပါ။ ပီးရင် အချိုကဲဖို့အတွက် နို့ဆီ ကိုအပေါ်ကလိုက်ဖျန်းပါ။
နောက် ၁၅ မိနစ်ထပ်ထားပြီးရင်တော့ ကလောဥအရသာ နှစ်နှစ်ကာကာခံစားလို့ရတဲ့ ကလောဥကိတ်လေး ရပါပီ။    :D
ကလောဥပူတင်းမှာ အဓိက အရသာထိမ်းတာ နို့ဆီပါ။

ဒါပေမယ့် ဒီတိုင်း ပြုပ် ဆီဆား လေးနဲ့စားလဲ ကောင်းတာဘဲလေ။ ကလောဥပြုပ် ဖွာဖွာလေးတွေကြိုက်တဲ့သူရှိသလို စီးစီးလေးနဲ့ အချောင်းလိုက် ကျစ်နေတာလေးတော့ ကူးကူးအကြိုက်။

ဒီတစ်ခါတော့ မတူးပါဘူး။ အနေတော်ပါဘဲ.. မဟုတ်ရင် စန္ဒကူး ကို စန္ဒတူး လို့ ပြောင်းခေါ်မယ် တစ်ကဲကဲ လုပ်နေတဲ့သူရှိလို့ပါ။... :P

ကလောပီနံဥ (သို့) ပီလောပီနံ   ပုံကြည့်ချင်တဲ့ဆောင်း...  ဒီလင့်မှာသွားကြည့်နိုင်ပါတယ်နော်။

Monday, October 5, 2009

ကျွန်မနှင့် ဆံပင်ပုံစံများ

အောက်တိုဘာလရောက်ပီဆိုရင်ကျွန်မအသက်တစ်နှစ်ကြီးပြန်ပီ။
ငယ်ငယ်ကလေးဘ၀အကြောင်းတွေအကုန်တစ်ထိုင်တည်းမမှတ်မိပေမယ့် အကြောင်းရာတိုက်ဆိုင်တိုင်း တွေးမိတိုင်းသတိတရ အောက်မေ့ ပြုံးမိပါသေးတယ်။
ကျွန်မမွေးတော့ မာမီက အသက် ၂၀ နှစ်ပဲရှိသေးတယ်။ မမွေးခင်တစ်ပတ်အလိုစနေနေ့မှာစပီး ဗိုက်နာလို့ ဆေးရုံတင်လိုက်ရတာ (မန္တလေးဆေးရုံကြီးမှာပေါ့) နောက်အပတ် စနေနေ့ မှကျွန်မကိုမွေးတယ်။ တစ်ပတ်လုံး ဆေးရုံပေါ်မှာ နာလိုက် အော်လိုက်ဖြစ်နေမယ်ထင်တာပါဘဲလေ..တွေ့မှမတွေ့ရသေးဘဲ..း)
ကျွန်မကိုမွေးတော့ ၉ပေါင်ခွဲ..  ဆံပင်တွေက ကုတ်နားမှာဝဲနေအောင်ရှည်သတဲ့လေ...အဖေ့ဘက်က အဖွားအဲ တုန်းကရှိသေးတယ်..ကျွန်မကိုသူဘဲကြည့်၊ သူဘဲထိန်း၊ အလိုလိုက်လို့ ကျွန်မကဆိုးသတဲ့လေ..
ကျွန်မသိတတ်တဲ့အရွယ်မှာ အဖေ့ဘက်ကအဖိုးအဖွားမရှိတော့ပါဘူး..အသက် (၆၀)၀န်းကျင်မှာ နှစ်ယောက်လုံး သွေးတိုးနဲ့ဆုံးသွားပါတယ် (ပြင်ဦးလွင်မှာပေါ့)။ သူတို့ပေးတဲ့ အမွေ သွေးတိုး ကိုကျွန်မကျေကျေ နပ်နပ်ကြီးလက်ခံခဲ့ရပါတယ်။ အချစ်ဆုံးမြေးဦးပေကိုး...
ကျွန်မသိတတ်တဲ့အရွယ် သူငယ်ချင်းအပေါင်းသင်းမရှိ ကိုဖြိုးဆိုတဲ့ ကောင်လေးတစ်ယောက်သာအဖော် အဖြစ်ရှိနေပီးတော့ အသက် (၄) နှစ်နဲ့ သူငယ်တန်းကို အိမ်ကတန်းပို့လိုက်ပါတယ်။
ဆံပင်တွေထူပီးရှည်လွန်းလို့ ခဏခဏ ညှပ်ရတဲ့ကြား ကျောင်းသွားရင်လဲ မာမီက ဆံပင်ကို လေးချောင်းခွဲ ပီး တင်းနေအောင်ချည်ထားပေးပေမယ့် ကျောင်းကပြန်လာရင်တော့ စုတ်ဖွားနဲ့ ပြန်လာပါတယ်။
ဇီးကွက်လိုပြူးကြောင်ကြောင်နဲ့ ကျောင်းခန်းထဲမှာ ဘယ်သူနဲ့မှစကားမပြောဘဲထိုင်နေတော့ အခြားကလေး တွေလဲ အမြင်ကတ်တော့မပေါ့...ဆံပင်တစ်ယောက်လာဖွ၊ နောက်တစ်ယောက် သရေပင်လာဆွဲချွတ်နဲ့၊ ကျွန်မသူငယ်ချင်းကိုဖြိုးလား... အားကိုးရမလားမှတ်တယ်.. ကျွန်မငိုရင် သူပါလိုက်ထိုင်ငိုနေရော..
(၄) တန်းလောက်တုန်းက ကျွန်မဆံပင် အထူကြီးအရှည်ကြီးပဲ..အဲဒါမှတ်မှတ်ရရ မာမီကတစ်ရက် ညှပ်ဖို့ ဆိုင်ခေါ်သွားတော့ ဆံပင်နောက်မှာထိုင်ခိုင်းတာ.. စက်ဘီးစနင်းမှ ခုန်တက်မယ်ဆိုပီး.. မာမီစက်ဘီး ပေါ်လဲ တက်ရော ကျွန်မ နောက်ကနေ စက်ဘီးကိုတွန်းလွှတ်ပီး အနောက်လှည့်ပြေးတာ..လဲ အရိုက်ခံရတယ်။
ဆံပင်ရှည်တာနှစ်သက်ပေမယ့် ကိုယ့်ဆံပင်ကိုယ်မထိမ်းနိုင်တာတော့အမှန်ဘဲ...
(၆) တန်းရောက်တော့ ဆံပင် ကို မာမီ က ဘေးနှစ်ချောင်းကျစ်ပီး အနောက်ကိုဆွဲချည်ထားပေတော့မြန်မာ ကားတွေထဲက ဖက်ဆစ်ဂျပန်ဦးထုပ်ဆောင်းထားတာနဲ့တူလို့ထင်ပါတယ် ကျောင်းသားတွေက ဖက်ဆစ် ဂျပန်မလို့ဝိုင်းအော်ကြတာနဲ့ ရှက်လို့ ငိုပီးအိမ်ပြန်လာတာ၊ မာမီ့ကို နောက်ဆို အဲလို ဆံပင်ပုံမျိုးမလုပ်ပေး နဲ့ ဆိုပီး ဆန္ဒပြတာ.. ညနေထမင်းမစားဘူး။
မာမီကတော့ အငယ်နှစ်ယောက်လဲငယ်သေးတော့ ဂရုမစိုက်အားပေမယ့်ပါးပါးကတော့ ညသန်းခေါင်လဲ လာနိုးပီး ထမင်းအတင်းခွံ့ကျွေးတတ်ပါတယ်။
သမီးဦးဆိုတော့ အိမ်မှာလဲ အငယ်နှစ်ယောက်ရှိတော့ ပါးပါးက ခရီးထွက်တိုင်းခေါ်ခေါ်သွားတော့ ကျွန်မကို ယောက်ျားလေးလိုဘဲအမြဲဝတ်ပေးပါတယ်။ ခရီးသွားတဲ့အချိန်တွေဆို သူဘဲ
အလှပြင်ပေးတယ်၊ မျက်ခုံးတွေဆို အကုန်ရိတ်ပီး ကွမ်းရိုးနဲ့ဆွဲထားပေးလို့ အခုမျက်ခုံးမွှေးနဲနဲရှိသလို၊ သနပ်ခါးလိမ်းပေး၊ ခေါင်းဖီးပေး.. အကုန် အဖေဘဲကျွန်မကိုလုပ်ပေးပါတယ်..
အထက်တန်းလောက်ရောက်တော့ ရောဂါလက္ခဏာတွေပြပြလာတော့ ခေါင်းကအဆိုးဆုံး၊ ကိုက်ပီး နာနေရင် တစ်နေကုန်.. ဒါနဲ့ပဲ ရွှေဘုံသာလမ်း ဦးနှောက်အာရုံကြောဆရာဝန်မနဲ့သွားပြတော့ သွေးကြော တွေဘာဖြစ်တယ်ဆိုလား ဆေးပေးလိုက်ပါတယ်.. ဆံပင်ပါညှပ်ဖို့ ကအဆစ်ပါလာပါတယ်...
ကျောင်းပီးခါနီးအရှည်လေးထားလိုက်ပါသေးတယ်.. မအောင်မြင်ပါဘူး.. ဆေးရုံပေါ်ရောက်တော့ ညှပ်ပစ်ရ တာပါဘဲ..
နောက်ပိုင်းမှာတော့ ကြွက်စုတ်ကေလေးနဲ့ နေရင်း.........ကောက်လိုက်.. ဖြောင့်လိုက်..ဖြစ်နေတဲ့ဆံပင် ကိုစိတ်တိုင်းမကျတာတော့အမှန်ပါ..ဒီတစ်နှစ်အတွင်းမှာ နေဖြစ်တဲ့ဆံပင်ပုံစံလေးတွေပါ.. ဘယ်ဟာနဲ့ လိုက်မလိုက်တော့မသိဘူး... ကျွန်မအကြိုက်ဆုံးဆံပင်ပုံဆံက စပရိန်လို ကောက်ကောက်လေး ကျောလည်လောက်ရှည်တဲ့ပုံဆံမျိုး...
ဒါမှမဟုတ်လဲ ဖြောင့်စင်းနေတဲ့ဆံပင်ကို အမြင့်ကြီးအားလုံးစုပီး ပြောင်နေအောင်ချည်ထားတာမျိုး...
ရုံးသွားတဲ့အချိန်တော့ မျက်လုံးနဲ့မျက်နှာပေါ်ဆံပင်မအုပ်အောင် အနောက်ကိုဆွဲပီး ဆံထိုးနဲ့ထိုးတာတယ်။
စိတ်လိုလက်ရရှိရင် ဆံပင်လေးတွေညကတည်းကခွေထားပီး ပွဲလန်းသဘင်နဲ့ ဘုရားကျောင်းသွားတယ်..
တစ်နေကုန်အပြင်ထွက်ဈေးဝယ်ရမယ်ဆို အဆင်ပြေသလို မရှုပ်အောင်လိမ်ကျစ်ထားလိုက်တာဘဲ..
ခေါင်းနာလို့ဆံပင်အကုန်ချည်နိုင်တဲ့ နေ့တွေဆို မျက်နှာပေါ်မကျအောင်ရှေ့နဲ့ နားတစ်ဝှိက်ဆံပင်တွေ ကို လိမ်ပီးနောက်မှာစုပီးချည်ထားတယ်။။ စိတ်ရူးပေါက်ပီး ဆံပင်ကိုခွေခေါက်အောင်ကောက်လိုက်သေးတယ်..
နောက်ပိုင်းခေါင်းလျှော်ပီးဟိုထည့် ဒီထည့် ဆံပင်သနေရတာစိတ်မရှည်လို့ ပြန်ဖြောင့်လိုက်ပြန်ရော..




ကျွန်မအရင်ကဆံပင်သန်ပေမယ့် ဆံပင်ကို ဂရုစိုက်ဖို့ လိုတယ်လို့ သိလာတဲ့အချိန်မှာ ကျွန်မဆံပင်က weight မရှိတာကြောင့် ပေါ့ပါးပီး ခူယားကောင်အမွှေးလိုဖြစ်နေပါတယ်... ဆံနွယ်လေးတွေသေးတာလဲပါ တယ်။ ကျွန်မသူငယ်ချင်းတွေဆို ဆံပင်တစ်ပင်တစ်ပင် အကြီးကြီးပဲ..သန်တယ်လို့ဘဲပြောရမလားမသိဘူး။ ကျွန်မဆံပင်က ၀ါကြောင်ကြောင်နဲ့ ဖြောင့်စင်းနေပေမယ့် ပေါ့လွန်းတော့ လေနဲနဲတိုက်တာနဲ့ စုတ်ဖွားဖြစ်နေပီ။ ဆီလိမ်းရင်လဲ ကပ်နေပြန်ရော.. ကိုယ်တိုင်က မလုပ်တတ်တာလဲပါတယ်.. အဆင်ကို မပြေပါဘူး...ပုံအမျိုးမျိုးပြောင်းနေတဲ့ဆံပင်ပုံတွေနဲ့ ကျွန်မကိုယ်တိုင်လက်ကလိထားတဲ့ ဆံပင်ပံစုံလေးတွေကိုပါ အပျင်းပြေကြည့်လို့ရ အောင်တင်ထားပါတယ်။

 
Powered by Blogger