Pages

Saturday, May 29, 2010

တောင်ပေါ်ချင်းပြောင်းဖူးပြုပ်

ကျွန်မအဖေဘက်က အဖိုးက အိန္ဒိယဘက်ကနေ မြန်မာပြည်ဆင်းလာပြီး စစ်လာကူတိုက်တဲ့အထဲမှာ ပါလာပီး အဖွားနဲ့အိမ်ထောင်ကျပါတယ်။ နှစ်ယောက်စလုံး မြန်မာပြည်ထဲဝင်လာတော့ အဖွားအမျိုးတစ်ချို့ နဲ့ မြန်မာပြည်နိုင်ငံသားခံယူလိုက်တယ်။  ချင်းတောင်/ဟားခါးမှာ အခြေကျနေထိုင်ပီးနောက် မအူပင် ပြီးတော့ ပြင်ဦးလွင်မှာ နှစ်ယောက်လုံးရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတယ်။ 
အဲဒီတော့ ကျွန်မအမေဘက်က အဖိုးဖွားဆွေမျိုးတွေက အောက်ပြည်အောက်ရွာသားတွေမို့  အစားစုံစားခဲ့ ဖူး သလို အဖေဘက်က အမျိုးတွေဆီသွားလည်ရင် တောင်ပေါ်တက်ရပြန်တာမို့ သူတို့စားလေ့ရှိတဲ့အစာ တွေလဲ ကျွန်မခုံမင်နေတတ်ပြန်တယ်။ 
မှတ်မှတ်ရရ ၁၉၈၈ အရေးခင်းကြောင့်ကျောင်းပိတ်ထားတဲ့အချိန် အဖေက အမျိုးတွေဆီသွားလည်ကြမယ် ဆိုပြီး ချင်းတောင်ကိုခေါ်သွားပါတယ်။
မန္တလေးကနေမုံရွာ.. မုံရွာ - ကလေး.. ကလေး - စီးရင်း   စီးရင်းက နေတီးတိန်.. ဖလန်း  ဟားခါးထိ သွား လည်ကြတယ်။ ကျွန်မအရမ်းငယ်သေးတယ်.. ညီမလေးက လမ်းလျှောက်တတ်ခါစလေး..၊ ကျွန်မက အဖေနဲ့ တောင်တက်တဲ့ကားအမိုးပေါ်မှာ ထိုင်တယ်။  
ငယ်ငယ်ကတည်းက အဖေက ဘယ်သွားသွားခေါ်သွားလို့ ကျွန်မကို ယောကျာ်းလေးလိုဝတ်ပေးလေ့ရှိ တယ်။ အဲဒီတုန်းက မဲဇာလမ်းလား..ဘာလား မေ့သွားပြီ.. ဒမြတွေအရမ်းသောင်းကျန်းတဲ့နေရာပေါ့။
ကားသွားရင် နှစ်စီး ဆီတန်းသွားရတယ်.. အဲဒီတောကြီးကိုဖြတ်ပီး ဖလန်းကို တက်တဲ့အခါပေါ့။
ပထမကား၊ ဒုတိယကား ကကျွန်မတို့မိသားစုပါတယ်၊ လမ်းမှာ အရှေ့က ကားက စက်ဘာဖြစ်လဲမသိ အဲဒါနဲ့ သူတို့က အရှေ့က သွားခိုင်းတယ်၊ အဲဒါနဲ့ဘဲ ကျွန်မတို့စီးတဲ့ကား အရှေ့အစီးဖြစ်သွားတယ်။
ညဘက်က ကားမီးအောက်မှာ ကျွန်မမှတ်မိသလောက်မြင်ကွင်းကတော့ တံတားတစ်ခု ပေါ်မှာ သစ်ကိုင်းတွေ သစ်ခက်တွေနဲ့ ကာတားတယ်။ ဒမြတွေက ကျွန်မတို့ကားကို တားတယ်၊ ဒါပေမယ့် ကားဆရာ က ကားမှာပါလာတဲ့သူတွေကို မြဲမြဲကိုင်ထားဖို့ အော်ပီး အရမ်းကိုမောင်းတာ...  သူတို့တွေ နောက်က ပြေး လိုက်လာသေးတယ်။ ဒါပေမယ့် ဒုတိယအစီးကျန်သေးတယ်ဆိုပီး အလွတ်ပေးလိုက်တယ်။
ဖလန်းရောက်တော့ ဒုတိယအစီးမှာ သွေးအလိမ်းလိမ်းနဲ့ ကျောင်းသားလူငယ်လေးတစ်ယောက် ခေါင်းကို အခုတ်ခံလိုက်ရတယ်..  ပစ္စည်းတွေလဲ ယူသွားတယ်၊ ဆေးရုံသယ်သွားကြတယ်၊ နောက်ဘာဖြစ်လဲ ကျွန်မလဲ မသိတော့ဘူး။  
သွားတဲ့တစ်လမ်းလုံးမှာ ကျွန်မတို့ ၃ ယောက်လုံး နာမကျန်းဖြစ်တာတို့ အနာတရဖြစ်တာတို့မရှိလို့ အဖေ အမေက အဲဒီအကြောင်းအခုထိ သတိရတိုင်း တစ်ဖွဖွပြောနေတုန်းဘဲ။
ဟားခါးရောက်တော့ ကားရပ်တာနဲ့ ထမင်းဆိုင်ထဲက လူတွေပြေးထွက်လာပြီး အိတ်တွေလာသယ်၊ ထမင်း တွေကျွေးတာ... တယ်သဘောကောင်းပါလားမှတ်တယ်၊ နောက်ဆုံးတော့ အမျိုးတွေကိုး..
အားလုံးပျော်ကြတယ်၊ တွေ့ဆုံစကားပြော.. တစ်မြို့လုံးနီးပါးစပ်လိုက် အမျိုးတွေချည်း။
အဲဒီမှာ မာလာဖူး ဆိုတာ စစားဖူးတာ။  တောင်စောင်းတွေမှာ ပွင့်နေတာလေးတွေလိုက်ခူးပီး ကြော်စားတာ ကောင်းမှကောင်း။ တောင်တက်တဲ့တစ်လမ်းလုံး ဆိုင်တွေမှာ ပြောင်းဖူးပြုတ်နဲ့..
ပြောင်းဖူးကို အစေ့ခြွေ အပေါ်က မာတင်းနေတဲ့ အခွံကြည်ကို ခွာထွက်အောင် လက်နဲ့ဆုံကြီးနဲ့ ထောင်းကြ တာ။  အချို့တွေကတော့ အောင်လောက် ဆိုတဲ့ ပဲစေ့တစ်မျိုးကို အပုပ်ခံထားတာနဲ့ ရောပြုပ်တယ်။ အဲဒီအနံ့တော့ ကျွန်မလုံးဝမခံနိုင်ဘူး။ ဒါကြောင့်တစ်ခါတစ်လေ ချင်း နဲ့ ကရင် သူငယ်ချင်းတွေ ရန်ဖြစ်ရင် နင်တို့ အောင်လောက် က...%^&&**^&&  နင်တို့ ငပိကရော..ဘာညာ 0)(&&&^%%&&$  ဆိုပီး ပြောကြ တယ်။  
ပြန်တွေးကြည့်ရင် ပြုံးချင်ချင်ရယ်။  အိမ်မှာလဲ တောင်ပေါ်က လူကြုံရှိတိုင်း မာမီ့ကို ပြောင်းဖူးတွေ ယူလာလာ ပေးတယ်။ ရုံးပိတ်ရက်တွေ မိသားစုဆုံရင် အိမ်မှာအမြဲပြုပ်စားတယ်။ 
တစ်အိမ်လုံးအရမ်းကြိုက်ကြတယ်။ အိမ်မှာတော့ ဗူးညွန့် ပဲနီတောင့်ရှည်တွေနဲ့ ရောပြုပ်တယ်။
ပြီးရင် ဂျင်း၊ ငရုတ်သီးစိမ်း၊ ဆား ရောထောင်းပီး  စားကြတာဘဲ။ 
အချို့ကတော့ အမဲသားနဲ့ပြုပ်စားတယ်။ ကျွန်မသူငယ်ချင်းတစ်ယောက်က ပြောင်းဖူးပြုပ်စားရင် ဂျင်းပြားပြား လှီးပြီး ကိုက်စားတယ်။ 
ကြာခဲ့ပါပြီ၊  ဒီအပတ်ဘုရားကျောင်းသွားတော့ ဒီမှာ ကျောင်းလာတတ်နေတဲ့ ဆရာတစ်ယောက် ချင်းတောင် ပြန်တော့ မမေ့မလျော့ ယူလာပေးတဲ့ ပြောင်းဖူးတစ်ယောက်တည်းပြုပ်စားလိုက်တယ်။
အ၀ထိုင်စားတယ်၊ ဒါကတော့ ကျွန်မ စိတ်ကြိုက်၊ ဂျင်းသတ်သတ်၊ ငရုတ်သီးနဲ့ဆား သတ်သတ် ခွဲထောင်း ထားတာပါ။ အချဉ်လေးပါထည့်လိုက်သေးတယ်။  
ဗူးညွန့် မရှိလို့ ဟင်းနုနွယ်ရွက် နဲ့စားလိုက်တယ်။ အဲဒါလဲကောင်းတာဘဲ။  စိတ်ဝင်စားရင် တောင်ပေါ်သား/သူ လေးတစ်ယောက် ကိုမေးမြန်းပီး  ပြုပ်စားပေတော့ရယ်။  
ရန်ကုန်မှာ ဆိုင်တစ်ဆိုင်ရှိတယ်ပြောတယ်၊ တစ်ခါမှတော့မသွားခဲ့ဖူးဘူး။

Tuesday, May 25, 2010

အနီရည်တစ်ခွက် ကျမ်းမာရေးအတွက်





 မြန်မာမှာတော့ နိုကိုဥ လို့ခေါ်မလား။ Sugar beet (or) Beetroot ဖျော်ရည်သောက်သုံးပေးခြင်း ဖြင့် ထူးခြားတဲ့ အာနိသင်အကျိုးကျေးဇူးရနိုင်တဲ့သူများကတော့....
၁။  သည်းခြေကျောက်တည်သူများ နဲ့ ကျောက်ကပ်ကျောက်တည်တတ်တဲ့သူများ
၂။  အစာအိမ်လမ်းကြောင်း နှင့်အစာအိမ် ဝေဒနာရှိသူများ  (အထူးသဖြင့် ၀မ်းချုပ်၊ ဆီးချုပ်)
၃။ အမျိုးသမီးများ ဓမ္မတာ ပုံမှန်မလာသူများ၊ နာကျင်ကိုက်ခဲသူများ နှင့် သားအိမ်/မျိုးဥအိမ်   အလုံးအကြိတ်ရှိသူများ
၎။  သွေးတိုးရောဂါ ဝေဒနာရှင်များ - သွေးတိုးကို ၂၄ နာရီအတွင်း ပုံမှန်ဖြစ်အောင် ပြန်ထိမ်းထားပေးနိုင်။
၅။  သွေးနီဥ အားနည်းသူများ၊ သွေးအားနည်းသူများ နဲ့
၆။ ကင်ဆာရောဂါဆိုးကိုပါ  ထိထိရောက်ရောက် ကာကွယ်တားဆီး နိုင်ပြီး ခန္တာကိုယ်စွမ်းအင် မြှင့်တင်ပေး နိုင်သလို
၇။ အမျိုးသမီးတို့အကြိုက် အသားရည်ပါ အမြဲစိုပြေ လှပနေစေသတဲ့။

အရင်က salad ထဲမှာ ဖြစ်ဖြစ်၊ ပြုပ်စားတာဖြစ်ဖြစ်စားဖူးပေမယ့် အစိမ်းသက်သက် ဖျော်ရည်လုပ်သောက် ခြင်းအကျိုးကျေးဇူးတွေသိလာတဲ့နောက်မှာ အရသာကိုတွေးပီးတော့တောင်မခံစားနိုင်ပါဘူး။
ဟင်းနုနွယ်အရွက် အပြင်းစားလို အနံ့ဆိုးလို့ပါ။  လှီးလိုက်ရင် နေရာတစ်ကာ နီရဲနေတော့တာ...
ကောင်းပီ။  ဒါဆို ဘယ်လို လုပ်သောက်မလဲ.. လွယ်ပါတယ်။
အောက်မှာရှိတဲ့အသီးတွေနဲ့ ကိုယ်ကြိုက်တဲ့အရသာဖြစ်အောင် ရောထည့်ပီး ဘလန်ဒါနဲ့ ကြိတ်မွှေလိုက်ရင် ကျမ်းမာရေးအတွက် အင်မတန်အထောက်ကူပြုတဲ့ အနီသစ်သီးဖျော်ရည်ရပါပီ။ 
နောက်ဖေးသွားတဲ့အခါနဲ့ အပေါ့ပါးသွားတဲ့အခါ အရောင်က အနီရောင်ပြောင်းသွားလို့ လန့်လဲ မသွားနဲ့ အုံး။ တစ်ရက်ကို ရေသန့်ဗူးလတ်တစ်ဗူးစာ လောက်သောက်ပေးရင် လုံလောက်ပါပီ။
  • နိုကို + ဌက်ပျောသီး + ထောပတ်သီး + ဖရဲသီး
  • နိုကို + ခါကြက်ဥ + ပန်းသီး + သရက်သီး
  • နိုကို + ဌက်ပျောသီး + သစ်တော်သီး+ ပန်းသီး
  • နိုကို + ထောပတ်သီး + သရက်သီး + ဒူးရင်းသြဇာ
  • နိုကို+ လိုင်ချီးစ် + သခွားမွှေး 
အဆင်ပြေသလို ရှိတဲ့အသီးတွေရောထည့်ပီး မွှေသောက်ပါလေ..


 


Saturday, May 15, 2010

ကင်မ်ချီ (Sandakuu Made)

ဒီတစ်ပတ်တော့ မဖြစ်မနေ စမ်းသပ်ချင်နေတဲ့ ကိုးရီးယားကင်မ်ချီလုပ်ဖြစ်ပါတယ်။
အရင်ဆုံး  ကိုးရီးယားစတိုးဆိုင်ကိုပြေးပီး ငရုတ်သီးမှုန့် သွားဝယ်ရပါတယ်။
ဒီမှာကျောင်းလာတက်နေတဲ့ကျွန်မ ဆရာရဲ့အမျိုးသမီးက ကင်မ်ချီအမြဲလုပ်ပေးတယ်၊ သူတို့အိမ်နီးနားချင်းတွေ လဲ ကိုးရီးယားတွေများတော့ သူက ကင်မ်ချီလုပ်တိုင်းကျွန်မအတွက်ဗူးလေးနဲ့ထည့်ပေးတယ်။
အခုနောက်ပိုင်းတော့သူလဲခါးနာလို့ မလုပ်နိုင်တော့ဘူး။ ကျွန်မက သူ့ကိုဘယ်လိုလုပ်ရလဲမေးတိုင်း  အာ... မလုပ်နဲ့ ဒီမှာလုပ်ပေးမယ်.. မပူနဲ့ ဘယ်တော့စားချင်လဲ..ဘဲမေးလေ့ရှိတယ်။ ကျွန်မလဲ သူနေမကောင်းတော့ အားနာနေတာတစ်ကြောင်း၊ အခုတစ်လော ကင်မ်ချီအရမ်းစားချင်တာတစ်ကြောင်း ကိုယ်တိုင်စမ်းသပ် လုပ်ဖို့ ဖြစ်လာတော့တာ။  မမလု ဆီမှာ ကင်မ်ချီလုပ်နည်းရေးထားပေးတယ်၊ သူ့ဆီကနေ အခြေခံအချက်လက်တွေ သွားယူ၊ ပီးတော့ အင်တာနက်မှာ ဟိုရှာဒီရှာ နဲ့ အလွယ်ဆုံးနဲ့ကိုယ့်စိတ်ကြိုက် အရသာတွေ့မယ့်ပုံဆံမျိုးဖြစ်တောင်ဖန်တီးယူလိုက်ပါတယ်။
  1. မုန်လာထုပ် (၂)ထုပ်
  2. ခါကြက်ဥ တစ်လုံး
  3. ကင်မ်ချီလုပ်တဲ့ ငရုတ်သီးမုန့် ၂ဇွန်း
  4. ဆား ကြမ်း (၂) ဇွန်း
  5. ငါးငံပြာရည် အနဲငယ်
  6. ငရုတ်သီးအစိမ်းတောင့်ကြီး (၁၀) တောင့်  (ကြက်သွန်မိတ်လိုအပင်ကြီးတွေအစား ငရုတ်သီးထည့်တာပါ)
  7. ပန်းသီး (၁ လုံးရဲ့တစ်ဝက်)
  8. သစ်တော်သီး (၁လုံးရဲ့တစ်ဝက်)
  9. ကြက်သွန် ဖြူ (၁)လုံး
  10. ကြက်သွန်နီ (၂) လုံး အနေတော်
  11. ဂျင်း (၃) တက်
ကဲ၊ အားလုံးစုံပီဆိုရင် ကင်မ်ချီ စလုပ်ပါတော့မယ်။
  1. မုန်လာထုပ်ကို တစ်လွှာချင်း ခွာထုတ်လိုက်ပီးရေစင်အောင်ဆေးပါမယ်၊ ပီးရင်တော့ လက်နှစ်ဆစ်စာ လှီးဖြတ်ပီးရေစစ်ထားပါ။
  2. ဆားအကြမ်း (ပင်လယ်ဆား) ကို ရေနွေးလေးနဲ့ဖျော်ပီး လှီးထားတဲ့မုန်လာထုပ်တွေထဲထည့်ပီးတော့ သမသွားအောင် ဖွနယ်လိုက်ပါတယ်၊  မုန်ညှင်းချဉ်လို ဖျစ်ညှစ်နယ်ဖို့မလိုပါဘူး။
  3. အဲဒါပီးသွားရင်တော့  ဆားရည်နဲ့ရောထားတဲ့မုန်ညှင်းတွေကို ၄ နာရီလောက် ထားပါ။(ကျွန်မ နေ့လည်စာ စားချိန် ၁၂-၁ နာရီကြားမှာ လုပ်ပီး ထားခဲ့လိုက်တယ်၊ ညနေ (၅) နာရီ အိမ်ပြန်ရောက်မှ နောက်တစ်ဆင့် ဆက်လုပ်ပါတယ်။)
  4. နှပ်ထားတဲ့ မုန်ညှင်းထုပ်ကို ရေနဲ့ထပ်ဆေးလိုက်ပါတယ်၊ ဆားအရမ်းငံတယ်၊ ရေနဲ့တစ်ခါလောက်ထပ်ဆေး ရင်ရပါပီ။
  5. ဂျင်း၊ ကြက်သွန်ဖြူ ကို ညက်နေအောင်ထောင်းပီးထည့်ပါ။
  6. ငရုတ်သီးစိမ်းကို လိုသလောက်အနေထားဖြတ်ပီးထည့်။
  7. ခါကြက်ဥလေးတွေလဲ အခွံနွှာ ပါးပါးလေးခြစ်ပီးထည့်။
  8. ကင်မ်ချီလုပ်တဲ့ငရုတ်သီးမှုန့်ကို ရေနွေးလေးနဲ့ပျစ်ပျစ်ဖျော်ပီးထည့်ပါ၊
  9. ငံပြာရည်နဲနဲထည့်ပါ၊ မျှင်ငံပြာရည် ပိုကောင်းတယ်ပြောပါတယ်၊ ဒီမှာတော့ ငါးငံပြာရည်လေးဘဲ နဲနဲထည့်လိုက်ပါတယ်။ နှစ်ခုခွဲလုပ်တာ သတ်သတ်လွတ်အတွက် ငံပြာရည်မပါဘူး။
  10. ပန်းသီး နဲ့သစ်တော်သီး တစ်ဝက်ဆီ နဲ့ ကြက်သွန်နီ တွေကို ဘလန်ဒါနဲ့ ညက်နေအောင်ကြိတ်ပီး အဲဒီအရေ ပါ လောင်းထည့်လိုက်ပါ။  
  11. အခုဆိုအားလုံးစုံသွားပါပီ၊ စပီး ဖွဖွလေးနယ်ပါ၊ မုန်လာထုပ်က အရမ်းကြွပ်ပါတယ်၊ အရမ်းမွစိသွားလဲ စားလို့ မကောင်းတော့ဘူး။
    နယ်လို့သမသွားရင်တော့ အဖုံးလေလုံတဲ့ ဗူးကြီးထဲထည့်ပီး (၂၄) နာရီ အပြင်မှာထားပါ၊  
  12. (၁၂) နာရီ နဲ့တင် စားကြည့်လိုက်တော့ ချဉ်နေပီ၊  မုန်လာထုပ်ကြွပ်ကြွပ်လေးနဲ့ အရသာလေးက တစ်မျိုးလေး၊ ကိုယ်တိုင်လုပ်လို့လားမသိ၊အရမ်းကိုကောင်းတာ..း)



ထပ်ချဉ်တာလိုသေးလို့ (၂၄) နာရီအပြည့်အပြင်မှာထားလိုက်တယ်၊ ပီးရင်တော့ ရေခဲသေတ္တာထဲ ထည့်ထား လိုက်ပါတော့တယ်၊ ကဲ..လိုသလို ထုတ်စားလို့ရပီလေ...
အပျင်းပြေ ခေါက်ဆွဲပြုပ်စားတာဖြစ်ဖြစ်၊ ချက်ရမှာပျင်းလို့ခေါက်ဆွဲပြုပ်စားတာဖြစ်ဖြစ် အအီပြေလေး ကင်မ်ချီ၊ ဒါမှမဟုတ် ငပိရည်နဲ့ ချဉ်ဘတ်အစား ဘဲ စားစား၊ ထမင်းစားရင် အရန်ဟင်းအဖြစ်ဘဲစားစား.. ချဉ်စပ်လေးနဲ့ ကြွပ်ကြွပ်လေးမို့ အကြိုက်တွေ့မှာ အမှန်ဘဲ။
ကျွန်မချစ်သူလား၊ ဟင်းသီးဟင်းရွက် ကောင်းကောင်းစားလဲရရက်နဲ့ တစ်မင်ချဉ်အောင်လုပ်ပီးစားတယ်ဆို ပီး ပွစိပွစိ လုပ်နေလေရဲ့။
ဒီနေ့တော့ ထပ်ပီး  အတွန့်တက်ပြန်တယ်၊ အချဉ်လုပ်ထားတဲ့ ကင်မ်ချီ သိုး/မသိုး ဘယ်လိုသိရမလဲ၊သွား ဖွင့်ကြည့်အုံး ချဉ်နေရင်လွှင့်ပစ်လိုက်တဲ့.. ဟူးးးးးးးးးးးးးးးး  jungly ကြွားမိတာ မှားတာဘဲ။

ကျွန်မကတော့ မြန်မာပြည်က ချဉ်ဖတ်ကိုအကြိုက်ဆုံး... ဒါပေမယ့်ကျမ်းမာရေးရှုထောင့်ကကြည့်ပီးတော့ ကိုးရီးယားချဉ်ဖတ်နဲ့ လောလောဆယ် ကျေနပ်နေလိုက်အုံးမယ်.. 

Friday, May 14, 2010

ပိန္နဲသီးသုပ် အုန်းနို့အနှစ်ဆမ်း

ရွာအလွမ်းပြေပိန္နဲသီးသုပ်စားရအောင်။ 
ကျွန်မအဖွားရွာမှာတော့ သွားလည်တိုင်း အဖွားရဲ့ နောက်ယောက်ျား အဖိုးက ပိန္နဲသီးပြုပ်ကို ကြက်သွန်စိမ်းနဲ့ သုပ်သုပ်ကျွေးတယ်။ ဒီမှာတော့ သူတို့ရိုးရာအစားစာထဲမှာ ပိန္နဲသီးကိုအုန်းနို့နဲ့ဂျင်းနဲ့ချက်တာ ခဏခဏတွေ့ ရတယ်။  ကျွန်မကတော့ ပန္နဲသီးတစ်လုံးစိတ်ကြိုက်သွားဝယ်၊ အခွံနွှာ၊ အတုံးကြီးကြီး တုံးပီ နူးအောင်ပြုပ်လိုက် တယ်။ အစေးတွေကတော့ရှောင်မရဘူးနော်။  ဆီလေးဆောင်ထား၊ လက်မှာရော၊ ထည့်ဆေးတဲ့ဇလုံမှာရော အစေးတွေကပ်နေတယ်၊ ပိန္နဲသီးက အခွံနွှာတုံးထား နဲနဲလေသလပ်ရင် ညိုလာတယ်။ ဒီကရောင်းတဲ့အသီးတွေက သူတို့ ပါးပါးလှီးထားပီးသား၊ ပီးတော့ ဘာအရည်နဲ့ဆေး ထားလဲမသိဖြူဖွေး နေတာ။
ပိန္နဲသီးပြုပ်ထားတဲ့အတုံးတွေကို အအေးခံပီး ပါးပါးလှီး၊ ဒါမှမဟုတ် လက်လေးနဲ့နွှာထားပါ။
ကျွန်မတော့ သူငယ်ချင်းတွေလဲကျွေးမှာမို့ သေသေချာချာဓါးပါးလေးနဲ့လှီးထားပါတယ်။
ကြက်သွန်ဖြူနီကို ဆီချက် ကြွပ်ကြွပ်လေးသတ်ထား၊ ဆီစစ်ထားပါ 
မြေပဲထောင်း
ငရုတ်သီးစိမ်း (၆) တောင့်
အုန်းနို့ စစ်စစ်ကို ကြိုပီး အနှစ်ရအောင်လုပ်ထား
ဆားအနဲငယ်..
သံလွင်ဆီအနဲငယ်  
အားလုံးသမအောင်မွှေပီး အုန်းနို့အနှစ်လေးပါအပေါ်ယံဖြူးပီး ဇွန်းလေးနဲ့ထပ်မွှေလိုက်ပါ။
အုန်းနို့အနှစ်ချိုပီးစိမ့်လို့အချိုမှုန့်မလိုတော့ဘူးနော်။
ကျွန်မကတော့ အချိုမှုန့်မပါရင်အရသာ မလေးဘူးခံစားရလို့နဲနဲလေး ထည့်တယ်၊ လေး-ငါး ပွင့်ပေါ့။
ဒါဆိုရင်တော့ အရသာတစ်မျိုးဆန်းတဲ့ ပိန္နဲသီးသုပ်အုန်းနို့အနှစ်စမ်းလေး ရပါပီ။
သူငယ်ချင်းတွေအတွက်လဲအဆင်ပြေ၊ ကျွန်မအတွက်လဲ စိတ်ကြိုက်ဖြစ်စေမယ့်အရသာရပီမို့  စိတ်ဝင်စားရင် စမ်းကြည့်ပီး မြိန်ရည်ရှက်ရေ စားသုံးနိုင်ပါပီ။ 

Sunday, May 9, 2010

မာမီ နှင့် ကျွန်မ

ကျွန်မအမေနဲ့ရင်းရင်းနှီးနှီးနေလေ့မရှိဘူး။  ငယ်ငယ်ကတည်းကအကျင့်ဖြစ်နေတော့။
ကျွန်မဆေးရုံတက်နေတဲ့အချိန်တွေ၊ နေမကောင်းဖြစ်တဲ့အချိန်တွေတော့ မာမီ့ကိုပိုသတိရတယ်။
ကျွန်မခံစားနေရတာတွေသူကြည့်ပီး အမြဲငိုနေလေ့ရှိတယ်။  တစ်ခါတစ်လေ ပါးပါးကိုပြောတတ်သေးတယ်၊ ဗိုက်ထဲပြန်သွင်းထားလို့ရရင် သွင်းထားချင်ပါတယ်တဲ့။း)
အဲဒါမောင်လေးနဲ့ညီမလေးက ဒီလောက်အကောင်ကြီးကြီး ရှည်ရှည်ကိုဘယ်လိုပြန်ခွေခေါက်သွင်းမလဲလို့ ပြန်ပြောလေ့ရှိတယ်။
မာမီက သူနာပြုဆရာမတော့မဟုတ်ဘူး၊ ဒါပေမယ့် ဆေးအကြောင်း အကုန်နားလည်တယ်။ တစ်ခုခုဖြစ်ရင် သူ့ကိုမေးပီးဆေးသောက်ရုံဘဲ။
သူဘယ်အချိန်မှာစက်ချုပ်သင်ခဲ့လဲကျွန်မမသိဘူး၊ ဒါပေမယ့် ကျွန်မတို့အခုချိန်ထိအ၀တ်စား သူချုပ်ပေးနေ တုန်းဘဲ။ 
ရွာမှာမွေးပီး မြို့မှာကြီးပေမယ့် စိုက်ပျိုးရေး၊ မွေးမြူရေးအရမ်းဝါသနာပါတယ်။  အိမ်မှာဆို ပန်းပင်၊ သစ်ခွပင်၊ သီးပင်စားပင်တွေနဲ့ ဘဲ/ကြက်တွေအများကြီးဘဲ။ ခွေးလေးတွေလဲပါတယ်။
ညီမလေးကတော့ မာမီနဲ့နဲနဲဆင်တူတယ်၊ ကျွန်မကတော့ ပန်းတွေပွင့်ရင်လိုက်လိုက်ခြွေတတ်တယ်၊
ဖျက်ဆီးရေးသမားပေါ့၊
မာမီက ရွာမှာမွေးတော့ ဘယ်လဘယ်ရက်မွေးလဲသူမသိဘူး၊ ပါးပါးကတော့ ရွာမှာရေကြီးတဲ့လမွေးတယ် ဆိုပီးနောက်လေ့ရှိတယ်။
တရုတ်သွေးနွယ်တဲ့မာမီက အသားဖြူတယ်၊ ကျွန်မတို့မောင်နှမ (၃)ယောက်ကတော့ သူ့လောက်မဖြူဘူး။  
အသိမိတ်ဆွေတွေကတော့ သမီးနှစ်ယောက်အမေ့အလှကိုမမှီဘူးပြောနေတုန်းဘဲ၊ ခုထိဘဲ။
ကျွန်မ ကျောင်းပီး အလုပ်လုပ်တဲ့အချိန်ထိ တစ်ခါမှဈေးမသွားခိုင်းဖူးဘူး၊ လိုတဲ့အ၀တ်စားအသုံးဆောင် သူဘဲ ၀ယ်ပေးလေ့ရှိတယ်၊ ကျွန်မလဲတစ်ခါတစ်လေ လိုက်သွားတယ်၊ ဒါပေမယ့် အမေတွေရဲ့ထုံးစံ ဈေးစစ်တာတွေ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဆို ကျွန်မက ဆက်မလိုက်တော့ဘူး။
ချစ်သူက နောက်သလိုလိုနဲ့ မာမီ့ကို ပြောရမယ်၊ သမီးကိုလောကကြီးအကြောင်းဘာမှမသင်ပေးဘူးတဲ့လေ။ 
တစ်ကယ်တမ်းတော့လဲဟုတ်တယ်၊ လိုလေသေးမရှိအကုန်လုပ်ပေးတော့ ကျွန်မဘာဆိုဘာမှ မယ်မယ်ရရ မသိခဲ့သလို၊ စည်းကမ်းလဲတင်းကျပ်လွန်းတော့ သူငယ်ချင်းလဲမရှိခဲ့ပြန်ဘူး၊ သူငယ်ချင်းရှိတာလေးနဲနဲက တော့ သူဆင်ဆာဖြတ်ထားတဲ့သူတွေပေါ့။ အဲဒီသူငယ်ချင်းတွေကိုအစ ကူးကူး ကို ဒီလိုပြော၊ အဲဒါစားတာ တွေ့ရင် မစားခိုင်းနဲ့၊ ဟိုမသွားခိုင်းနဲ့၊ မတဲ့ တဲ့အစာတွေစာရင်းက ဒီလို.. အဲဒါတွေယောင်လို့တောင် မကျွေး နဲ့၊ စသည်ဖြင့် အကုန်လိုက် ထိမ်းချုပ်တတ်ပါသေးတယ်။
ကျောင်းတုန်းက ကျွန်မဆီရောက်တဲ့ သူငယ်ချင်းတွေကစာဆိုလဲ သူကအရင်ဖောက်ဖတ်ပီးသား၊ ပီးမှ ကော် လေးနဲ့ပြန်ကပ်ပီးကျွန်မကိုပေးတတ်တယ်၊ အဲတုန်းကတော့ အရမ်းကိုစိတ်ဆိုးခဲ့တယ်၊ စကားမပြောဘူး၊
ပီးတော့ သူငယ်ချင်းတွေအဖွဲ့လိုက် အပြင်သွားကြတယ်၊ Picnic ထွက်ကြပီဆိုလဲ မလိုက်ခိုင်းဘူး၊
ကျွန်မကတော့ ဘာမှမတတ်နိုင်တော့အစာငတ်ခံဆန္ဒပြပါတယ်၊  အိပ်ရာထဲခွေအိပ်နေပီး ဘာမှမစားဘူး၊   ၁ရက် ၂ရက်ဆိုရင်တော့ မာမီကပြန်လာချော့ပါတယ်၊ အဲဒါလဲမစားပါဘူး၊ နောက်တော့ ဗိုက်အရမ်းစာတော့ မှ ထစားပါတယ်၊ ပီးရင်စကားမပြောဘူး၊ တစ်ပတ်နီးပါဘဲ...
ကျောင်းတုန်းက အဆောင်မှာနေတော့ အခန်းထဲက အိပ်ရာကအစ၊ အ၀တ်စားတွေ အသုံးဆောင်တွေ ကျောင်းမဖွင့်ခင်အကုန်လာပြင်ဆင်သွားပေးတယ်၊ ကျောင်းပိတ်လို့ပြန်ခါနီးဆို အဆောင်လိုက်လာပီး အကုန် သိမ်းဆည်း လိုတာထုပ်ပိုးပြင်ဆင်ပေးပီး အိမ်ပြန်ခေါ်သွားတယ်၊ သူငယ်ချင်းတွေက ကျွန်မကို အားကျတယ်၊  သူတို့လဲအဲလိုအမေမျိုးလိုချင်သတဲ့။ ကျွန်မကတော့ ကိုယ့်စိတ်ကြိုက်လုပ်ခွင့်မရတော့ စိတ်ထဲမှာအင်တင် တင်ရယ်၊  အဲဒီနောက်ပိုင်းတော့ အကျင့်လိုလိုဖြစ်လာပီး မာမီမရှိရင် ကျွန်မဘာမှမလုပ်တတ်တော့ဘူး။
အဆောင်မှာနေတုန်း သူများတွေချက်တာတွေလိုက်ကြည့်ပီး ဒီနွေအိမ်ပြန်ရင်တော့ အိမ်မှာ ချက်အုန်းမှ ဆိုပီး တေးထားပေမယ့် အိမ်ရောက်လဲမီးဖိုချောင်ပေးမ၀င်ပြန်တော့ နောက်ဆုံးထုံးစံအတိုင်း မာမီဟင်းချက်နေတာ ဘေးကဘဲထိုင်ကြည့်ရင်း အချိန်ကုန်ပြန်တယ်..  မီးဖိုချောင်ကိစ္စဆို ကျွန်မကိုခိုင်းတာတော့ ပဲပင်ပေါက် အမြစ်ချွေတာ၊  ဒါတောင်ပါးပါးက အေ၇ှ့က ကာဆီးကာဆီးလုပ်သေးတယ်..  သူကလဲကျွန်မကိုခိုင်းရင် မကြိုက်ဘူး။ စောင်ခေါက်တာတောင်မှ လေးတဲ့စောင်အထူကြီးတွေဆို မခေါက်ခိုင်းဘူး။
မောင်လေးနဲ့ညီမလေးကတော့ သူတို့လွပ်လပ်သင့်သလောက် လွပ်လပ်ခဲ့ဖူးတယ်၊ အိမ်ကစ္စတွေလဲ တတ်သင့်သလောက်လုပ်ခဲ့ဖူးတယ်၊  ကျွန်မကတော့ သိပေမယ့် ဘာမှမလုပ်ခဲ့ရဘူး၊  အလိုလိုနေရင်းအိမ်မှာ အငယ်ဆုံးလိုဖြစ်နေခဲ့တာ... အခုထိပါဘဲ။
တစ်ယောက်တည်းနေတဲ့အခါတော့ အစုံပလုံချက်ပြုပ်တော့တာဘဲ.. ဒါပေမယ့် အဆင်မပြေပါဘူး၊ ၁ နှစ်ကျော် ကျော်လောက်မှ အကျင့်သားဖြစ်လာတာ.. အိမ်မှာ ကလားကာ တပ်တာကအစ၊ အိမ်တွင်းအပြင် ဆင်တွေ ကမောက်ကမဖြစ်နေတာ...  ညီမလေးလာလည်တုန်းက.. မာမီက ဖုန်းဆက်ပီး နင့်အမ အိကျီတွေ ဘယ်လိုစီထည့်ထားပေး၊ ဘယ်ဟာက ဘယ်နေရာ၊ မီးဖိုချောင်သုံးပစ္စည်းစီတာကအစ သူက လှမ်းခိုင်းနေပါ သေးတယ်။
ကိုယ်တိုင်မလုပ်ခဲ့ရပေမယ့် မာမီ ကအိမ်ထောင်ရှင်မ ပီသ လွန်လွန်းးး လို့.. ကျွန်မလဲ အတုမြင်အတတ်သင် အကုန်လိုက်လုပ်နေတာဘဲ... 
ငယ်ငယ်ကနေအခုထိ မိဘစကားမလွန်ဆန်ရဲခဲ့ပေမယ့် ချစ်သူရတော့ ချစ်လွန်းတော့လဲ ရည်းစားခိုးထား ရဲတဲ့သတ္တိရှိနေပြန်တယ်.. 
ကျွန်မဒီလ အိမ်အရမ်းပြန်ချင်တယ်.. ဘာကြောင့်မှန်းမသိ၊ ဖုန်းဆက်ရင်လဲ သမီးဖုန်းဖိုးအရမ်းကုန်မယ်ဆို ပီး စကားအမြန်လုပြောနေတဲ့ မာမီ့ကိုတွေးရင်း စိတ်မကောင်းလဲဖြစ်မိတယ်..
ကျွန်မဆီကနေဖုန်းဆက်ရင်တစ်ကယ်လဲအရမ်းကုန်ပါတယ်၊ (၅) မိနစ်လောက်ရင် ၅၀ လောက်သွားပီ။
မောင်လေးကတော့ gtalk သုံးဖို့သင်ထားပေးတာဘဲ.. ကို TZA ဘလော့က သူ့မာမီ gtalk သုံးနည်း မှတ်စု စာအုပ်လေးတွေ့တော့ မာမီ့ကိုပိုသတိရသွားတယ်။ 
အမေများနေ့မှာ သားသမီးတွေ မရိုးနိုင်တဲ့ပုံစံအမျိုးမျိုးချစ်ပြတဲ့၊ ဂရုစိုက်ပြတဲ့မိခင်တွေအားလုံး ကျမ်းမာ ကြပါစေ။ 



Saturday, May 8, 2010

ဆံတု

ကျွန်မစာဖတ်တတ်တဲ့အရွယ်မှာ ကျောင်းအားတဲ့ရက်တွေဆို စာအုပ်ဘဲသည်းမဲဖတ်တာ၊ ထမင်းမေ့ ဟင်းမေ့ဘဲ။  အကျင့်ဖြစ်သွားတာလဲပါမယ်။  အမေကအလုပ်သွား၊ အဖေလဲခရီးထွက်တော့ မာမီက အပြင်မသွားခင်မှာစာအုပ်တွေဌားထားပေးတယ်၊ မဟော်သထာ၊ ကာတွန်းစာအုပ်တွေနဲ့ ပုံပြင်စာအုပ်တွေပေါ့။  ကျွန်မငယ်ငယ် မင်းသမီးအရမ်းဖြစ်ချင်တယ်၊ မင်းသမီးတောင်မှ ခါးမှာအတောင်ပံအကော့လေးနဲ့စင်ပေါ် ကတဲ့မင်းသမီးပေါ့။  ကာတွန်းစာအုပ်တွေထဲက မြန်မာ့သမိုင်းရာဇ၀င်ထဲက ဗာရာနသီမင်းတို့၊ မင်းသမီး လေးတွေကတာတို့ ဆိုရင်အရမ်းကိုသဘောကျတာ၊  ကျွန်မတို့နေတဲ့အိမ်နားမှာ ချောင်းတစ်ခုရှိတယ်၊ ဗေဒါပင်တွေအများကြီးဘဲ။ အချို့အပင်တွေသူများလာဆွဲပီး သယ်သွားတဲ့အခါ ချောင်းစပ်နားမှာကျန်ခဲ့တဲ့အပင်တွေက ရေနဲ့မထိ အပင်သေတော့ ဗေဒါပင်အမြစ် တွေလဲ ခြောက်ပီး မသိရင် ဆံပင်အတုလိုဖြစ်ကျန်ခဲ့တယ်လေ။
အဲဒါတွေကို မာမီမရှိရင် ကျွန်မသွားကောက်၊ ပီးရင်တော့ ဆံပင်အတုတွေလုပ်...သဘောတွေအကျကြီးကို ကြနေတာ.. ပီးရင် ကျွန်မရဲ့အရုပ်မတွေမှာ မြန်မာမင်းသမီးတွေလိုဆံပင်အရှည်ကြီးတွေတပ်ပေး၊ ပိတ်စ ဟိုတစ်ပိုင်းဒီတစ်ပိုင်းကိုဖြတ် ထမိန်အရှည်ကြီးချုပ်၊ အမြီးရှည်ရှည်လေးပေါ့.. 
မနေ့က ကျွန်မ burmeseclassic မှာ ကျိုက်ထီးရိုးဆံတော်ရှင်သမိုင်း ကားတွေ့တော့ဝမ်းသာအားရ ကြည့်မိ တယ်။ တစ်ကယ်ပါ၊ မြန်မာကားဆို စိတ်သိပ်မ၀င်စားပေမယ့် မြန်မာ့ရာဇ၀င်သမိုင်းကားတွေ ကျွန်မအရမ်း ကြိုက်တယ်။ ငယ်ငယ်တုန်းကလဲကြည့်ဖူးတယ်၊ အဲတုန်းက ချယ်ရီသင်းနဲ့ မင်းသားနာမည်မမှတ်မိတော့ ဘူး။ အရမ်းကောင်းတယ်၊ လွန်ခဲ့တဲ့၁၀ နှစ်ကျော်လောက်ကကြည့်ဖူးတဲ့ကားနဲ့ဇတ်လမ်းလေးကို အခုထိ မှတ်မိ နေတယ်။ သူများမေးလဲ အဲလိုဘဲပြန်ပြောပြတာပေါ့။  မနေ့က ကြည့်တော့ အခုခေတ်ပြန်ရိုက်ထားတဲ့ ကားပါ။ ဝေဖန်တာတော့မဟုတ်ဘူး၊ ဒါပေမယ့် အရင်လောက်မကောင်းတာသေချာတယ်.. အဲဒါနဲ့ဘဲ ကျွန်မ ရသေ့ ကြီးဆံပင်ကိုတွေ့တော့ ငယ်ငယ်က ဆော့တဲ့ ဗေဒါပင်ခြောက် ဆံပင်လုပ်ခဲ့တာသတိရသွားတာ...
ဇတ်လမ်းလေးကတော့ကောင်းတယ်.. အရင်တုန်းကဇတ်လမ်းနဲ့ နဲနဲတော့လွဲသွားတာပေါ့..  ရိုက်မယ့်ရိုက် ယုတ္တိရှိအောင် ရိုက်ရင် အရမ်း ကောင်းမှာဘဲလို့စဉ်းစားမိတယ်။
ငယ်ငယ်ကကြည့်တဲ့ကားမှာတုန်းကတော့ဆံတုတွေလဲ ဒါ့ထက်အများကြီးကောင်းတယ်..  ဒါတောင် ဆယ်စုနှစ် ကျော်ခဲ့ပီ.. သမိုင်းဝင်ကားတွေရိုက်တဲ့အခါ အရည်သွေးနဲ့ သုံးတဲ့ အ၀တ်အစားအဆောင်ယောင် တွေ ဘာကြောင့်များမတိုးတက်လာလဲလို့စဉ်းစားမိတယ်..  ဖြစ်စေချင်တာပါ။  အခုတော့ ခေါင်းပေါ် ဖြစ်သလို အမဲဆံတုကြီး (ဆံပင်နဲ့တောင်မတူ) စွပ်ထားပီး ဘာလို့များ ငွေကြေးကုန်ကျခံရိုက်လဲဆိုတာတော့ ဥဏ်မမှီ လို့မစဉ်းစားတော့ဘူး၊ ဇတ်ကားထဲက ဇတ်လမ်းဇတ်သွားလေးရယ်၊ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းမို့လို့ ရယ် ပီးတဲ့အထိစိတ်၇ှည်လက်ရှည်ကြည့်မိတယ်.. ဒါပေမယ့်အဲဒီဆံတုကြီးဘဲ မျက်လုံးထဲဝင်ဝင်လာတာကြောင့်.. 
တိုက်ဆိုင်တော့ ဘုရားကျောင်းသွားတယ်.. အဲဒီ ဆံပင်အတုကြီးကိုဘဲ မျက်လုံးထဲစွဲနေတယ်..
ကိုယ့်နားပတ်ဝန်းကျင်မှာရှိတဲ့သူတွေကလဲ ဆံပင်တွေက အတုကြီးတွေလားအောက်မေ့ရတယ်..
ဗေဒါပင်အမြစ်ခြောက်ဆံတုရယ်၊ ဇတ်လမ်းထဲက ဆံတုကြီးရယ်၊ အပြင်မှာတွေ့ခဲ့တဲ့ ဆံပင်အစစ်တွေရယ်..
အားလုံးခပ်ဆင်ဆင်ရယ်..  ဘာရယ်မဟုတ်..တိုက်ဆိုင်မှုတွေများလွန်းလို့။




Wednesday, May 5, 2010

ငရုတ်သီးတောင့်ရှည်ပဲပုပ်အစာသွပ်

သူငယ်ချင်းတစ်ယောက်ပို့ပေးလိုက်တဲ့ရှမ်းပဲပုပ်ပြားအခြောက်လေးတွေနဲ့ ငရုတ်သီးအစိမ်းတောင့်ကြီးတွေနဲ့ ချက်ဖို့အကြံရတာကြောင့်အကောင်ထည်ဖော်ကြည့်တယ်။
ငရုတ်ပွကြီးတွေကိုအစာသွပ်တာစားဖူးတယ်။ ဒီတစ်ခါတော့စပ်စပ် စိမ့်စိမ့်လေးဖြစ်အောင် ဒီငရုတ်သီးအစိမ်း တောင့်ရှည်တွေနဲ့ဘဲ ပဲပုပ်ညက်ညက်အစာသွပ်ဖို့ကြံစည်လိုက်တယ်။
ငရုတ်တောင့်ရှည်တွေဒီမှာတော့နှစ်မျိုးရှိတယ်၊ တစ်မျိုးကအရမ်းစပ်တယ်၊  အခုသုံးတဲ့တစ်မျိုးကတော့သိပ်မ စပ်ဘူး။ အခွံလဲထူတော့ ချက်လိုက်ရင်အရသာလေးကတစ်မျိုးလေး..စားလို့ကောင်းတယ်။
အထဲကအနှစ်အတွက်တော့ ရှမ်းပဲပုပ်ပြားတွေ ရေနဲ့စိမ်ထားပီး ပါးပါးလှီးထားတယ်။ သတ်သတ်လွတ် သမား တွေအတွက်လဲအဆင်ပြောတာပေါ့။
ကြက်သွန်ဖြူနီနဲ့ဂျင်းကို ညက်ညက်ထောင်းပီး ဆီသတ်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်ထည့်ပီး
ခရမ်းချဉ်သီးကိုညက်ညက်ကြိတ်ပီးထည့်မွှေပါတယ်။
ပီးရင်တော့ ပါးပါးလှီးထားတဲ့ပဲပုပ်တွေထည့်မွှေ၊ အပေါ့ငံအတွက် ဆားသင့်တော်ရုံထည့်၊
ပဲပုပ်ချက်ထားတာကြေလောက်ပီဆိုရင်တော့
ငရုတ်သီးစိမ်းတောင့်တွေကိုရေဆေးပီးအညှာချွေ၊ နှစ်ပိုင်းပိုင်းပီးအလံက အစေ့နဲ့အူတိုင်ကိုထုတ်ပစ်ပါ။
ပီးရင်တော့ ပဲပုပ်ထဲထည့်ရောမွှေလိုက်ပါ.. ပဲပုပ်တွေ ငရုတ်သီးအခြမ်းထဲအလိုလိုဝင်သွားပါလိမ့်မယ်။
နဲနဲနွမ်းလောက်ပီဆိုရင်တော့ ငရုတ်သီးစိမ်းပဲပုပ်အစာသွပ်..ပြင်းပြင်းရှိန်းရှိန်းလေးရပါပီ။
အများကြီးမစားပါနဲ့ အကြောတက်မယ်..သွေးတက်မယ်..
အကြာကြီးအထားခံလို့ နဲနဲစီစားလို့ရပါတယ်။

Tuesday, May 4, 2010

ဘာလီ အက အလှ

ဘာလီရဲ့နောက်ဆုံးညစာလေးကိုတော့ ဘာဘီအကအလှလေးနဲ့ နှုတ်ဆက်ခဲ့ပါတယ်။
သူတို့တွေကတဲ့အထဲမှာတော့ မျက်လုံးဟိုရွှေ့ဒီရွှေ့နဲ့ကတာ စိတ်အ၀င်စားဆုံးဘဲ..
ညဖက်ဆိုရင်တော့ကြောက်ဖို့ကောင်းမှာ... လှုပ်နေတော့ပုံတွေမငြိမ်ဘူးဖြစ်သွားတယ်။


Saturday, May 1, 2010

Tanah-lot Temple ဘာလီ

Karisna ကနေပြန်အထွက်မှာတော့ ကားက Tanah-lot Temple ဆီဦးတည်လိုက်ပါတယ်။
အဲဒီရောက်တော့ ကားမောင်းသမားကပြောပါတယ်။ အမျိုးသမီးတွေဆို ဗိုက်နာတတ်တဲ့ရက်မျိုးနဲ့တိုက်ဆိုင် ရင် temple ကိုမသွားပါနဲ့တဲ့။  အန္တရာယ်များတယ်ဆိုပါတယ်။  အထဲကိုလမ်းလျှောက်သွားတယ်။
လမ်းတစ်လျှောက်ဘေးဆိုင်ခန်းတွေအများကြီးဘဲ။  ဈေးလဲအရမ်းသက်သာတယ်။ အဲဒီနားရောက်တော့ temple က ပင်လယ်အစပ်နားမှာ ဆောက်ထားတာ၊  စကားပန်းလေး ပန်ပေးတဲ့နေရာပေါ့။
ကျွန်မရိုက်တဲ့ပုံလေးကမှာဖျက်မိလို့ ပုံကို ဒီက ခဏ ယူသုံးပါတယ်။ 
အ၀င်နားမှာ လူတွေဝိုင်းနေလို့သွားကြည့်တာ လင်းနို့အကြီးကြီးတွေ့တယ်၊ ဇောက်ထိုးနေနေတာ၊ ဌက်ပျောသီး ပန်းကန်လဲအနားမှာချထားတယ်၊ သူ့ကိုကျွေးရင်စားတယ်၊ သူ့ပုံက ပျင်းနေတဲ့ပုံဘဲ။
အစားစားပီး လျှာကထုတ်သေးတယ်။ ကျွန်မက အကောင်တွေလျှာထုတ်တာတွေ့ရင်အသည်းယားတယ်။ သူ့ လျှာကိုသွားဆွဲထားတော့ ပြန်သွင်းလို့မရဘူး၊  ခဏပါ၊ ပီးတော့ ပြန်လွှတ်ပေးလိုက်တယ်..း)

 ဒါတွေကတော့ temple နားကရှုခင်းတစ်ချို့ပါ။

အယုံကြည်တော့မရှိဘူး။ ဒါပေမယ့် စည်းကမ်းကိုတော့လေးစားလိုက်နာသင့်တယ်ထင်တာဘဲ။ ကျွန်မအရှေ့မှာ လှေခါးထစ်တွေဆင်းရင်းနဲ့ အသားလွတ်ချော်လဲကျတဲ့ အမျိုးသမီးတစ်ယောက်တွေ့တယ်။  သူတို့အဖွဲ့ကလူတွေပျာယာခတ်ပီး အနားက လူတွေလဲလာဝိုင်းမကြတယ်။ သူ့ခြေထောက်ကိုဝိုင်းနှိပ်ပေး နေတာ။ အဲဒါနယ်ခံလူတွေရော.. ကျွန်မအနားကပ်သွားစပ်စုလိုက်သေးတယ်၊ မထင်မှတ်လောက်အောင် ခြေထောက်ကြီးကယောင်ကိုင်းပီး လုံးမမထောက်နိုင်တော့ဘူး၊  ဒါနဲ့အနားက အင်ဒိုတစ်ယောက်က နယ်ခံ တွေပြောတာဘာသာပြန်ပေးတယ်၊  အဲလိုဖြစ်နေရင်မလာပါနဲ့လို့ အတန်တန်သတိပေးရက်နဲ့ မယုံသလို ဟာသလုပ်တာကိုးတဲ့။  အဲလို...
ကျွန်မလဲအယုံကြည်မရှိဘူး၊ဒါပေမယ်သူများတစ်ခုခုသတိပေးရင်တော့ လေးစားသမှုနဲ့လိုက်နာတတ်တယ်။ ကျွန်မတို့အဖွဲ့ထဲက နှစ်ယောက်လောက် လိုက်ချင်တာတောင်ကားပေါ်ကျန်ရစ်ခဲ့တယ်။

ဝေဟင်ပေါ်မှ ဘာလီကိုရှုစားခြင်း

လိပ်ကျွန်းကနေပြန်ရောက်တော့ ပင်လယ်ကမ်းခြေနားက စားသောက်ဆိုင်တွေမှာခဏနားပီး ထမင်းစားကြ တယ်။  အားလုံးပြင်ဆင်ထားပီးသားဆိုတော့ ၀င်စားလိုက်ရုံဘဲ။ ဟင်းတွေကလည်းအများကြီး၊ ထမင်းကလဲ ပူပူ နွေးနွေးနဲ့။ နေပူပူသဲသောင်ပြင်က လေအေးအေးတော့တိုက်သေးတယ်။ ထမင်းစားသောက်ပီးလို့ အသီးဖျော် ရည်လေးနဲ့ ခဏအနားယူတဲ့အချိန်မှာတော့ ကျွန်မတို့အဖွဲ့ထဲကလူတွေက ကမ်းခြေက water sports တွေဆော့ ကြပါတယ်။ ဆားငံရေကြောက်တာကြောင့်သူများတွေကိုဘဲငေးနေရတာပေါ့လေ။
ဒါဘဲ ကျွန်မ ဘော့စ်က လေထီးနဲ့မိုးပေါ်မှာ လွင့်နေတာပြပီး အဲဒါစီးမလားတဲ့။  ကျွန်မက No... thanks!..
ကြောက်လို့မဟုတ်ဘူးလေ၊ လိပ်ကျွန်းကပြန်လာတော့ ခြေထောက်ကသဲတွေနဲ့ ရေပြန်ဆေးရတာနဲ့ သဲမှုန်မွှား တွေကိုယ်မှာကပ်ရင် allergic ဖြစ်တာ ကြောင့်ငြိမ်နေတာ.. နောက်ဆုံးတော့ သူများအတင်း တိုက်တွန်း တာနဲ့ကောင်းကင်ပေါ်ရောက်သွားပါတယ်။

အဲဒီက အကိုကြီးတွေက ပြန်အဆင်းမှာ လက်အိတ်အပြာကိုဆွဲ..အနီလက်နဲ့အပြာကိုဆွဲ..
တစ်ချို့က ဘာမှမဆွဲနဲ့.. နောက်ဆုံးတော့ ကိုယ်လုပ်ချင်ရာလုပ်လိုက်တယ်။ ရေထဲကို စောက်ထိုး landing လုပ်ခါနီးဘဲ..း) သူတို့ကက ပုပုလေးတွေ၊ ဟီး... ကိုယ်ဘဲရှည်တာလား သူတို့ပုလားတော့မသိဘူး၊ အနားလာရပ်ရင် ခေါင်းက ရင်ဘတ်နားမှာဘဲးP
အပေါ်ရောက်တော့ ဘာလီကျွန်းလေးကိုအပေါ်စီးအကုန်တွေ့ရတယ်။ အပေါ်မှာ လေတွေတိုက်နေမယ် ထင်တာ လေအရမ်းငြိမ်နေတယ်။ ပျော်စရာကြီးပါ။  အဲဒီအပျော်အတွက် ရင်းလိုက်ရတာ အပြန်တလမ်း လုံး allergic ဖြစ်တာပါ။း)


အဲဒီကနေပြန်အထွက်မှာတော့ Krisna ကိုရောက်သွားတယ်၊ ပူလိုက်အိုက်လိုက်တာလေ၊ ချွေးတွေ စီးကျတယ်။ အထဲက air con မရှိဘူး၊ လေအေးပေးတဲ့ပန်ကာတွေလောက်သာ မနိုင်ဘူး။  ဈေးဝယ်ဖို့ ရောက် လာပေမယ့် ပူလိုက်လွန်းတာကြောင့်ဘာမှထိချင်ကိုင်ချင်စိတ်မရှိခဲ့ဘူး။ ကလစ်ဝယ်တယ်၊ မောင်လေးမှာ လိုက်တဲ့ဟာလေးတွေဝယ်တယ်။ ပီးတော့ ကားပေါ်ပြန်တက်ထိုင်နေတော့တာ။သူတို့ပြောတာတော့ ဈေးစစ် ဖို့မလိုဘူး၊ ဈေးတော်တဲ့နေရာတဲ့၊ ဒါပေမယ့် သွားမယ့်သူများသတိပေးလိုက်မယ်၊ အဲဒီနေရာမှာဝယ်တာထက် ဟိန္ဒူဘုရားကျောင်းက ဈေးလမ်းမမှာဝယ်တာအများကြီးပိုသက်သာပါတယ်။ အရမ်းပူလွန်းတာကြောင့် အိကျီ လဲချင်လို့ ဘာလီတံဆိပ်လေးပါတဲ့ အိကျီပါးပါးလေးတွေ ၂ထည်ဝယ်တယ်။ ကားပေါ်အရင်ဆုံးပြေးတက်၊ တံခါးပိတ်ပီး အိကျီလဲ။  အဲဒီနေ့က အပူကို အခုထိမှတ်မိတယ်။  ကျွန်မအကြောက်ဆုံးရာသီဥတု က ပူအိုက် နေတာကိုပါ။ 

 
Powered by Blogger