Pages

Thursday, October 28, 2010

ခရမ်းသီး ပြောင်းဖူးစေ့အစာသွပ်

ခေါင်းစဉ်တွေ့တော့ စိတ်နောက်သွားသလား။  အရင်ကဇတ်လမ်းဘဲပြန်ခင်းရမှာ၊ vege potluck အလှည့်ကျတိုင်း ခေါင်းခြောက်အောင်စဉ်းစားရတယ်။ ဘာချက်ရင်ကောင်းမလဲ...ဘယ်လိုချက်ရင်အရသာရှိမလဲနဲ့...
ဒီအပတ်တော့ မွေးနေ့မှာ ပန်းလှူဖို့ ပန်းသွားဝယ်ရင်းနဲ့ farm မှာ ပြောင်းဖူးလေးတွေရောင်းတာတွေ့လို့ ၀ယ်လာ ခဲ့တယ်။ အမှန်ကပြုတ်စားမလို့ပါ။ potluck အတွက် ဘာမှစဉ်းစားမရတဲ့အဆုံး ခရမ်းသီးတွေဝယ်လာလာတာ။  အစာသွပ်မလို့စဉ်းစားတာဘဲ၊ ဒါပေမယ့်သွပ်မယ့်အစာသတ်သတ်လွတ်အတွက် ဘယ်လိုလုပ်မှ အရသာ လေး က လေးပြီးစားလို့ကောင်းမလဲစဉ်းစားနေရင်းနဲ့ ပြောင်းဖူးတွေကိုသွားကြည့်မိတာနဲ့ ကဲ.. ဒီလိုဟိုလို စပ်လိုက် ပါတယ်။
သွပ်မယ့်အစာ အတွက်
  1. ပြောင်းဖူးစေ့လေးတွေကိုလှီးထုတ်ပါမယ်။
  2. ကြက်သွန်ဖြူနီနဲ့၊ ပဲငံပြာရည်အပျစ် နဲနဲကို ဆနွင်း၊ အရောင်တင်နဲ့ ဆီချက်မွေးမွေးသတ်ထားပါ။
  3. မှိုခဲ knorr ကို ၄ ပုံ ၁ ပုံထည့်ပါ၊ 
  4. နောက်ဆုံးမှာတော့ အပေါ့ငံမြည်းပြီး၊ ပြောင်းဖူးစေ့လေးတွေပါရောထည့်ပါ။
  5. အကျက်မြန်တဲ့အတွက် အအေးခံထားလို့ရပါပြီ။
ခရမ်းသီးကို လက်နှစ်ဆစ်အရွယ်ဖြတ်ပီး တစ်ခြမ်းကို လေးစိတ်ထပ်ခွဲထားပြီးတော့၊ ပြောင်းဖူးစေ့ အနှစ်ကို နို့ခဲ၊ ဒါမှမဟုတ် နွားနို့ပျစ်ပျစ်နည်းနည်းထည့်ပီးရောမွှေပါတယ်။ ပြီးရင်တော့ လှီးထားတဲ့ခရမ်းသီး တစ်ဖက်၊ ခွဲထားတဲ့လေးစိတ်ခြမ်းထဲကို အနှစ်လေးတွေ ဇွန်းသေးသေးနဲ့ယူပီး သွပ်ထည့်ပါ၊

အားလုံးပြီးသွားရင်တော့.. ဒယ်အိုးကျယ်ကျယ်ထဲမှာ ရေနွေး နဲနဲထည့်ပီး ခရမ်းသီးလေးဒေါင်လိုက် တန်းစီ ထည့် အဖုံးအုပ် ပြီးနှပ်ပါ။  ရေလိုရင်ထပ်ထည့်ပါ၊  ကျက်ခါနီးမှ ငရုတ်ကောင်းလေးဖြူးပေးပါ။ ဒါဆိုရင်တော့ ပုံလဲမပျက်တဲ့ ခရမ်းသီး ပြောင်းဖူးစေ့အစာသွပ် နှပ် တစ်ခွက် ရပါပြီ။  ခရမ်းသီးအရသာရော၊ ပြောင်းဖူးစေ့ ချိုချိုလေးတွေပါ ရောခံစားနိုင်တဲ့ ဟင်းတစ်ခွက်ပါ။

Tuesday, October 26, 2010

Happy Birthday to Me~~~

ကိုယ့်အတွက်ကိုယ်သီချင်းထိုင်ဆိုနေတယ်။ ရေညှိစွပ် ဘဲသောက်ရမလား၊ birthday cake ဘဲလှီးပြီး ဖူးဖူး..လုပ်ရမလား..
တိုင်ဖွန်း သတိပေးထားတာရှိတော့ အပြင်လဲမထွက်ရဲဘူး။
မနက်နိုးတော့ မိုးတွေအသည်းသန်ရွာနေတယ်။
တစ်နှစ်ထက်ပိုကြီးလာလဲ ဘာမှအထူးထွေပြောင်းလဲလာတာမရှိဘူး။
ဒီပတ်ဝန်းကျင်၊ ဒီခရီး၊ ဒီအိမ်၊ ဒီအတွေး နဲ့...
မနေ့ညနေက ရုပ်ရှင်သွားကြည့်တယ်၊ လူသားစားငါးကား မှန်းမသိခဲ့ဘူး။
ရုံထဲရောက်မှ ထွက်မရတော့ဘူး။။ mr. bean လို
သူများကို လိုက်ခြောက်၊ ရုပ်ရှင်စပြတော့မှ ကြောက်လို့ တစ်ချက်တစ်ချက် ထထ အော်ရတယ်။
မွေးနေ့မှာ ကိုယ့်ကိုယ်ကိုယ်ပြန်အားပေးတယ်..  obm လိုပေါ့..
စာဖတ်ရတာတောင်ပျင်းနေပီမဟုတ်လား....
ကျွန်မလဲမွေးနေ့ကိုပျင်းပျင်းး်း်းး်း်း်း်း ကြီးဖြတ်နေတယ်..

Thursday, October 21, 2010

ဘော်ဒီတောင့်မှ....လား။

ဒီအကြောင်းရေးပြီးမှ ကူးမောင်လေးဝမ်းကွဲပုံတွေတက်လာတော့ သူ့ပုံကိုတွေ့ပြီးတော်တော်အံ့သြသွား တယ်။  အရင်ကပိန်ပိန်ပါးပါးလေး၊ သူ့ကိုလက်ဆွဲရင်ကပ်ပါလာတဲ့ကောင်ကလေးက အခုတော့ ဒီလိုဖြစ်နေ ပါရောလား။ အန်တီကတော့တော်တော်ရင်မောနေရတယ်။  (ရောင်းရန်မဟုတ်ပါ၊း)))

အရင်တုန်းကပေါ့လေ..ကိုယ်ကယောကျာ်းလေးတွေသာငမ်းတတ်တယ်လို့ထင်တာ။   မိန်းကလေးတွေခန္တာကိုယ်ကလှတော့သူတို့က တွေ့ရင်အသည်းအသန်လိုက်ကြည့်ကြတယ်၊ ၀တ်စားထားတဲ့ အပေါ်မှာလဲမူတည်တယ်။ ယောက်ျားလေးတွေအတွက် အထူးဆန်းဆိုတာ ၀တ်ခွင့် မရပေမယ့် မိန်းကလေးတွေကတော့ ကြိုက်သလိုထွင်ဝတ်ခွင့်ရှိခဲ့လေရဲ့။ အဲတော့လဲလိုက် ငမ်းနေ ကြတာဆန်းတော့မဆန်းဘူးပေါ့။ ပြောမယ့်သာပြောတယ်၊ မိန်းကလေးလှလှပပ (သို့) ကြောင်တိ ကြောင်ကျား မြင်မကောင်းအောင်ဝတ်ထားရင် မိန်းကလေးချင်းတောင် ငေးမိ၊ ငမ်းမိသေးတာဘဲ။ အခုခေတ်က ယောက်ျားလေးတင်မက၊ မိန်းကလေးတွေပါ ယောက်ျားလေးတွေပေါ်တင်ငမ်းတဲ့ ခေတ်ရောက်နေပါရောလား၊ အရင်ကတော့ ရုပ်ရှင်တွေထဲမှာ ဟာသအနေနဲ့ထည့်ရိုက်ပေမယ့် အခုတော့ အတည်ဖြစ်နေပီ။  ကိုးရီးယားကားတွေဆိုရင် ယောက်ျားလေးတစ်ယောက် အိကျီချွတ်လိုက်တာနဲ့ ဘာသာပြန်တဲ့ သူတွေတောင်မနေနိုင်..အတင်းကို comment ထည့်တော့တာဘဲ။  မိန်းကလေးတွေဆိုလဲ ဟင်ကနဲ့ဟာကနဲ့.. ကျွန်မစိတ်ထင်..ဘာကြည့်စရာရှိလဲ..ပြားချပ်ချပ်ကိုယ်လုံးနဲ့... အထူးသဖြင့်ဗလတောင့်တောင့်.. ဗိုက်ကချပ်ပီး အရစ်ရစ်တွေထပ်နေပီဆို ရုပ်ရှင်ရုံထဲက မိန်းက လေးတွေတောင် wow..wow.. နဲ့ဖြစ်နေကြတာ...  ဘာတဲ့ Abs .. ဆိုလား..
ကဲနောက်ဆုံးတော့ ကျွန်မ ခေါင်းထဲအတွေးဝင်လာတယ်.. ယောက်ျားလေးထောင်ထောင် မောင်းမောင်းဆိုရင်မိန်းကလေးတွေ ပိုကြိုက်သလား၊ စိတ်ဝင်စားကြသလားပေါ့။ ဒါနဲ့ ကျောင်းတစ်ကျောင်းကိုသွားလည်တယ်။ တက္ကသိုလ်ဆိုတော့ ကျောင်းသူချောချောလေး တွေ များကြီးပေါ့၊ သူတို့ပြောတာ စွံတဲ့ယောက်ျားလေးအများစုက ဗလတောင့်လို့မဟုတ်ဘူး၊ သူတို့ ကိုယ်လုံးက ကြွက်သားတွေနဲ့.. body fit ၀တ်ရင်တော်တော်ကြည့်ကောင်းတယ်၊ ရင်ခွင် ကျယ်ကြီးနဲ့ပေါ့တဲ့။  ဗိုက်ကလဲအရစ်ရစ်တွေနဲ့ 6-pack ဆိုလားပြောပါတယ်။  (rain လိုကိုယ်လုံးမျိုးဖြစ်မယ်ထင်တယ်) အဲလိုကောင်လေး တွေများဆို ပိုက်ဆံမရှိ၊ စာမတော်၊ အပြောဆိုမတတ်လဲဆော်အတော်ကြည်တယ်ဆိုဘဲ။
အလေးမတဲ့ကိုယ်လုံးမျိုးမဟုတ်တာတော့သေချာတယ်..သူတို့က အပေါ်ပိုင်းကြီးပီး ကြွက်သား တွေဖားနဲ့တူတယ်လို့ထင်တာဘဲ။  အ၀တ်စားဝတ်လဲကြည့်မကောင်းဘူး။
ဒါပြောမှ ရန်ကုန်က သူငယ်ချင်းလေးတစ်ယောက်ကိုမှတ်မိတယ်၊ သူလဲ အမျိုးသားရေကုးကန် မှာ သွားသွားကစားတယ်၊ ကိုယ်လုံးလဲ တောင့်တောင့်ဖြောင့်ဖြောင့် ကြည့်လို့ကောင်းပါတယ်၊ သူ့ကိုကျွန်မက အပိုအလုပ်တွေလို့ခဏခဏပြောတယ်၊၊ သူ့မှာဘာမှမရှိဘူး။ ဒါပေမယ့် တော်တော်ဆော်ကြည် တာ။
တစ်ခေါက်မင်္ဂလာဆောင်ပွဲမှာ...ယောက်ျားတစ်ယောက်ဝင်လာပါရော၊  အရပ်မြင့်မြင့် ကိုယ်လုံး က ခပ်မိုက်မိုက်၊ မိန်းကလေးတွေမျက်လုံးက သူ့နောက်ကိုဝဲနေတာ... အစီစဉ်အစအဆုံးဘဲ။  ကလေးအမေတွေတောင် ကလေးနောက်ပြေးလိုက်ရင် သူ့ကို ငမ်းနေ သေးတယ်။ အဖြစ်ကအဲလို။ (အားလုံးကိုမဆိုလိုပါ)
မိန်းကလေးအများစုက သူတို့ချစ်သူ ရည်းစား တွဲတဲ့သူ သူငယ်ချင်းယောက်ျားလေးတွေ အဲလို ဘော်ဒီမျိုးရှိရင် အတော်ဂုဏ်ယူကြတာ။  shopping mall မှာတစ်ရက် ကျွန်မထိုင်ရင်းအကဲ ခတ်ကြည့်တယ်..  အတွဲအများစုမှာ မိန်းကလေးက ဘေးနားက ပျော့စိ နွဲခွေပီး သူတို့ရည်းစား နားမှာ ကပ်နေပေမယ့်၊ ဗလတောင့်တောင့် ကိုယ်လုံးမိုက်မိုက်ကောင်လေးတွေဘေးက မိန်းက လေးတွေ မျက်နှာကလေ အနားမှ သူများရှိတာတောင် သူတို့ သိရဲ့လားမသိ၊ အရာအား လုံးသူတို့ဘဲ အပိုင် ရထားသလို။ mall တစ်ခုလုံးပိုင်သလို ပိုင်စီးစီးရုပ်တွေဖြစ်နေတတ်ကြတယ်။  % နဲ့ တွက်ပြီးပြောတာပါ၊ အယောက်တိုင်းမဟုတ်ပါဘူး။
အခုနောက်ပိုင်းလူငယ်တွေလဲ gym အရမ်းသွားကြတယ်၊ ကျမ်းမာရေးအတွက် က 30% ဘော်ဒီ တောင့်ဖို့က 70%.။။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ခန္တာကိုယ်မျိုးရလာရင်လဲ စိတ်ချမ်းသာ ကိုယ်ကျမ်းမာမယ် ယုံကြည်တာကြောင့်လဲဖြစ်နိုင်တယ်။
အမျိုးသမီးတွေလဲ ထိုနည်းလည်းကောင်းဘဲ။ ကိုယ်လုံးချပ်ချပ်ရပ်ရပ်လေးနဲ့သူ့နေရာသူရှိရင် လှနေတာဘဲ။  အချို့ကတော့ ခပ်တောင့်တောင့် ဖိုင့်ဖိုင့်လေးမှာပိုချစ်စရာကောင်းတယ် ထင်တာ။  ဒါပေမယ့် အစပိုင်းဘဲ၊ ရပီးကြာလာရင်တော့ သူတို့စိတ်ကူးယဉ်နေကြတာ ပိန်ပိန်ပါးပါးတွေဘဲတဲ့။  ကူးကတော့ ကျမ်းမာရေးအတွက်တောင် လေ့ကျင့်ခန်းမလုပ်ဖြစ်တာ ဘော်ဒီ လှဖို့တော့ မစဉ်းစားရဲပါ။
ဒီစာရေးထားတာကြာပြီ၊ မတင်သေးဘဲ သိမ်းထားတာ၊ မနေ့ညက အပြင်သွားတော့ gym နားအဖြတ် ကောင်လေးတစ်ယောက် gym ထဲကနေထွက်လာပါရော၊ ပ၀ါအသေးလေး လည်ပင်းမှာတင်ပြီး စွပ်ကြယ်အပါးလေးနဲ့၊  လမ်းဘေးက ကားဆရာတွေ သူ့ကို လှမ်းပီး အားကျတဲ့အကြည့်နဲ့ငေးနေကြတာ။
ချစ်သူကိုပြောတယ်၊ လေ့ကျင့်ခန်းလုပ်ပါ... ဗိုက်ပူနေပီ၊ ဆိုတော့ ပူလဲတစ်ယောက်ဘဲ၊ မပူလဲ တစ်ယောက်ဘဲတဲ့။  အခုတော့ ဘယ်က motive ၀င်လာလဲမသိပါဘူး၊ လေ့ကျင့်ခန်းအသည်း သန်လုပ်နေလေရဲ့။
ကျွန်မကတော့ ယောက်ျားလေးဆို ဘော်ဒီတောင့်မတောင့် သိပ်စိတ်မ၀င်စားပါ။  ဒါပေမယ့် အတော်သင့်ဘာဝတ်ဝတ်ကြည့်ကောင်းတာမျိုးတော့သဘောကျပါတယ်၊
အခုလက်တွေ့ ကြုံနေရတာလေးတွေ ရေးချမိတာပါ၊ ကိုယ့်စိတ်ကူးနဲ့ကိုယ်၊ ကိုယ်ခုံရုံးတင် ကိုယ်ဆုံးဖြတ်ချက်ချ၊ ကိုယ်ထောက်ခံပေါ့။း))
လမ်းကြုံခဲ့ရင် ဘော်ဒီတောင့်တောင့်နဲ့ယောက်ျားလေးရဲ့ရည်းစားနဲ့ သာမန် ကိုယ်လုံးကိုယ်ထည် ယောက်ျားတစ်ယောက်ရဲ့ ရည်းစား ယှဉ်ကြည့်အားရင်ကြည့်လိုက်ကြပါအုံး။

photo credit to

Wednesday, October 13, 2010

အသားဒိန်ချဉ်နှပ် နှင့် တုံမ်ယမ်း

ချစ်သူဆီက ရထားတဲ့ recipe ခိုးတင်တာ ပါ။ သူက ကျွန်မကိုအတန်တန်သတိပေးပါတယ်၊ ဘလော့ပေါ်မတင် ပါနဲ့ တဲ့။ 
အရင်အပတ်တွေက ဖလူး.. ဖလူး.. ကြောင့် ဖျားနေတာ.. ထမင်းလဲမချက်ဘူး၊ အစာလဲမယ်မယ်ရရမစား ဘူး။ ဒါနဲ့ ခံတွင်းပျက်တယ်လို့ ပြောမိတာကြောင့် ချစ်သူက အဲဒါလေးလုပ်စားပါလားပြောတယ်။  ဘယ်လို  ချက်ရမလဲဆိုတာလဲအသေးစိပ်ပြောပြပါတယ်။ အမှန်ကတော့ မြန်မာတွေ potluck လုပ်ရင်ယူသွားမလို့ ပါ။ ဒါပေမယ့်လည်း ရုတ်တရက်စားချင်ဝါးချင်စိတ်ပြန်ပေါက်လာတော့ လုပ်ဖြစ်သွားတယ်၊ ဘလော့ပေါ်မတင်နဲ့ ပြောပေမယ့် ကိုယ်လုပ်ကြည့်ပြီးတော့အရသာက အရမ်းကိုကောင်းလွန်းတော့ မနေနိုင်မထိုင်နိုင် ကွန်ယက် ပေါ်က သူငယ်ချင်းတွေလဲ ကြိုက်ရင် လုပ်ကြည့်လို့ရအောင် တင်လိုက်ပါတယ်။

  • အမဲသား (သို့) ကြိုက်နှစ်သက်ရာအသားနုနု... 
  • အာလူး တစ်လုံး
  • ကြက်သွန်နီ အဖြူဥကြီး (၁) လုံး
  • ကြက်သွန်ဖြူ ၆မွှာ
  • ဂျင်း လက်တစ်ဆစ်
  • စပါးလင် (၂)ချောင်း
  • ဇီယာ အနည်းငယ်
  • နံနံစေ့ အနည်းငယ်
  • ပျဉ်းတော်သိမ် (၃)ရွက်
  • ဒိန်ချဉ် (သို့) ဒိန်ခဲ (full cream yogurt)






 photo credited to




 အသားကို ခပ်ပါးပါးလှီးထားပါ။  ကြက်သွန်ဖြူ၊ နီ၊ ဇီယာ၊ ပျဉ်းတော်သိမ်ရွက်၊ နံနံစေ့၊ ဂျင်း နှင့် စပါးလင် ညက်အောင်ကြိတ်ပါ။  အသား များကို ရေစစ်ပြီး ကြိတ်ထားသောအစာများနှင်ထည့်နယ်ပါ၊ ဒိန်ချဉ် ပျစ်ပျစ်ထမင်းစားဇွန်းနှစ်ဇွန်း ထည့်ပါ၊ အသားများနှံ့စပ်အောင်နယ်ပေးပါ၊ အာလူးကိုခပ်ထူထူလေး လှီးပြီး အတူရောနယ်ပါ။
oven ကို အပူပေးထားပါ။  နယ်ထားသော အသားများကို ဆား နှင့် ဆီထည့်ပေးပြီး သမအောင်ထပ် နယ်ပြီး ဖုတ်မည့် ခွက်လေးထဲသို့ အာလူးများအရင်စီထည့်ပါ၊ ပြီးမှ အသားလွှာများတစ်ဆင့်ချင်းထပ်ထည့်ပါ။  (အသားမှစိမ့်လာသောအရည်များအာလူးထဲစိမ့်ဝင်သွားပြီးကျက်လျှင် အင်မတန်အရသာရှိပါသည်)။
အားလုံးအဆင်သင့်ဖြစ်ပီဆိုရင်တော့ မီး 165 ဒီဂရီ နှင့် မိနစ် ၃၀ ကြာအောင် နှပ်ပြီးဖုတ်ထားလိုက်ပါ။  ဖုတ်မည့်ခွက်လေးအပေါ်မှာ ငွေစက္ကူအုပ်ထားပါ။ (ပိုအနူးမြန်ပါသည်)။
ပြီးရင်တော့ ဖွင့်ကြည့်ပြီး မဆလာလေးနဲနဲထပ်ဖြူးပြီးရင်တော့ အရမ်းကိုနူးစိမ့်ပြီး လျှာပေါ်တင် အရည်ပျော် လောက်တဲ့ အရသာမျိုးနဲ့ အမဲသားဒိန်ချဉ်နှပ်တစ်ခွက်ရပါပြီ။

အဲဒါနဲ့တွဲစားဖို့တော့ မရိုးနိုင်တဲ့ တုမ်ယမ်းပါ။  ဒီနေ့မှိုလေးတွေ ၀ယ်လို့ရလာလို့ မှိုတုမ်ယမ်းစပ်စပ်လေး ချက် ပါတယ်။
  • တုမ်ယမ်း အနှစ် တစ်ဇွန်း
  • ငရုတ်သီးတောင့်
  • ဂျင်း
  • ကြက်သွန် ဖြူ
  • ကြက်သွန်နီ
  • စပါးလင်
  • မှို
  • Knorr ကြက်သားခဲ (သို့) ပုဇွန်ခဲ 
ဟင်းချိုက ချက်ရလွယ်ပြီး ကျွန်မနဲ့ချစ်သူအနှစ်သက်ဆုံး အစာမို့ ကိုယ့်ဘာသာကိုယ်လုပ်စားဖြစ်တယ်။ သူ့ကို တော့မကျွေးရဲပါဘူး၊ သူက ကျွန်မထက် ချက်တာပိုတော်တာမို့ ဝေဖန်ခံရမှာ ကျိန်းသေတယ်။ အဲတော့ ကိုယ် လုပ်ကိုယ်စား...
ရေနွေးပွက်ပွက်ဆူရင် အကုန် ထည့်၊  နောက်ဆုံးမှ မှိုတွေထည့်..အပေါ့ငံမြည်းပြီး စားလို့ရပြီ။

Thursday, October 7, 2010

ရည်းစားဦး

ခေါင်းညိမ့်လိုက်ရုံနဲ့ ရည်းစားဖြစ်သွားတယ်လို့လက်ခံရင် ဟုတ်တယ်၊ ဒါရည်းစားဦးဘဲ။ ကျောင်းပြီးခါနီးမှာ သူငယ်ချင်းတွေရည်းစားကိုယ်စီနဲ့ရည်မှန်းချက်ကိုယ်စီနဲ့ရှိတဲ့ အချိန်ထိ ကျွန်မမှာ ရည်းစားမရှိခဲ့ဘူး။ ရည်းစားထားသင့်တယ်၊ အခုချိန်မှမထားရင် နောက်လုပ်ငန်းခွင်ထဲရောက် မလွယ်ဘူး၊ စသည်ဖြင့်ပေါ့ အကြံပေးတဲ့သူတွေရှိသလို၊ အရင်က ကိုယ့်ကိုလိုက်ကြိုက်ခဲ့တဲ့ ချစ်လှ ပါချည်ရဲ့ မရရင်သေပါတော့မယ့်ဆိုတဲ့သူတွေရဲ့ လက်ရှိရည်းစားတွေရဲ့ စောင်းမြောင်း စကားတွေ တွန်းအားလဲပါတယ်၊ နောက်ဆုံးတော့ ခေါင်းငြိတ်လိုက်တယ်။  အဲဒီမှာစပြီး ကမောက်ကမဖြစ် တော့တာ။  ထိုင်နေရင်အကောင်း...
ကျွန်မထက် (၁၁) နှစ်ကြီးတယ်၊ အဲဒီတုန်းက ကျွန်မ အသက် (၁၉)နှစ်၊ သူက နိုင်ငံရပ်ခြားမှာ ကျောင်းတက်ပီးပြန်လာတဲ့ ပူပူနွေးနွေးဘွဲ့ရ ကျောင်းဆရာတစ်ယောက်၊ အမေ့ရဲ့အချစ်တော် သားထွေး။ သူက strategic mgt. 1  2 သင်တယ်၊ အတန်းထဲလာရင်ရေမွှေးတွေလဲ ဆွတ်လာ တယ်၊ ထုံးစံအတိုင်းယင်ကောင်တွေလာတော့ ကျွန်မက သူရှက်မှာစိုးလို့ ဇီးဖြူကိုင်းတွေ လွယ် အိတ်လေးထဲထည့်ထည့်သွားပေးတယ်။ သူငယ်ချင်းတွေကရိပ်မိတယ်.. သူကျွန်မကိုစိတ်ဝင်စား နေတယ်ဆိုတာ...
သူရည်းစားစကားပြောပီး ခပ်ကြောင်ကြောင်လေးဖြစ်နေတဲ့သူ့ကို သဘောကျတာရယ်၊ ဘာမေးမေး သူသိနေတတ်တာရယ်၊ အများလေးစားရလောက်တာရယ်တွေကြောင့် ကျွန်မခေါင်း ငြိမ့်တော့ သူက ကလေးလိုဘဲအရမ်းပျော်ပီးခုန်ပေါက်နေတာ...သူ့ဘာသာကျောင်းသားတွေခေါင်းအစားဆုံးဘဲ၊ အဲဒီထဲမှာ သူက ကျွန်မကိုတွေ့ချင်တော့ ကျောင်းသားတွေညဖက် library တက်ချိန်ဆိုသူလာတယ်၊ သူက လာတော့ ကျောင်းသားတွေဝိုင်းအုံပီး စာဝိုင်း မေးကြတော့ ကျွန်မနားတောင်မရောက်လိုက်ဘူး။ 

Valentine Day ရောက်တော့ ကျွန်မကို ကိတ်မုန့်တစ်လုံးပေးတယ်၊ သူများမြင်မှာစိုးလို့ အပေါ်က အဖုံးနဲ့အုပ်ထားတယ်၊ အဲဒါကျွန်မက ဘာကြီးလဲဆိုပီးဆွဲလိုက်တော့ ကိတ်က ပြုတ်ကျ.. မြင်ယောင်ကြည့်လိုက်ပေတော့....  ကျွန်မက၀မ်းသာတယ်၊ မဟုတ်ရင် သူ့ရှေ့ မှာ စားခိုင်းနေအုံးမှာ၊ ကိတ်ဆို ကျွန်မအရင်ကလုံးဝကိုမြိုလို့မရဘူး။
ပီလောပီနံဥတွေ နယ်ဘက်ကသူတွေလက်ဆောင်လာပေးတော့ သူက ကျွန်မနဲ့သူငယ်ချင်းတစ် သိုက် ထမင်းလာစားဖို့ခေါ်တယ်၊ ၀မ်းသာအားရသွားတာပေါ့၊ အဆောင်မှာက ဘာမှ ကောင်း ကောင်းမှမစားရတာ၊ ဟိုရောက်တော့ သူက ပီလောပီနံတွေ အိုးကြီးကြီးနဲ့ ပြုပ်ထားတယ်၊ သူအဝေးမှာကျောင်းတက်တော့စားချင်တာမစားရဘူး ဆိုပီး အဲဒီအိုးကိုချ ပန်းကန်ထဲထည့် ထမင်းလိုထိုင်စားတယ်၊ ကျွန်မသူငယ်ချင်းတွေက အဲဒီကအပြန် ဖြတ်တော့ အဲလို ဂေါက် ကြောင် တဲ့။
တစ်ခါတစ်လေတော့လဲအရမ်း romantic ဆန်တတ်တယ်၊ ကျောင်းသားတွေတောင်သူ့လောက် idea မကောင်းဘူး၊ သူက ဆရာဖြစ်ပေမယ့် ရုပ်ကအရမ်းကိုနုတယ်၊ အသားလဲဖြူတယ်။ ကုလားဆင်ရုပ်လေး၊ သူ့ကိုစိတ်ဝင်စားနေတဲ့ကျောင်းသူတွေကြားမှာ ကျွန်မက ကံကောင်း တယ်လို့ပြောကြတယ်၊ ဒါပေမယ့် သူတို့အကုန်မသိသေးဘူး။
တစ်ခေါက်ကျောင်းကားနဲ့ မြို့ထဲသွားတော့ သူက ကျွန်မဘေးနားလာထိုင်တယ်၊ အဲတုန်းက သူက ကျွန်မမောင်လေးနဲ့သိတာအကြောင်းပြပီး အိုးခွက်ပန်းကန်တွေဝယ်ဖို့အကူညီလာ တောင်းတာ၊နဲ့လိုက်သွားတယ်.. ကျောင်းကားကအကြီးကြီးကို.. အဲဒီအနောက်ဖက်မှာကျွန်မ ထိုင်တော့ ကျွန်မနားလာထိုင်တယ်..  ကျောင်းကားမောင်းတဲ့သူနဲ့..ကျွန်မတို့အဆောင်မှူးက ယောက်ျားနဲ့မိန်းကလေးအတူမထိုင်ရဘူးပြောတော့ သူက မျက်နှာစူပုပ်ပုပ်နဲ့.. စကားသွားများ တယ်။ အဆောင်မှူးက နင်ကဆရာလေ.. ကျောင်းသားပေါင်းထောင်ချီမျက်လုံးအောက်မှာ အဲလိုလုပ်ပြကောင်းမလားတဲ့...
နှစ်လုံးထီလဲ သူထိုးတယ်၊ ကျောင်းမှာစည်းကမ်းရှိတယ်၊ အဲဒါမလုပ်ရဘူး၊ သူက ဆရာဖြစ်ပီး သွားသွားခိုးထိုးတယ်၊ သူထီပေါက်ရင် ကျွန်မကို ရုံးခန်းခဏလာဆိုပီးရန်ဖန်ရန်ခါခေါ်တယ်၊ ပြီးရင် စာအိတ်တစ်အိတ်ထုတ်ပေးတယ်၊ သူ့စာရေးမက ကြောင်တောင်တောင်ကြည့်နေတာ ပေါ့၊ အဆောင် အခန်းထဲပြန်ရောက်တော့ သူငယ်ချင်းတွေက ဘာလဲ၊ ဘာပေးလိုက်လဲ ၀ိုင်းလုကြည့်တော့ အထဲမှာ ပိုက်ဆံ မုန့်ဖိုးတဲ့.. သူနှစ်လုံးထီပေါက်လို့တဲ့....
ကျောင်းကန်တင်းကို လမ်းလျှောက်သွားတော့ နေပူလို့ ကျွန်မက ဆရာလာလေ ထီးလာဆောင်း ဆိုတော့ အဲဒါကို စည်းကမ်းရေးမှူးရုံးကတွေ့ပီး နောက်နေ့ ကျွန်မတို့နှစ်ယောက် ထီးတစ် ချောင်းအတူဆောင်းလမ်းလျှောက်မှုနဲ့ ရုံးခန်းရောက် ပါလေရော...
ဆရာနဲ့ ကျောင်းသူ ရည်းစားဖြစ်ရတာ လုံးဝကိုမလွယ်ဘူး၊အထူးသဖြင့်စည်းကမ်းတင်းကျပ်လွန်း တဲ့ကျောင်းမှာဆိုတော့ပိုဆိုးတယ်။
ကျွန်မတို့ ဘွဲ့ယူမယ့်အတန်းက လေ့ကျင့်တာတို့.. အလံတိုင်တွေပြင်ဆင်တာတို့လုပ်နေရင် သူက ရုံးခန်းပေါ်ကနေလှမ်းငေးနေတတ်တယ်... ကျွန်မနားကျောင်းသားတစ်ယောက်ယောက် လာကပ်စကားပြောရင် သူချက်ချင်းပြေးဆင်းလာတယ်..
သူ့အမေက ကျွန်မကိုမကြိုက်ဘူး။  သူ့သားက ကျွန်မတို့အဖွဲနဲ့သိခင်မင်လို့ မဟုတ်တာတွေ စားတတ်တယ်ဆိုပီးစွပ်ဆွဲတယ်...  သူပြောတဲ့မဟုတ်တာ ဆိုတာ သင်္ဘောသီး အစိမ်းသုပ် တို့ ပီလောပီနံတို့... အဲဒါတွေလေ.. တစ်ကယ်တော့ သူ့သားကို သူက သူ့ကိုဆေးကုပေးနေတဲ့ ကရင်မတစ်ယောက်နဲ့သဘောတူထားတာလေ.. ကျွန်မကတော့ ကရင်လဲမဟုတ် ကုလားလဲ မဟုတ် ကကတစ်ဆိုတော့ သူကမကြိုက်လှဘူး။
တစ်ခေါက်ကျွန်မရန်ကုန်ပြန်တယ်..ဆေးခန်းရက်ချိန်းပြန်တာပါ၊ အပြန်ကျတော့ မာမီက လိုက်မ ပို့အားလို့ ကားနဲ့ဘဲပြန်..ပေါ့။ ညီမလေးတို့ကလဲ သူနဲ့ကျွန်မရည်းစားဖြစ်နေတာသိတာကိုး၊ အဲတော့ ကူးကူးပြန်လာမယ်၊ ညနေ ၄ နာရီ ရောက်မယ်၊ ကားဂိတ်မှာ လာကြိုမလားဆိုတော့ သူက ၀မ်းသာအားရနဲ့ လာကြိုမယ်.. မပူနဲ့..လာမယ်...
ကျောင်းဝင်းက မြို့နဲ့တော်တော်လှမ်းတယ်.. မြို့ပြင်ဖက်ရောက်တယ်၊ အဲဒါ ကျောင်းကား မရှိရင် ဘာကားမှမရှိဘူး။ ဆိုက်ကားတော့ရှိတယ်၊ စက်ဘီးကတော့အသုံးများတယ်။
ကားဂိတ်ရောက်တော့ သူက အဆင်သင့်စောင့်နေတယ်.. ကျွန်မက ဆရာဘာနဲ့လာလဲဆို တော့ စက်ဘီးနဲ့တဲ့.. ကျောင်းကားပျက်နေလို့တဲ့။  ကျွန်မက ဒါဆို ကျွန်မဆိုက်ကားနဲ့ပြန်မယ် ဆရာ စက်ဘီးနင်းပီးလိုက်ခဲ့လို့ပြောတာ.. သူက အာ... မလုပ်ပါနဲ့ ငါတစ်မင်စက်ဘီးယူလာတာ။  အနောက်မှာလိုက်စီးစေချင်လို့ဆိုပီ ပြောတာနဲ့..ကျွန်မလဲကောင်းပီဆိုပီး စက်ဘီးစနင်းတော့ အနောက်ခုံ တက်ထိုင်တော့ စက်ဘီးကလဲပါရော...  နောက်ပြန်ထ ပီး.. ထပ်စီးလဲ ၃-၄ ခါကြိုးစားလဲ စက်ဘီးကအရမ်းယိုင်လာတော့ကျွန်မလန့်လန့်ခုန်ဆင်းတယ်။ စိတ်ကလဲ နဲနဲ တိုလာပီ၊ အဆောင်ကို ၆း၃၀ မတိုင်ခင်ပြန်ဝင်ရမှာ၊ ကျွန်မက ဆရာစိတ်တော့မရှိနဲ့စက်ဘီး ကောင်းကောင်းနင်းတတ်သလားဆိုတော့ သူက ငါအခုမှစသင်နေတာတဲ့...  လူတင်ပီး မနင်းဖူး သေးဘူး။။ ကျွန်မကိုပထမဆုံးတင်ပီးစက်ဘီးစီးချင်လို့ဆိုဘဲ.. ဆိုက်ကားဂိတ်လဲကျော်လာပီမို့ ဆိုက်ကားမရနိုင်တော့ဘူး။ ကျွန်မတော်တော်ခေါင်းကိုက်သွားတယ်.. ဒါနဲ့ဘဲ ဆရာအနောက်မှာ ကျွန်မအိတ်ကိုင်ပီး ငြိမ်ငြိမ်ထိုင်နေလို့ပြောပီး..သူ့ကိုတစ်လမ်းလုံး ပြန်တင်နင်းလာရတယ်..
အဖြစ်ကအဲလို။
ကျောင်းဝင်းနားရောက်ခါနီးတော့ သူက ကျွန်မကိုဆင်းခိုင်းတယ်.. ဖယ်..ငါနင်းမယ်တဲ့..  ကျောင်းသားတွေတွေ့ရင် ငါ့ကို လှောင်ရီလိမ့်မယ်တဲ့..  အဲဒါတော့ကြောက်သား.. ကျွန်မ အထုပ်နဲ့ စက်ဘီး သူနဲ့လွှတ်ပေးလိုက်တယ်အရင်.. အဆောင်မှာသွားချထားပေးလို့။ ကျွန် မတော့လမ်းလျှောက်ပီးဘဲလိုက်ခဲ့တယ်..
လဲကျလွယ်တာမှတ်လို့။  အဆောင်ရှေ့ရောက်တော့ သူက ကျွန်မအထုပ်လေးကိုင်ပီး ရပ်စောင့် နေတယ်. မျက်နှာလဲနီရဲလို့..အဆောင်သူတွေဝိုင်းနောက်ထားတယ်ထင်ပါ့..
ကျွန်မလဲသနားသွားတာနဲ့ဘာမှပြောမနေတော့ဘူး...  ကျေးဇူးဘဲ ပြောပီး အဆောင်ထဲ လှည့် ၀င်ခဲ့တယ်။
သူက အနီရောင်ကြိုက်တယ်တဲ့... ကျွန်မလဲ သူ့ကို ခရစ္စမတ်လက်ဆောင်ဆိုပီး အနီရောင် ပုဆိုးတစ်ကွင်းဝယ်ပေးတယ်၊ အိကျီအနီရောင်နဲ့.. (အဲလိုတုံးတာ).. သူ့ကို ကျောင်းကပွဲမှာ ၀တ်လာခိုင်းတယ်။ သူက ရီတယ်.. မကောင်းပါဘူးတဲ့.. ပုဆိုးက ဦးဂျမ်းဆိုလား အနီအကွက်စိပ် နဲ့..ကျွန်မက ၀တ်ရင်မ၀တ်မ၀တ်ရင် မခေါ်ဘူးလို့ပြောတော့ သူဝတ်လာရှာပါတယ်..
အသားဖြူတော့ အနီရောင်ဝမ်းဆက်နဲ့ ယောက်ျားလဲဖြစ်တော့ ဟာသဖြစ်နေတာပေါ့.. ဒါပေမယ့် အဲတုန်းကလဲ ကျွန်မစိတ်ထဲ ဟာသလို့ကိုမထင်မိတာ.. မိန်းကလေးအ၀တ်စားတောင် အဲဒီအချိန်ထိမ၀ယ်ဖူးသေးဘူး၊ အမေ၀ယ်ပေးတာဘဲဝတ်တာ၊ သူ့အတွက်မို့ ပုဆိုးတစ်ထည် စွန့် စားသွားဝယ်တာ.. ဘွဲ့ယူခါနီး ၂လအလိုမှာ ကျွန်မတို့ business club က ကျောင်းသူ/သားတွေ ပင်လယ်ဖက်ကို လေ့လာရေးထွက်ကြတယ်၊ သူ့လောက်ပျော်တဲ့သူကျွန်မတွေ့ဖူးမယ်မထင်ဘူး။ ကားထွက်က တည်းက ကျွန်မအထုတ်တွေရော၊ သူ့အထုပ်ရော.. သူအကုန်စီစဉ်နေရာချ၊ တစ်ကားလုံး ကျောင်းသားတွေချည်းဘဲ။ ဆရာ/ဆရာမတွေအတွက် အထူးခုံအရှေ့မှာစီစဉ်ပေမယ့် သူက အနောက်မှာ ကျောင်းသားတွေနဲ့လာထိုင်တယ်။
ကျွန်မဘေးနားက ကျောင်းသူတစ်ယောက်ကို သူကနေရာလဲပေးဖို့တောင်းပီးအနားမှာလာထိုင် တယ်။ တစ်လမ်းလုံး ပျော်မြူးနေတာ.. သူတစ်ယောက်တည်း.. လက်လာကိုင်တယ်... ကျောင်း သားတစ်ယောက်ကထအော်တော့ အရှေ့က ဆရာတွေက သူ့ကိုလှမ်းကြည့်တယ်.. သူကျွန်မ လက်ပြန်လွှတ်လိုက်တယ်. ကျွန်မကတော့ အဖွဲတာဝန်ခံခေါ်သွားတဲ့အထဲမှာ ပါတော့ အရမ်း အလုပ်များတယ်.. နေဖို့စီစဉ်တာတို့..အစီစဉ်ဆွဲ၊ချက်ပြုပ်ရေးကအစ...  သူအနားမှာ အမြဲရစ် သီနေတာတောင်သတိမထားမိအောင်ဘဲ..  ညနေဖက်ကျတော့ မိန်းကလေးတွေနေတဲ့ အခန်း အပြင်မှာသူလာရပ်ပီးအော်ခေါ်တယ်.. လမ်းလျှောက်မယ်တဲ့..
ကျွန်မလဲ မီးပုံပွဲ ကစားဖို့အတွက် ဂိမ်းတွေပြင်ဆင်ပီးတစ်ခါတည်းထွက်ခဲ့တယ်..ပင်လယ်စပ်မှာ ကျွန်မလက်ကိုဆွဲ ကလေးတစ်ယောက်လိုသူပျော်နေတာ တစ်သက်မှာတစ်ခါ ပထမနဲ့ နောက်ဆုံးအကြိမ် တွေ့ဖူးခဲ့တာဘဲ..
ကျွန်မတို့ကျောက်တောင်ပေါ်တက်.. ဓာတ်ပုံရိုက်ကြတယ်..  (အဲတုန်းကပုံ အခုပြန်တွေ့တော့ ရီချင်တာ၊ ကျွန်မပုံကိုရီချင်တာပါ.. ဆံပင်က ဆုတ်ဖွား... နီဝါရောင် လှိုင်းတွန့်နဲ့ ခါးလောက် ရှည်တယ်၊ လူက ပိန်လိုက်တာ ၀ါးပင်လို.. မျက်နှာပြောင်နဲ့..)..
ကျွန်မမွေးနေ့မှာ သူက dove moisturizer ဆပ်ပြာရည်နဲ့ ဘာတွေလဲမသိ လက်ဆောင်လာ ပေးတယ်၊ မှတ်မိသေး တယ်၊ သူပေးတဲ့ဆပ်ပြာရည်က ဘယ်လောက်ရေဆေးဆေးမစင်ဘူး၊ ဖြစ်ချင်တော့အဲဒီအချိန်က ရေရှားတဲ့အချိန်၊ ရေတင်လို့မရ..တွင်းထဲကရေခပ်ချိုးရတယ်.. ဆပ်ပြာရည်သုံးရင် စိတ်ထဲမှာ ဒေါသက ကြိတ်ကြိတ်ထွက်နေတာ.. ဘာကိုစိတ်တိုရမှန်းမသိ။
သူ့ကိုအရမ်းဒေါသထွက်တာ ကျွန်မသူ့ဘာသာဆိုရင် အသည်းသန်ကိုကြိုးစားတယ်၊ အခြား ဘာသာတွေထက်ကိုပိုလေ့လာတယ်၊ အားလုံးဖြေနိုင်ရက်နဲ့ ကျွန်မကို A မပေးဘူး။  complaint တက်တော့.. ကူးရယ်.. တော်ကြာငါကဆရာမို့ ကိုယ့်ချစ်သူကိုယ် A ပေးတယ်သူများထင်မှာ စိုးလို့ပါတဲ့။  တော်တော့ကိုပေါက်ကွဲတာ၊ အခြားဘာသာတွေ A ရပီး သူ့ဘာသာမှ A- တဲ့။ ရန်ကုန်ခဏပြန်ရောက်တဲ့အချိန် သူက အိမ်လာလည်တယ်၊ မာမီတို့က အိမ်ရှေ့မှာစကားပြော ဖို့ အချိန်ပေးထားတယ်၊ သူက ဘုရားကျောင်းတက်ဖို့ဆိုပီးလာခေါ်တယ်၊ ကျွန်မကလဲ မိဘ နဲ့အတူသွားနေကျဆိုတော့ သူနဲ့မသွားချင်ဘူး။ မာမီ က သွားလေ..ဆိုတော့ ကျွန်မ သူနဲ့ လိုက်သွားတယ်...  ဘုရားကျောင်းထဲဝင်ခါနီးကျတော့ စိတ်ထဲတစ်မျိုးဖြစ်နေတာနဲ့ သူ့ကို တောင်းပန်ပီး ကျွန်မမိဘတွေကိုစောင့်ပီး သူတို့နဲ့အတူလိုက်ဝင်သွားတယ်။ သူ့အမေက ကျွန်မ ကိုမှသဘောမကျတာ.. အတူဝင်သွားရင် အမုန်းမျက်စောင်းနဲ့ ဘုရားကျောင်းထဲမှာ သူများစိတ် အနှောက်ယှက်ဖြစ်အောင်မလုပ်ချင်ဘူးလေ။
ချစ်သူစဖြစ်တော့ အောက်တိုဘာ၊ ပြတ်သွားတာ အေပရယ်မှာ.. ၆လ။  ပြတ်တယ်ဆိုတာ ကိုယ့် စိတ်ထင်ပါ၊ ဘာလို့လဲဆိုတော့ သူနဲ့တစ်ခါမှ ပြန်မတွေ့တော့ဘူး၊ သူ အဲဒီ nurse အမျိုးသမီးကို လက်ထပ်ပီးတဲ့အထိဆိုပါတော့။ 

ဒီနေ့ ဘလော့တစ်ကာလျှောက်ရင်းနဲ့ ပီလောပီနံဥပြုပ်ထားတဲ့ပုံတွေ့တော့ သူ့အကြောင်းရေးဖို့ စိတ်ကူးရ သွားလို့ပါ။ ကျွန်မရဲ့အချစ်ဦးအကြောင်းပေါ့..  ဒါတောင်မကုန်သေးဘူး.. အများကြီးကျန် သေးတယ်။
ကူးချစ်သူကိုလဲခွင့်တောင်းပီးသားမို့ မျက်နှာစူပုပ်မနေလောက်ပါဘူး။း)

 
Powered by Blogger