Pages

Tuesday, November 30, 2010

Pain >>aching>>> ??

ဒီဇင်ဘာရောက်တော့မယ်။ အိမ်ပြန်ဖို့ရက်လဲနီးလာပြီလေ။ အခုတစ်လော နှစ်ရှည်ဝေဒနာ တစ်ခုပြန်ဒုက္ခပေးလို့ ဆေးရုံနဲ့အိမ် နှစ်ပါးသွားနေရတယ်။
အထူးသဖြင့်ရုံးမှာ တစ်နေကုန်နီးပါးထိုင်တဲ့သူတွေ၊ ကွန်ပြူတာရှေ့မှာ ထိုင်စာရေး၊ စာဖတ် မလှုပ်မယှက်နေတဲ့သူအများစု ခံစားရတဲ့ဝေဒနာနဲ့စပ်ဆက်နေတယ်။
လည်ပင်းအနောက်၊ ပုခုံး၊ နောက်ကြောဘက်တွေမှာ မခံမရပ်နိုင်အထဲက ဆွဲ ဆိတ်နေသလို ခံရတာ။
လေ့ကျင့်ခန်းလုပ်လဲ မထူးလာဘူး၊ အရမ်းကိုက်နေတာ တစ်ခါတစ်လေ အိပ်မရဘူး။ တစ်နှစ် ကျော်လောက် သတိထားမိတာ ဆေးရုံသွားတော့ ဆေးတွေပေးလိုက်ရော။ ဒါနဲ့ အဲဒီဆေးတွေက allergic ဖြစ်ပီး အဲဒါကိုပြန်ထပ်ကုရတာ နောက် ၃ ပတ်၊ အဲနောက်ခရီးသွားတော့ မေ့နေရာက တစ်ရက်ပစ္စည်းနဲနဲလေးတာသယ်မိရာကနေ ထပ်ပီးကိုက်လိုက်တာ မခံမရပ်နိုင်ဖြစ်ရော။ ဒါနဲ့ ဟိုတယ်က အမကြီးက တရုတ်ဆေးဆရာကောင်းတယ်ညွှန်းတာနဲ့ တရုတ်ဆေးဆရာရှာတာ မတွေ့ဘဲ နောက်ဆုံး body relax spa ရောက်သွားပါလေရော။ အဲဒီက ကောင်မလေး နှိပ်ပီး ပြန်ရောက်တာနဲ့ အရမ်းကိုအိပ်ချင်တာ၊ အိပ်ရာလဲနိုးရော တစ်ကိုယ်လုံးလှုပ်မရတော့ဘူး။
ကြိုးစားပီး ဟိုလှည့်ဒီလှည့်လုပ်တော့ တစ်ခြမ်းက ရသေးတယ်၊ ကျန်တဲ့တစ်ခြမ်းက ခေါင်းလဲလှည့် မရ၊ လူက စက်ရုပ်လိုဖြစ်နေတာ၊ ညသန်းခေါင်ကြီးဆေး၇ုံရောက်ပါလေရော။
ဆရာဝန်ကပြောတယ်၊ ဒီနိုင်ငံထဲရှိတဲ့အချိန်အတွင်းထိဘဲ ဆေးပေးကုသနိုင်တယ်၊ နေတဲ့ နိုင်ငံရောက်ရင် သေချာဆရာဝန်နဲ့ပြန်ပြပါ၊ အခြေနေတော်တော်မကောင်းဘူးပြောတာဘဲ။
ဒါနဲ့ တစ်ပတ်လောက်နေပီး ပြန်ရောက်တဲ့အခါ ခေါင်းနဲ့ ကိုယ်တစ်ခြမ်းနဲနဲလှုပ်လို့ရလာလို့ ဆေး၇ုံ ပြန်သွားဖို့မေ့နေတာ... ၄ လကျော်ပီ။ အခုနောက်ပိုင်းပိုပိုပြီးပြန်ဆိုးလာတော့ ရှောင်ကွင်း မရ။ ဆေးရုံတန်းတန်းမတ်မတ်ရောက်သွားရပါတယ်။
ဆရာဝန်က လည်ပင်းရိုးနဲ့ နောက်ကြောကို ဓာတ်မှန်ရိုက်ခိုင်းတယ်။ နောက်ပြီး physical therapy အတွက် နေ့တိုင်းလာရမယ်တဲ့။ မအားဘူးလေ၊ အလုပ်တစ်ဖက်နဲ့ဆိုတော့ တစ်ပတ် နှစ်ခါလောက်ဘဲလာလို့ရပါမယ်ဆိုတဲ့အကြောင်းနဲ့...
ဖြစ်ပုံက ကျွန်မသွေးတိုးရှိတယ်၊ မွေးရာပါဆိုပါတော့၊ ၂၂၀ လောက်ဆို အေးဆေးလျှောက်သွား နေတုန်းဘဲ၊ ၂၄၀ လောက်ထိတက်ရင်တော့ ခေါင်းနဲနဲမူးတယ်.. နားထဲက လေထွက်သလိုခံစား ရတယ်။ ၂၂၀ အောက်ဆို သွေးတိုးနေမှန်းတောင်မသိဘူး။ ဒါကြောင့် ကျွန်မဆရာဝန်က သိပ် စိုးရိမ်တယ်။ လေဖြတ်သွားမှာ။  တစ်ခါတစ်လေ သွေးတိုးရင် ဘယ်လောက်ဆေးပြန်သောက် သောက် မကျဘူး၊ ထိုးဆေးလဲမရဘူး။ ကျွန်မက တော့ အကျင့်ဖြစ်နေပေမယ့် ကိုယ်တစ်ပိုင်း တော့ လေမဖြတ်ချင်ဘူးလေ။ အခု ဖြစ်တဲ့ လည်ပင်း၊ မျက်နှာနဲ့ နောက်ကြော၊ ပုခုံးတစ်ခြမ်း ကိုက်ခဲနေတဲ့ ဝေဒနာကို ဆရာဝန်က သွေးတိုးရောဂါနဲ့စပ်စပ်ပြီးသူက စိတ်ပူနေတယ်။
ကိုယ်တစ်ခြမ်းထဲကို သွေးအလုံအလောက်မစီးဘူး၊ အကြောတွေကကျဉ်းပီး ပိတ်သလိုဖြစ်နေ တယ်တဲ့၊ အေးတဲ့အခါတို့ဆိုရင် ပိုဆိုးတယ်ပြောတယ်။ ဒါကြောင့်ကျွန်မ မျက်လုံးတစ်ဖက် က ရောင်လေ့ရှိတယ်၊  အဲလိုရောင်နေတဲ့မျက်လုံးမှ ပိုပီး sexy တယ်ပြောတဲ့သူရှိသေးတယ်။   ကျွန်မဘလော့စရေးတဲ့နေမှာ မျက်လုံးရောင်နေလို့ အပြင်မသွားနိုင်လဲ အိမ်မှာရှိနေတဲ့အချိန် မျက်လုံးကိုဓာတ်ပုံရိုက်ပြီး profile မှာတင်ထားတာ၊ အခုထိဘဲဆိုပါတော့။ 
သွေးကျဆေးတော့ ပုံမှန်သောက်နေပေမယ့်မနှစ်တုန်းက သွေးပေါင်ချိန် ဆောင့်ဆောင့်တက် တာမျိုးရှိတယ်၊ မျက်လုံးထဲက သွေးကြောလေးတွေလဲ ခဏခဏပေါက်ပီး နီရဲနေတယ်။ ဒါပေမယ့် ဒီနှစ်တော့ အဲလိုမျိုးမရှိတော့ဘူး။ owell လေးတစ်ခုတော့ ၀တ်ထားတယ်။

သူများတွေကပြောတယ် အယုံကြည်မရှိဘူးတဲ့။ ဒါပေမယ့် ကျွန်မစိတ်ထင် တစ်နည်းတစ်ဖုံ အထောက်ပံ့ပေးတယ်လို့ တစ်နှစ်ကျော် ကိုယ်ပိုင်အတွေ့ကြုံအရတော့ ထောက်ခံတယ်။
တစ်ခေါက် PT သွားရင် အကြောအထဲထိအပူပေးတဲ့ဟာနဲ့နှိပ်တယ်၊ အကြောတွေကို တုန်ခါ လှုပ်တဲ့ ဓာတ်ကြိုးလေးတွေတပ်ပီးလှုပ်တယ်၊ ရေနွေးအိပ်ကပ်တယ်၊ လက်နဲ့ကိုယ်တစ်ခြမ်းကို နှိပ်တယ်၊ လေ့ကျင့်ခန်း စနစ်အတိုင်းလုပ်ရတယ်၊ ခေါင်းနဲ့လည်ပင်းကို စက်နဲ့ထိမ်းပြီး ဆွဲဆန့် တယ်။ အားလုံး ၂း၃၀ လောက်ကြာတယ်။
ဒါကြောင့် ကိုယ်ခန္တာကိုက်ခဲနေတာဖြစ်ဖြစ်၊ ပုခုံးအကြောတွေတင်းနေတာ၊ နောက်ကြောတွေ နာနေတာတွေရှိရင်မပေါ့ကြပါနဲ့လို့။
အထူးသဖြင့် ကိုယ်လုပ်နေရတဲ့အလုပ်က ထိုင်နေရတာများရင် ၂ နာရီတစ်ခါ မှန်ကန်တဲ့ လေ့ကျင့်ခန်းပုံ မှန်လုပ်ပေးပါ။ နောက်ကြောတက်တယ်ဆိုပီး သူများကိုနှိပ်ခိုင်းရင် လွယ်ပေမယ့် တစ်ကယ်တမ်း တစ်ခုခုဖြစ်လာရင် အချိန်မှီကုသနိုင်မှ တော်ရုံကျပါတယ်။
ကျွန်မဆရာဝန်ကိုမေးပါတယ်၊ ကျွန်မအမြဲသတိထားလေ့ကျင့်ခန်းလုပ်ရက်နဲ့ဘာကြောင့်ဖြစ်ရသ လဲဆိုတာ၊ ဆရာဝန်က လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ မှန်ကန်တဲ့လေ့ကျင့်ခန်းဖြစ်ဖို့လိုတဲ့ အကြောင်းပြောပြပါတယ်။  အခုတော့ သူတို့ပြောတဲ့နည်းအတိုင်းလိုက်လုပ်နေရတယ်။
လေ့ကျင့်ခန်းလုပ်နည်းကိုအကြမ်းဖျင်းပြောပြပါ့မယ်။ စိတ်ဝင်စားတဲ့သူရှိရင်ပါ။

လေ့ကျင့်ခန်း
၁။  ခုံတွင် မတ်မတ်ထိုင်ပါ၊ ဘယ်ဘက်လက်ဖ၀ါးကို ညာဖက် ပေါင်အောက်ကို ဖြန့်ထည့်ပါ။

ညာဖက်လက်ဖ၀ါးဖြင့် ခေါင်းကိုကိုင်ပီး ညာဖက်သို့ဖိချပါ၊ (၁-၁၀) ထိရေပါ။  ပေါင်အောက်မှ လက်ဖ၀ါးပေါင်ကိုကိုင်ပီးအားယူပါ။
၂။ ခေါင်းကိုမတ်မတ်ပြန်ထားပါ..
၃။ နံပတ် (၁) အတိုင်းပြန်လုပ် ပါ...  စုစုပေါင်း (၅) ခါ အကြိမ် (၅၀)
မပြီးသေးဘူး
(စာနဲ့ရေးရတာခက်တယ်.. ပုံရိုက်ပီပီး နောက်တင်ပေးပါ့မယ်)

Sunday, November 28, 2010

Christmas Spirit moves early -2010






သဇင်ဥ (tzo counter)  လက်ရာ လေးတွေပါ။ 

Saturday, November 20, 2010

တာ ဟဲ ဖိုး

တာဟဲဖိုးဆိုတာဆီမပါတဲ့အသီးရွက်စုံထောင်း ကရင်အစားစာတစ်ခုပါ။ အရမ်းလဲအရသရှိပြီး အတော်များ များ ကြိုက် နှစ်သက်မှာသေချာပါတယ်။  လုပ်စားရတာလဲလွယ်ကူပါတယ်။အဆင်ပြေတဲ့ အသီးရွက် စိတ်ကြိုက်ထည့် ပြုပ်ထောင်းပီးစားရုံပါဘဲ။  အရင်ကတော့ စားခဲ့ဖူးတယ်၊ ဒါပေမယ့် မေ့နေတာ ကြာပြီ၊ ကျောင်းလာတက်နေတဲ့ ကရင်ဆရာမတစ်ယောက်က ထောင်းပြီး ကျွန်မရှိတဲ့နေရာ ပို့ပေးလိုက်တယ်၊ ဒါနဲ့ဘဲ အတိတ်ဟောင်းပြန်ဆွသလိုဖြစ်ပီး နေ့တိုင်းထောင်းစားတော့တာဘဲ။

  • ရုံးပတေသီး
  • ပဲတောင့်ရှည်
  • ခရမ်းကဇော့သီး
  • ခရမ်းသီး
  • မျှစ် (အခြောက် သို့ ပြုပ်ထားသောမျှစ်)
  • ဌက်ပျောဖူး 
  • ငရုတ်သီးစိမ်း
  • ငါး (သို့) အမဲသား
  • စိမ်းစားငပိတစ်တုံး
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူထောင်း
  1. ကိုယ့်စိတ်ကြိုက်အနေထား ဖြတ်လှီးထားတဲ့ အထက်ပါအသီးရွက်စုံကို ရေဖုံးရုံထည့်ပီး နူးသွားအောင်တည်ပါမယ်။ ကြက်သွန်ဖြူထောင်းထားတာရယ်၊ ငရုတ်သီးအစိမ်းတောင့် အညှာခြွေထားတာရယ်နဲ့ စိမ်းစားငပိတစ်တုံးထည့်ပြုပ်ပါမယ်။ 
  2. ငါးကတော့ တစ်တုံးလောက်ထည့်ပြုပ်အရိုးနွှာထည့်လို့ရပါတယ်၊ အမဲသားလဲ ပါးပါးလှီး အရင်ထည့်ပြုပ်ထားလိုက်ရင်ရပါတယ်။ 
  3. အရမ်းနူးတာကြိုက်တဲ့သူရှိသလို၊ မနူးတစ်နူးလေးမှာ အားလုံးဆယ်ထုပ်ပြီး ငရုတ်ဆုံကြီးကြီးနဲ့ ထောင်း၊ အပေါ့ငံအတွက်ဆားနဲနဲထည့်၊ ငရုတ်ကောင်းထည့်ထောင်းပီး.. ပူနွေးနွေး သီးရွက်စုံ ငပိစပ်စပ်အရိုင်းထောင်းလေး ထမင်းစားမြိန်မှာသေချာပါတယ်။ 
(ဒါကတော့ ကူးကူးရထားတဲ့နည်းပါ)။

    Thursday, November 18, 2010

    ကန်ဇွန်းအကြွပ်ကြော်


    မင်္ဂလာနံနက်ခင်းပါ။  မြန်မြန်လွယ်လွယ် ရုံးချိန်လုသွားဖို့ ထမင်းစားမှ အာသာပြေသူများ အတွက် ကန်ဇွန်းရွက် အကြွပ်ကြော်လေးပါ။ အရင်ဆုံး ကြက်ဥတစ်လုံး နဲ့ ဂျုံမှုန့်အနည်းငယ်ကို သမ အောင်ခေါက်ထားပါ၊  ဆား၊ ငရုတ်ကောင်း နဲနဲထည့်ပါ။
    ပြီးရင်တော့ ကန်ဇွန်းကို အရိုးရော အရွက်ပါတောက်တောက်စင်းပီး ထည့်မွှေ၊ ထမင်းစား ဇွန်းတစ်ခပ်စာ ဆီထည့်ပြီး ကြော်ရုံပါဘဲ။  ကြော်ပြီးရင်တော့ ဆီစုပ်တဲ့ ပ၀ါပေးတင်ထားပါ၊ ထမင်းပူပူလေးနဲ့ ရောစား။ ကြွပ်ရွရွလေးနဲ့ အင်မတန်အရသာရှိပါတယ်။ နေ့တိုင်းတော့ ဆီကြော်တွေမစားနဲ့ပေါ့နော်။
    ကန်ဇွန်းအစား ကိုယ်ကြိုက်တဲ့အရွက်ထည့်ကြော်လို့ရပါတယ်။

    Tuesday, November 16, 2010

    ရေကန်နှစ်ခုကြားမှမီးတောင်

    ဒီတစ်ခါတော့ အရင်လ က သတိပေးချက်ထုတ်ထားတဲ့မီးတောင်ရှိတဲ့ ကျွန်းကို မောင်လေးနဲ့အတူ သွားလည် ခဲ့ပါတယ်။ သူက ခရီးသွားလုပ်ငန်း လုပ်နေတော့ ငြိမ်ငြိမ်မနေနိုင် ဘူး။ တစ်နေရာမဟုတ်တစ်နေရာ သွားမယ်ဆိုတာချည်းဘဲ။  လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ကျွန်မ တစ်ခေါက်ရောက်ခဲ့ဖူးသေးတယ်၊ ဒါကတော့ ဒုတိယအကြိမ်ပေါ့။  မောင်လေးအတွက် တော့ ပထမအကြိမ်ပါ။ သူက မီးတောင်ဆို ပုပ္ပါးဘဲရောက်ဖူးတော့ သူ့အတွက် အထူးဆန်းဖြစ်နေတာ။ အဲဒီကိုသွားဖို့က ဈေးကြီးတယ်၊ ကိုယ်တစ်ယောက်တည်းဆိုဘယ်တော့မှမသွားဘူး။ ဒါကြောင့် ချွေတာရေးနဲ့ သူ့နောက်ကပ် လိုက်တာလေ။ လျှောက်လည်လို့ရတဲ့နေရာလေးတွေကို လေဆိပ်ကရလာတဲ့စာအုပ်မှာကြည့်၊ မြေပုံကိုင်ပြီး လျှောက်သွားကြတာ.. ခရီးစဉ်ကိုဖြတ်ပြောရမယ်ဆိုရင်တော့ မီးတောင်နဲ့ ရေအိုင်ကြီးကို အပေါ်စီးက လှမ်းမြင်ရတဲ့ မြို့လေးပေါ်မှာ ကားရပ်တာနဲ့ ကျွန်မတို့ဆင်းပြီးတော့ တောင်အောက်ခြေကိုဆင်းဖို့ ကားစောင့်ရပါတယ်၊ ကားကလဲရှား နေတာမို့ မော်တော်ဆိုင်ကယ်လို အသေးစားလေးကိုစီးပီး တောင်အောက်ခြေဇောက်နက်အထိ ၂ နာရီ လောက်ကြာအောင်ဆင်းရပါတယ်။  သူငယ်ချင်းအမကြီးတစ်ယောက်ကိုအကူညီတောင်းထားလို့ သူက မော်တော်ဘုတ် ဌားတဲ့ resort တစ်ခုက အန်တီတစ်ယောက်ဆီဆက်သွယ်ထားပေးတာနဲ့ တောင်အောက်ခြေ ရောက် ရောက်ချင်းဘဲ မော်တော်ဘုတ်နဲ့ ၁ နာရီလောက်စီးပြီး အိုင်အကြီးကြီးအလယ်က မီးတောင်ခြေထိ အရောက် သွားခဲ့တယ်။ ခရီးစဉ် ၁-၂-၃-၄ ပေါ့။
    အင်တာနက်ပေါ်ကပုံရှာပီး လမ်းထွင်ထားတယ်။
     မီးတောင်ပေါ်မှမြေပုံ
    ရေက ကြည်ပီးအေးနေတာ၊  ရေမှော်စိမ်းစိမ်းလေးတွေလဲ အများကြီး။  မောင်လေး ကတော့ မော်တော်ထိပ်မှာထိုင်ရင် ပုံတွေရိုက်ရင်း ပျော်နေတာဘဲ။  ၄၅ မိနစ်ကျော်ကြာတော့ အိုင်အလယ် က မီးတောင်ခြေရင်းအိုင်စပ်နားကိုရောက်တော့ ဆင်းပြီး  မြင်းထပ်စီးရပါတယ်။  အချို့တွေကတော့ လမ်း လျှောက်ကြတယ်၊ ဒါပေမယ့် မီးတောင်က ထွက်တဲ့အငွေ့နဲ့၊ ဖုန်နဲ့..အပူဒဏ်ခံဖို့တော်တော်မလွယ်လှဘူး။  မြင်းတစ်ခါမှမစီးဖူးပေမယ့် မြင်းလေးတွေက လိမ္မာကြပါတယ်။  အနားမှာ အထိမ်းတစ်ယောက်တော့ ရှိတယ်။  လိုအပ်ရင်ထိမ်းဖို့၊ မလိုရင်တော့ လွှတ်ထားပေးတာဘဲ။  မြင်းတွေက တော်တော်လှတယ်၊  အခုမှ အနီးကပ်တွေ့ဖူးတာ။ မန္တလေးက မြင်းတွေက ဗိုက်ပူပူ အမွှေးကျဲကျဲနဲ့.. အရှေ့က ဆံပင်တစ်ဖုတ် လေးကလဲ ကျိုးတို့ကျဲတဲ... အခုမြင်းတွေကတော့ တော်တော်လှကြတယ်။
    ဒီမီးတောင်က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က တစ်ခေါက်ပေါက်ပီးသွားပီ။ အခုလဲအငွေ့တွေ ထွက်တုန်းဘဲ ထူးခြားတာက ဒီမီးတောင်က ရေအိုင်အကြီးကြီးအလယ်မှာရှိပြီးတော့ မီးတောင် အလယ်မှာလဲ နောက်ထပ် ရေအိုင်ထပ်ရှိနေတာဘဲ။ မီးတောင်အပြင်က ရေအိုင်ကြီးက အေးပြီး စိမ်းနေသလောက် မီးတောင် အလယ်ကရေအိုင်က ပွက်နေတယ်။ မီးတောင်အလယ် ဆိုပေမယ့် အနက်ကြီးမို့ အပေါ်ထိအပူဒဏ်မရောက်ဘူး။
    ဘာတွေ့ခဲ့လဲသိလား၊ ရေယိုရွက်၊ ဘောစကိုင်းရွက်၊ ပေါက်ပန်းဖြူ ရွက်။  ခူးလာခဲ့သေးတယ်။ ပေါက်ပန်းဖြူ တော့ သူတို့အလှစိုက်ထားတဲ့အပင်မို့ မခူးခဲ့ဘူး။  ပြန်လာတော့ ငါးလေးတွေ အတွက် ရေအိုင်ကြီးထဲက ရေမှော်ပင်လေးတွေလဲ ယူလာခဲ့တယ်။ အရင်လက လဲ သတိပေးချက် ထုတ်လို့ မီးတောင်နားတစ်ဝိုက်လူတွေ ထွက်ပြေးရသေးတယ်.. ဒါပေမယ့် အဲတုန်းက မပေါက်ဘူး။

    ဒါကတော့ ပေါက်ပန်းဖြူပင်၊ ပေါက်ပန်းဖြူ ပန်းဆီရောင်လေးတွေပါ။
    ဒါကတော့ ကမ်းစပ်ကအခွာ.. ကမ်းစပ်ကို လှည့်ရိုက်ထားတာ။
    တောင်တန်းတွေအလယ်က မီးတောင်ဆီက ပြန်လာတဲ့ မော်တော်ဘုတ်လေးတစ်စီး။
    မီးတောင်ဆီကိုပို့ပေးတဲ့ မော်တော်ဘုတ်လေးတွေစီတန်းရပ်နေတာပါ။
    ဒါကတော့ မြို့လေးက နေ တောင်အောက်ဆင်းတဲ့လေး စောက်မတ်မတ် ကိုလှမ်းရိုက်ထားတာ။
    ရေကန်အလယ်မှ မီးတောင်ရှိရာသို့


    တောပုန်းကြီးစံဖဲ မောင်လေး ပါ။
    ကျွန်မစီးတဲ့မြင်း..
    မီးတောင်တက်ရာလမ်းတစ်လျှောက်

    မီးခိုးတွေတစ်လူလူထွက်နေတဲ့ကျောက်ကြား... အချို့များ ကြက်ဥတောင်ပြုပ်စားသေးတယ်..
    မီးတောင်ထိပ်က လင့်စင်
    မီးတောင် အမြင့်ဆုံးနေရာ..
    မီးတောင်ထိပ်ကနေ မီးတောင်အထဲ မှ အလယ်ရေကန်
    မီးတောင် အောင်ခြေကနေ မီးတောင်ထိပ်ထိ တက်လာတဲ့လမ်းကြောင်း။ ကျွန်မတို့ ဖြတ်လာတဲ့ မီးတောင်အပြင်က ရေအိုင်ကြီးတွေ့လား.. 
    အခုတော့ ဘယ်လိုသွားရသလဲ နဲ့ခရီးစဉ်အဆင့်ဆင့်ကျွမ်းကျင်သွားပြီ။ သွားလည်ချင်သူ များ အတွက် tourist guide ဌားချင်ရင် ကူးကူးကိုခေါ်လို့ရပါသည်။ guide ခ မယူပါ၊ လမ်းစရိတ်စိုက်ပေး မုန့်သာဝယ်ကျွေးရန်လိုသည်။ hahahahah...

    Saturday, November 13, 2010

    ရဲယိုရွက် ငါးပေါင်း

    လျှော့မတွက်နဲ့၊ မီးတောင်က ခူးလာတဲ့ ရဲယိုရွက်ပါရှင်။ မီးတောင်သွားလည်တဲ့အကြောင်းတော့ မတင်ရသေး ပေမယ့် ရလာတဲ့ရဲယိုရွက်ကိုတော့ အားရပါးရ ပေါင်းစားလိုက်ပါတယ်။ အရင်အပတ်က မောင်လေးနဲ့အတူ မီးတောင်ကို သွားလည်ကြတာ။ မီးတောင်ပေါ်တက်တဲ့လမ်းမှာ ရဲယိုပင်တွေတွေ့လို့ ၀မ်းသာအားရ ခူးလာခဲ့ တယ်။  သူများတွေကတော့ဘယ်လိုပေါင်းစားလဲမသိဘူး။ ကူးကူးကတော့ အချိန်မရတာ ရော၊ ထမင်းပေါင်း အိုးသေးသေးလေးမှာထည့်ပေါင်းရတာမို့ တစ်ထုတ်ချင်းမထုတ်အားတော့ဘူး။  အောက်က ရဲယိုရွက်ခံပီး  ဆန်မှုန့်အသားထဲကိုလဲ ရဲယိုရွက်ပါးပါးလှီးနယ်ပီးထည့်..ရဲယိုရွက်ပြန်အုပ်ပြီးပေါင်းလိုက်တယ်။
    ငါးအသားလွှာ
    ဆန်မှုန့်
    ကြက်သွန်နီ
    ငရုတ်ကောင်း
    ခရမ်းချဉ်သီး... နဲ့ အားလုံးရောနယ် ပေါင်းလိုက်တာပါ။ ကောင်းမှကောင်းပါဘဲ။  အဲဒီနေ့က သူများကိုလဲ ကျွေးသေးတယ်။




    Thursday, November 11, 2010

    ရေညှိပင်ရှည်ဟင်းချို


    ရေညှိ.. seaweeds ကြိုက်ကြလားဟင်။  ကျွန်မကတော့ အရမ်းကြိုက်တယ်။  ဒီတိုင်းလဲ သရေစာ အဖြစ်စားတယ်၊ ကျောက်ကျောသုပ်၊ ကျောက်ပွင့်သုပ်.. ပင်လယ်ထဲက စားလို့ရတဲ့အပင်အကုန်ကြိုက်တယ်။
    ရေညှိလို့ခေါ်လား ရေမှော်ပင်ခေါ်မလားမသိ။  အဆင်ပြေသလိုခေါ်ကြရအောင်။
    ကိုးရီးယားကားတွေထဲမှာ မွေးနေ့မှာ အထူးဟင်းချိုအဖြစ်သောက်တဲ့ ရေညှိပင်ရှည်ရှည်လေးတွေ ကို ဒီတစ်ခေါက် စမ်းပြီးဟင်းချိုချက်ဖြစ်တာလေး နဲ့ အရသာလေးက အရမ်းမညှီဘဲ သောက်လို့ ကောင်းတဲ့ နည်းလေးတစ်မျိုးပြောပြမယ်နော်။
    ရေညှိထုပ်ကို ကိုရီးယားဆိုင်တွေမှာဝယ်လို့ရပါတယ်၊ အဲဒီအထဲက ကိုယ်လိုသလောက် ဆွဲထုတ် ပီးရေစိမ်ထားပါ။  ရေညှိတွေကခြောက်နေတော့ ရေစိမ်တာခဏအတွင်းဘဲ ပွလာပီး အရောင် လေးတွေက အစိမ်းရင့်ရင့်လေးတွေအဖြစ်ပြောင်းလာပါတယ်။  ဒါကြောင့် ရေညှိစိမ်းရောင်ဆို တာ  လူအတော်များများကြိုက်ကြတာဖြစ်မယ်။ 
    ကဲဟင်းချိုချက်ဖို့လိုအပ်တာတွေကတော့

    • ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနဲ့ ငရုတ်သီးခြောက် ကိုညက်ညက်ထောင်း
    • ခရမ်းချဉ်သီး အလုံးလတ် တစ်ခြမ်း (နုတ်နုတ်စင်း)
    • အမဲသား (သို့) ကြက်သား အတုံးသေးသေး အနည်းငယ်
    • Knorr တုံယမ်းအခဲ ၄ပုံ ၁ပုံ
    • ငါးငံပြာရည်အနည်းငယ်
    • ကြက်သွန်မိတ်
    • ငရုတ်သီးတောင့် (၁) တောင့် 
    ရေနွေးပွက်ပွက်ဆူလာပြီဆိုရင်တော့ ကြက်သွန်ဖြူနီ၊ ဂျင်းနဲ့ ငရုတ်သီးပွအနီ ညက်ညက် ထောင်းထားတာကိုထည့်ပါမယ်။
    လွှာပြီးသေးသေးတုံးထားတဲ့ အမဲသား (သို့) ကြက်သားတုံးလေးတွေထည့်မယ်
    ခရမ်းချဉ်သီး နုတ်နုတ်စင်းကိုထည့်၊ ဆားထည့်
    တုံယမ်းအခဲ လေးကိုထည့်ပါ၊  ငံပြာရည်နဲနဲထည့်ပြီး ရေစိမ်ထားတဲ့ ရေညှိဖတ်စိမ်းစိမ်း လေးတွေထည့်ပါ။  ပြီးရင်တော့ ကြက်သွန်မိတ်လေးပါထည့်ပါ...
    ငရုတ်သီးစိမ်း တစ်တောင့် ခြမ်းပီးထည့်လိုက်ပါအုံး...   ရှယ်ရေညှိဟင်းချိုလေးတစ်ခွက် ရပါပြီ။

    Thursday, November 4, 2010

    ၂၀၁၀ မွေးနေ့မှာ


    မွေးနေ့မရောက်ခင် အပတ်သောကြာနေ့မှာ ပန်းသွားဝယ်တယ်၊ ဘုရားကျောင်းမှာ ပန်းလှူဖို့ ရက်ယူထားတာ။ ထုံးစံအတိုင်းကျွန်မ အကြိုက်ဆုံးကတ္တီပါနီသွေးရောင်နဲ့ အပန်းရောင် စပ် လိုက်တယ်။

    ဒီနှစ်မွေးနေ့မှာ..မောင်လေးက လာလည်နေတဲ့အချိန်နဲ့ကြုံတယ်။ ကျွန်မနံနက်စောစောရုံးကို ထွက်လာတော့ သူအိပ်ပျော်နေတုန်းဘဲ။ ၁၀ နာရီလောက်တော့ သူအွန်လိုင်းလာတာနဲ့ ရုံးက သူငယ်ချင်းတွေကိုကျွေးဖို့ မုန့်မှာထားတာသွားယူခိုင်းတော့ သူက ဘာလို့လဲတဲ့။ အဲလို..အမတော် မွေးနေ့ကိုမေ့နေတာ..  အမေ့သန်တာတော့မပြောနဲ့တော့ သူယူလာတဲ့ မွေးနေ့လက်ဆောင်ကို နောက်နေ့မှ ထုတ်ပေးပြီး အိမ်ကပို့လိုက်တဲ့ မွေးနေ့ ကဒ်ကို ၄ ရက်မြောက်မှ ပေးပါတယ်။ အဲဒီ ကဒ်မှာ ပုလု တို့ မိသားစု ပါ ဆိုင်းထိုးထားတယ်၊ သူတို့ခြေရာ တွေနဲ့။  (ဒီပုံက အဲကောင်တွေငယ်သေးတယ်၊ အခုတော့ကြီးနေပီ)

    မွေးနေ့မှာ ၀က်ဝံရုပ်ကြီးကြီးးးး တစ်ကောင်ရတယ်။  ဟဲဟဲ။။  မျက်နှာကစူပုပ်ပုပ်နဲ့ ၀၀ဖိုင့်ဖိုင့်..
    ခရီးဝေးကလာတဲ့ဝက်ဝံက ပင်ပန်းနေလောက်ပီ။ ၀က်ဝံက ဆွယ်တာ လေးနဲ့။  ညဖက်ဆို ဖက်အိပ်ရင်နွေးတယ်။ ဆိုဖာမှာ ထိုင်ရင်း သူ့ပုခုံးပေါ်လက်တင် tv ကြည့်လို့လဲကောင်းတယ်။
    အိကျီချုပ်ဖို့လဲ စက်တစ်လုံးရတယ်၊ Singer  ကိုယ့်ကိုယ်ကိုယ်ချုပ်တတ်တယ်ထင်တာဘဲ၊ ချုပ်ကြည့် တော့ ချုပ်ရာတောင်မညီလို့ လောလောဆယ်ခဏရပ်ထားတယ်၊ ပိတ်စတော့ ၀ယ်ပီးသွားပီ။ ကတ်ကြေးမရှိသေးဘူး။  ဒီဇိုင်းတွေကတော့ ထွင်လိုက်တာစိတ်ကူးထဲမှာ လက်တွေ့ချပြတော့ တစ်ခုမှအရာမထင်လာသေးဘူး။
    သူငယ်ချင်းတစ်ယောက်က အိကျီဒီဇိုင်းဆွဲရင်သုံးဖို့ ရောင်စုံ စုတ်တံလေးတွေလဲပေးတယ်။
    ဖုန်းမှာချိတ်တဲ့ယုန်လေးတစ်ကောင်လဲ ညီမလေးပို့ပေးသေးတယ်။
    နောက်နေ့ ကျွန်မစားပွဲနားရောက်တော့ လက်ခုပ်တီးရင် iloveyou..i love you..ကျလိ--ကျလိ အော်တဲ့ ဌက်ကလေးလဲ လက်ဆောင်ရသေးတယ်။



    ပူပူ လေယဉ်မယ်ဝတ်စုံနဲ့ ထီးလေးတစ်ချောင်းလဲရသေးတယ်၊ အိကျီ (၃) ထည်၊ ရင်ထိုး (၄) ခု၊ ဖိနပ် ၃ရံ များကြီးဘဲ.. ဟီးးးး။
    မွေးနေ့ ဘာချက်စားလဲပြန်စဉ်းစားတော့ ဘာမှမချက်ဘူး။ မောင်လေးရောက်လာတော့ သူဘဲ ဟင်းချက်ပါတယ်။  ကူးကူး စားပါတယ်။  သူက အိမ်မှာ တစ်ခါမှဟင်းချက်ဖူးတာမဟုတ်၊ ရောက်ရောက်ချင်း သူ့ကို တစ်ခါချက်ကြွေးလိုက်တာနဲ့ နောက်နေ့ကစ သူဘဲချက်ပါတော့တယ်။ အဲတော့လဲ အငြိမ်းစားရတာပေါ့လေ။
    မွေးနေ့ဆုတောင်းပေးတဲ့သူငယ်ချင်းများအားလုံးကျေးဇူးတင်ပါသည်။...
    အားလုံးကျမ်းမာချမ်းသာ လိုအင်ဆန္ဒပြည့်ဝကြပါစေ။ 

       
      Powered by Blogger