Pages

Saturday, March 26, 2011

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။
နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း)))
တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း))
သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်..
ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ...
ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ပေါင်နဲ့လည်း ကောင်းတယ်လို့ ညီမ၀မ်းကွဲလေးက ပြောပြပါတယ်။
  • ပိန်းစွယ်ကို အရင်းဖြတ်ပြီး ငရုတ်ကျည်ပွေးလေးနဲ့ နဲနဲပြားအောင်ထုပြီး ဖြတ်
  • ဒယ်အိုးထဲကို ရေနဲနဲထည့်ပြီးနူးအောင်အရည်တည်ပါ၊  ဆားနဲနဲထည့်ပါ။
  • ပိန်းစွယ်လေးတွေနဲနဲနွမ်းလာရင်တော့ ကင်ပွန်းချဉ်ရွက်ကိုပါထည့်၊ ရေထပ်ထည့်ပါ။
  • နှစ်မျိုးလုံးနူးအိလာရင်တော့ ကြက်သွန်နီ နိုင်နိုင်ပါးပါးလှီးထည့်ပါ။
  • ကြက်သွန်ဖြူ လဲ ၂ မွှာလောက်ထောင်းထည့်ပါ။
  • ငပိစိမ်းစား (သို့) ငါးငံပြာရည်နဲနဲထည့်ပါ။ ဆက်မွှေပါ
  • ကြက်သားခဲ ထည့်ပါ (အချိုမှုန့်အစားသုံးတာပါ၊ အချိုမှုန့်ကြိုက်သူများ အချိုမှုန့်သုံးနိုင်ပါကြောင်း)
  • အားလုံးနူးအိအောင် မွှေပြီးရင်တော့ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း နဲ့ ဆီကို နောက်ဆုံးမှ ထည့်ပါ။ 
  • ဆီထည့်ပြီးချက်ချင်းမမွှေပါနဲ့အုံး.. ဆီစိမ်းနံ့ရတတ်လို့ပါ.. ဟင်းအိုး ဆူလာမှ ဆက်မွှေပါ..
ပြီးရင်တော့ အပေါ့ငံမြည်းပြီး ချလို့ရပါပြီ။
ဒါကတော့ အင်မတန်အရသာရှိတဲ့ ချဉ်စပ် ပိန်းစွယ်ဟင်း တစ်ခွက်ပါ။


ကဲပိန်းစွယ်ဟင်းခါး အတွက်တော့
  • ကြက်သွန်ဖြူ ၄မွှာ
  • ငပိစိမ်းစား 
  • ကြက်သားခဲ 
  • ငရုတ်ကောင်းမှုန့်
  • ရှောက်ရွက် အနဲငယ်..
  • ပိန်းစွယ်ကို အရင်းဖြတ်ပြီး ငရုတ်ကျည်ပွေးလေးနဲ့ နဲနဲပြားအောင်ထုပြီး ဖြတ်ထားပါ။ 
  • ရေနွေးပွက်ပွက်ဆူရင် ကြက်သွန်ဖြူကို ညက်ညက်ထောင်းပြီးထည့်။
  • ငပိစိမ်းစားလေးနဲနဲထည့်၊ ကြက်သားခဲလေးထည့်၊ ဆားထည့်
  • ဖြတ်ထားတဲ့ ပိန်းစွယ်လေးတွေထည့်...  နဲနဲဆူအောင်ထပ်တည်။
  • ငရုတ်ကောင်းမှုန့် နိုင်နိုင်ထည့်ပြီးရင်တော့ ရှောက်ရွက်လေးနဲနဲ ဖြတ်ထည့်လိုက်ပါ. 
ကောင်းမှကောင်း ..း)
ပိန်းစွယ် /ပိတ်စွယ်

Tuesday, March 22, 2011

ဂျူးမြစ်ဗူးသီးချဉ်ရေဟင်း

မြန်မာပြည်သွားတဲ့ဆရာတစ်ယောက်က ကျွန်မတွက်ဂျူးမြစ်တွေယူလာပေးတယ်၊ သတင်းစာနဲ့ ကျကျနန ကိုထုပ်ထားတာ။ သိပ်ဝမ်းသာတာပေါ့ ဂျူးမြစ်စားချင်နေတာနဲ့အတော်ဘဲလေ.. 
ဂျူးမြစ်ရတာနဲ့ စိတ်ကူးထဲမှာ ဟင်းတွေများကြီးချက်ပြီးသား၊ ဂျူးမြစ်သုပ်၊ ဂျုးမြစ်ထောင်း၊ ဂျူးမြစ်ဆီပြန်၊ ဂျူးမြစ် တို့စရာ.. အစုံပါဘဲ။  ဒါပေမယ့် တစ်ယောက်တည်းဆိုတော့ အကုန်မစားနိုင်ဘူး၊ ဒီနေ့တော့ ဂျူးမြစ် အနံ့ပြင်းရှရှ လေးကို ဗူးသီးနဲ့ရောပြီးချဉ်ရေချက်စားတယ်။
ပါဝင်တဲ့ပစ္စည်းတွေကတော့
  1. ဂျူးမြစ်
  2. ဗူးသီး 
  3. ကြက်သွန် ဖြူ၊ ကြက်သွန်နီ
  4. ဂျင်း 
  5. နံနံပင်
  6. ငရုတ်သီးစိမ်း
  7. ငပိစိမ်းစား (လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)
  8. ဆား
  9. knorr ငါးအသားခဲ
ဂျူးမြစ်ကိုရေစင်အောင်ဆေး၊ တစ်ချောင်းခြင်းဆွဲထုတ်ပြီးဆေးပါ၊ ပြီးရင်တော့ ငရုတ်ကျည်ပွေ့လေးနဲ့ ဇရစ်ရိုး ထုသလို အနည်းငယ်လိုက်ထုပြီးဖြတ်ထားပါတယ်။
ဂျင်းနဲနဲ၊ ကြက်သွန်နီနဲ့ အဖြူ၊ နံနံပင်လတ်လတ်ဆတ်ဆတ်ကို ငရုတ်သီး စိမ်း အနီတောင့်လေးတွေနဲ့ ညက်အောင်ထောင်းထားပါတယ်။
ဗူးသီး ကို ခပ်စိပ်စိပ်လှီးပြီး ငပိစိမ်းစားနည်းနည်း၊ မန်းကျည်းမှည့်ရည်၊  ဆီနဲနဲ၊ ဆားနဲ့ knorr ငါးအသားခဲ ၄ပုံ၁ပုံ လေးထည့်ပြီ အားလုံး သမအောင်အရင်ရောမွှေနယ်ပြီး တည်လိုက်ရုံပါဘဲ.

အစိမ်းနံ့လေးပျောက်မှ ရေထပ်ထည့်ပြီးပွက်ပွက်ဆူအောင်တည်လိုက်ရင်တော့ အရသာ ပြင်းရှရှလေးနဲ့.. ချဉ်စပ် ဂျူးမြစ်ဗူးသီးချဉ်ရည်တစ်ခွက်ရပါပြီ။
သီရိမင်္ဂလာဈေးက ဂျူးမြစ်ပုံလေးပါတင်လိုက်တယ်။ မှတ်မိသွားအောင်။းP

ဂျူးမြစ်

Saturday, March 19, 2011

ချဉ်ပေါင်နီသီးဖျော်ရည်

ဒီတစ်ခါတော့ချဉ်ပေါင်သီးအခြောက်လေးတွေကိုဖျော်ရည်ဖျော်သောက်ရအောင်။  ငယ်ငယ်တုံးကလမ်းဘေး တွန်းလှည်းသယ်မှာသောက်ဖူးတဲ့ဇီးဖျော်ရည်ချဉ်ချဉ်လေးနဲ့ခပ်ဆင်ဆင်ပါ။
ချဉ်ပေါင်ပင်အရိုးရောက်အရွက်ပါနီတဲ့အပင်ကိုတွေ့ဖူးကြလားမသိဘူး။ တစ်ချို့ကအိမ်မှာအလှစိုက်ပန်းပင် အနေနဲ့စိုက်ကြတယ်။ အဲဒီအပွင့်လေးတွေကြွေအသီးတွေသီးလို့ရင့်လာရင်အထဲက အဆံကိုထုတ် အခွံလေးတွေ ဘဲအခြောက်ခံပြီးသိမ်းထားလို့ရတယ်။ ဖျောရည်လုပ်တော့မယ်ဆိုမှ အဲဒီချဉ်ပေါင်သီးအခြောက်လေးတွေကို ရေလေးနဲ့တစ်ခါလောက်ဆေး၊ ဆားနဲနဲ (နည်းနည်းမှနည်းနည်း)လေးထည့်ပြီးရေနဲ့ပြုပ်ပါမယ်။
ပြီးရင်တော့ အအေးခံ။ သကြားရည်ထည့်၊ ရေခဲထည့်၊ ရေလိုသလောက်ထည့်ပြီးဖျော်ရုံပါဘဲ။ အရောင်လေးက လဲ နီနီရဲရဲလေးနဲ့ ချဉ်ပြုံးပြုံးလေး.. တစ်ခါသောက်မိရင် ကြိုက်သွားမှာသေချာတယ်။ ရင်လဲအေးတယ်ရှင့်။
ကျွန်မသူငယ်ချင်း ထိုင်းက အမကြီးဖျော်တိုက်တာပါ။ စိတ်ဝင်စားတဲ့သူများရှိရင်စမ်းကြည့်လို့ရအောင် တင်ပေး လိုက်ပါတယ်နော်။

Tuesday, March 15, 2011

တစ်နိုင်စိုက်ခင်း

ဒီမှာတော့ ဈေးမှာ ၀ယ်မရတဲ့အပင်တွေ ခြံဝင်း တစ်နေရာမှာစိုက်ခင်းလေး တွေလုပ်ပြီးစိုက် ကြတယ်၊ နိုင်ငံပေါင်းစုံကလူတွေအကြိုက်ခြင်းကလဲမတူကြဘူး။ စိုက်ခင်းလေးတွေတစ်ခုနဲ့တစ်ခု လိုက်ကြည့်ရင် ဘယ်နိုင်ငံသူရဲ့စိုက်ခင်းလဲခန့်မှန်းလို့ရတယ်။ ကျွန်မတစ်ယောက်တည်း စိုက်တဲ့ စိုက်ခင်းတော့မဟုတ်ပါဘူး။ သူများစိုက်ထားတဲ့ကိုယ့်နားကအခင်းတွေပါ ပါတယ်နော်. အထင်မကြီးနဲ့အုံး။း))

နာနတ်သီး
ကညွတ်

 စပါးလင်
ဆူးပုပ် (ထိုင်းကနေ ကိုင်းဖြတ်လေးတွေယူလာပြီးစိုက်ထားတာပါ၊ အညွန့်လေးတွေထွက်တဲ့ နေ့တုန်းက ဒီကမ္ဘာမှာအပျော်ဆုံးသူကိုယ်ပေါ့)..  ဟီးးးး
သင်္ဘောသီးပင်
ခရမ်းရောင်ညွန့် (အရသာက ဟင်းနုနွယ်လိုဒါပေမယ့်တစ်မျိုး၊ ရန်ကုန်မှာတော့မစားဘူး အစေ့ဘဲ ကလေးတွေဆော့တာ.. ဒါပေမယ့်ဒီမှာတော့သူများစားကြတယ်)
ခရမ်းသီးပင်
ပင်စိမ်း နှင့် မုန်ညှင်းဖြူ
 
မုန်ညှင်းစိမ်း / မုန်ညှင်းခါး
ကန်ဇွန်းရွက်
ကြက်ဟင်းခါးသီး (ဂျပန်စိုက်ခင်း)
 
ခရမ်းချဉ်သီး
ကန်ဇွန်းဥ ခင်း
မုန်လာဥ(ပါပူးဝါး စိုက်ခင်း)
ဒန့်သလွန် (ဖိလိပီနိုစိုက်ခင်း)
ဆလတ်ရွက် (အမေရိကန်စိုက်ခင်း)
ခရမ်းသီး (SALMON ISLANDS စိုက်ခင်း)
 
ငရုတ်သီးတောင့်ရှည် (ကိုးရီးယားစိုက်ခင်း)

ပင်စိမ်း (အင်ဒိုစိုက်ခင်း)
 
ခရမ်းချဉ်သီးအကြီးစား (ကနေဒါစိုက်ခင်း)
မုန်လာဥနီ 
 
ရွှေဖရုံသီး
ဖရဲသီး
ပြီးရင်တော့ဟောဒီလိုတို့စရာလုပ်ပြီးစားလိုက်တာပါဘဲ။

Wednesday, March 9, 2011

ဈေးဆစ်ခြင်းပညာ

ကျွန်မငယ်ငယ်ကတည်းက ပထမဆုံးမာမီဝယ်ခိုင်းတဲ့ဟာက ဆီပါ။  ဆီတစ်ပုလင်းကို ၅၀၀ ကျပ်၊ ပိုက်ဆံ ၅၀၀ ပေးရင်ဆီတစ်ပုလင်းရတယ်။  ပိုက်ဆံပေးလိုက်ရုံဘဲ. မခက်ခဲ့ဘူး။
၁၀ တန်းအောင်တက္ကသိုလ်စတက်တော့ အဆောင်မှာနေတယ်၊ လိုတဲ့ပစ္စည်းတွေအကုန် မာမီက၀ယ်ပို့ ပေးတယ်၊ သူလဲ ၂ လနေတစ်ခါလာတယ်။ အဲတော့ မုန့်ဝယ်စားတာကလွဲ အသုံး ဆောင်တွေမ၀ယ်တတ် ခဲ့ဘူး။
နောက်ဆုံးနှစ်အရေးပေါ်လိုအပ်တာလေးတွေတော့ ဆိုင်မှာသွားဈေးမေးဝယ်လိုက်တာဘဲ။  သူငယ်ချင်းတွေဈေးဆစ်နေရင် သိပ်ရှက်တာဘဲ.. သူတို့နားကနေခွာခွာထွက်သွားခဲ့ဖူးတယ်။
ကျွန်မကတော့ လိုချင်တယ်ဆို ဈေးမေးတယ်၊ ကိုယ်မတတ်နိုင်ရင်မ၀ယ်ဘူး၊ ကိုယ်တတ်နိုင်တယ် ဆိုလဲ ဈေးမဆစ်တော့ဘဲ ၅ ကျပ် ၁၀ ပိုပေးရလဲဝယ်လိုက်တာဘဲ.
ဒါပေမယ့်အဲဒီအကျင့်ကလက်တွေ့မကျပါဘူး...  ကျောင်းပြီးတော့ ရန်ကုန်ကိုပြန်လာတယ်..  မာမီက ဗိုလ်ချုပ်ဈေးသစ်က အန်တီကြီးဆိုင်မှာ အမျိုးသမီးအသုံးဆောင်တွေ လိုက်လိုက်ဝယ် ပေးတယ်. သူ့နောက်လိုက် သူဈေးဆစ်နေရင် ကျွန်မမှာ ဆိုင်ရှင်ကိုအားနာနေတာ..မျက်နှာ ဘယ်နားထား ရမှန်းမသိအောင်ဘဲ။
အန်တီကြီးကလဲသဘောကောင်း... အနော..အနော..သမီးလေးခေါ်လာတာကိုး..ဖိုးမူ...ချစ်စရာ လေး အန်တီဈေးလျှော့ပေးမှာပေါ့ဆိုပီး (နဲနဲ) လျှော့ပေးတယ်.. မာမီက သဘောတွေကျလို့။ သွားတိုင်းကျွန်မကို ခေါ်ခေါ်သွားတယ်။ကျွန်မစဉ်းစားတယ်.. ဈေးရောင်းသူနဲ့ဝယ်သူ နဲနဲလေး တင်..နဲနဲလေး လျှော့ပေးရလိုက်မှ ပိုကျေနပ်ကြတာလား။
ဟင်းသီးဟင်းရွက်ဈေးရောက်တယ်.. ကြိုက်ရင်ဝယ်လိုက်တာဘဲ..ဈေးကြီးလွန်းရင်တော့ ပြန်လှည့် ထွက်ခဲ့ တယ်၊  ပထမဆုံးဈေးဝယ်ထွက်တုံးက အာလူးဈေးကြီးလို့ တစ်လုံးဘဲဝယ်ပြီး ဆားဈေးပေါလို့ ၂ ပိသာလောက်ဝယ်လာတယ်..  မာမီက စိတ်ပျက်လို့ ဘာမှပြောဘူး။
အဲလိုနဲ့ ကျွန်မဈေးဝယ်တိုင်းကမောက်ကမဖြစ်တယ်..  ဒါကြောင့် စူပါmarket ဘဲ သွားတယ်။ ပိုက်ဆံရှိလွန်းလို့မဟုတ် ဈေးမဆစ်ရဲ ဈေးဆစ်ရမှာအားနာတဲ့ မွေးရာပါရောဂါကြောင့်။
ဒီကိုရောက်တော့ ဈေးမဆစ်လို့မရတော့ဘူး၊ စစ်ကူခေါ်ရအောင် အိမ်က လူတွေတစ်ယောက်မှ မရှိ။ သူငယ်ချင်းဆိုတာလဲ အမြဲကိုယ်နဲ့လိုက်နိုင်တာမဟုတ်ဘူး။
ကံကောင်းချင်တော့ ကျွန်မသူငယ်ချင်းကလဲ ကျွန်မလို ဈေးဆစ်ရမှာကြောက်တဲ့သူဖြစ်နေတာ.
ဈေးအရမ်းတင်မှန်းသိတော့မဆစ်လဲမရဘူး..
တစ်ရက်သူက ဈေးသည်ကိုမေးတယ်..  "what is your last price?" တဲ့...  တစ်ခါတည်းတန်း မေးတော့ ဈေးသည်ကကြောင်ပြီး... ကျွန်မက အော်ရီတယ်...
ကျွန်မသိသွားပြီ.. လျှော့ပါ လျှော့ပါလို့ သနားစရာအသံနဲ့ပြောနေစရာမလိုသလို..
သင့်တင့်တဲ့ဈေးကိုလဲခန့်မှန်း ဈေးသည်ကိုပြောပြီး ဈေးဝယ်သူမလျှော့နိုင်လှည့်ထွက်ရဖို့လဲမလို..
သူလဲအဆင်ပြေ..ကိုယ့် အားနာတဲ့ရောဂါနဲ့လဲ အဆင်ပြေမယ့်.. နောက်ဆုံးဈေးတစ်ခါတည်း တန်းမေး တော့တာဘဲ...   လူတိုင်းက အဲလိုမေးခွန်းမေးလေ့မရှိလို့ အချို့ဈေးသည်တွေက ကြောင် တောင်တောင်ဖြစ်သွားသလို အချို့ ကလဲ နဲနဲစဉ်းစားပြီးမှ ရီပြီး.. ဈေးလျှော့ ပြောလာတယ်။
အခုလောလောဆယ်တော့ "what is your last price" နဲ့အဆင်ပြေနေပါကြောင်း...း))))
နောက်နဲနဲကြာရင်တော့ technique ပြောင်းရမယ်ထင်ပါ့။

 
Powered by Blogger