Pages

Monday, February 20, 2012

ငါးမျှားခြင်း - ၀ါသနာ

 
ကျွန်မစိတ်ဝင်စားတဲ့အရာတွေအမြဲပြောင်းလဲနေတယ်။ မပြောင်းလဲသေးတာကတော့ ငါးမျှားဖို့အရမ်းဝါသနာပါတာကိုဘဲ။  ငါးတွေ့ရင်မနေနိုင်ဘူး။ 
အိမ်မှာတော့ ငါးလေးတွေလဲမွေးထားတယ်။ နိုင်ငံရပ်ခြားရောက်ကတည်းက ငါးမျှားခွင့် မကြုံခဲ့ဘူး။  ဒီတစ်ခါတော့ rideau canal ဘက်ကိုလမ်းလျှောက်ရင်းနဲ့ ကိုးရီးယားအန်တီတွေ လေးငါးယောက်စုပြီးငါးမျှားနေတာစိတ်ဝင်စားလို့အကြာ ကြီးရပ်ကြည့်နေမိတယ်။
ငါးမိတာမြန်လိုက်တာ..ဖတ်ကနဲ့ ဖတ်ကနဲ့ အသည်းကိုယားနေတာ...  ငါးမိတော့ ချိတ်က ပြန်ဖြုတ်ပြီး ရေထဲ ၀ှီးကနဲ့ပြန်လွှတ်ချချလိုက်တာတွေတော့ ဘာများလုပ် ပါလိမ့်။  ပြန်လွှတ်ရင်လဲဘာလို့များ ငါးမျှားနေသေးလဲဆိုပြီး စဉ်းစားမိတယ်။
နောက်မှ အဲဒီမှာနေတဲ့သူက ရှင်းပြတာ ငါးမျှားဖို့လိုင်စင်လျှောက်ရတဲ့အကြောင်း၊ မျှားလို့ရရင်လဲ ငါးအကောင်ရေနဲ့အမျိုးအစားကန့်သတ်ထားတဲ့အကြောင်း ပြောပြ ပါတယ်။  ကျွန်မက ဘာဖြစ်လဲ ဘယ်သူမှလာစစ်တာလဲမဟုတ် မိတာအကုန်ယူသွား လဲပြီးတာဘဲဆိုတော့ ....မရဘူးလေ အဲဒါကိုယ့်အကျင့်နဲ့ဆိုင်တယ်.. 
သူများလာစစ်မှမဟုတ်ဘူး..လိုင်စင်လျှောက်ကတည်းက ကတိဝန်ခံချက်ရှိပြီးသားမို့ လိုက်လျှောက်မယ်မလျှောက်ဘူးဆိုတာ ကိုယ်ကျင့်တရားနဲ့ဆိုင်တယ်လို့ရှင်းပြတော့ ရင်ထဲနဲနဲ ထိသွားတယ်..  ကျွန်မလား..မိရင်အကုန်ယူမှာ :D 
ottawa ရောက်တော့ တရုတ်/ဗီယမ်နမ် ဆိုင်တွေကိုအားကိုးရပါတယ်။ အဲဒီမှာ ထိုင်းက သွင်းတဲ့ဟင်းသီးဟင်းရွက်အကုန်စုံရတယ်။  အရွက်စားချင်ရင် အဲဒီကို သွား လို့ဆိုရမလိုဘဲ။ရေချိုငါးလဲအဲဒီမှာရပါတယ်။တလားပီးယား.. သေနေပီ တောင့် နေတာဘဲ။း)
supermarket တွေမှာတော့ ရှိပါတယ်၊ ဒါပေမယ့် များသောအားဖြင့် salad လုပ်တဲ့ အရွက်တွေများတယ်။ အချဉ်ဟင်းချက်ဖို့အရွက်လိုက်ရှာတာ နောက်ဆုံး broccoli အသေးလေးတွေပါတဲ့အရွက်ဘဲဝယ်လာရတယ်။ ချက်ကြည့်တာတော်တော်ခါးတယ်။ ဒါပေမယ့်မဆိုးပါဘူး။
ငါးမျှားတဲ့အကြောင်းကနေ စားစရာဆီရောက်သွားပြန်ပြီ။ 
ငါးမျှားချင်လွန်းတဲ့ကျွန်မအတွက်Canadian tireမှာငါးမျှားတံတစ်ခုအရင်သွားဝယ်
ပေးရပါတယ်။ တစ်ရက်စာ လိုင်စင် တစ်ခါတည်းဝယ်ရပါတယ်။ ငါးမျှားတံနဲ့ တွဲလျှက် ဂျယ်လီလိုလို၊ ရာဘာပျော့ တီကောင်ပုံလေး၊ ပြည်ကြီးငါးပုံလေးတွေပါတယ်။ အဲဒါ တီကောင်အစားသုံးမယ်ပေါ့။  ငါးမျှားဖို့ gatineau park ကိုရောက်လာပြီ။


ကိုယ်လိုသူလိုငါးလာမျှားတဲ့သူတွေလဲရှိတယ်..ကန်ကြီးကအကြီးကြီးဘဲ.. လှေလှော် ပြီး မြစ်လယ်ထိသွားတယ်.. 
ငါးမျှားတံမသုံးတတ်လို့ လှေအကြီးနဲ့ငါးလာမျှားကြတဲ့ တရုတ်တွေကို အကူညီ တောင်းပြီးဆင်ခိုင်းရသေးတယ်။။  ငါးလဲမတွတ်ပါ။ နောက်ဆုံးတော့ လှေ အလှည့်မှာ ငါးဘဲကံဆိုးတာလား.. ကျွန်မဘဲကံကောင်းသလားမသိ.. လှုပ်စိစိဖြစ်နေ လို့ဆွဲလိုက်တော့ ငါးတစ်ကောင်ပါလာပါတယ်.. ပျော်လိုက်တာဖြစ်ခြင်း...
ဒီရာဘာပျော့စိတွေနဲ့မျှား ဘယ်ငါးကစားမလဲလေ.. တီကောင်မဟုတ်၊ ၀ါးပိုးမဟုတ်၊ ငါးသေးသေးမဟုတ်နဲ့... ဒါပေမယ့် တစ်ကောင်ရလဲမဆိုးဘူးဆိုပြီး ပြန်ယူလာပါတယ်။
 နောက်ရက်တွေမှာ တက်ကြွပြီး မြစ်မှာ ငါးသွားမျှားတာ တစ်နေသာကုန်သွားတယ် မရဘူး။  အဲတော့ တောင်ကီ/တီကောင် ၀ယ်ဖို့ အရှာထွက်ရတယ်။  Canadian tire မှာ ရောင်းလေ့ရှိပေမယ့် ရာသီဥတုအေးလာတော့ သူတို့မှာလဲမရှိတော့ဘူး။ 
ဒါနဲ့ခပ်တည်တည်ဘဲ petstore မှာသွားပြီးတီကောင်သွားမေးပါတယ်။ သူတို့က ဘာလုပ်မလို့လဲဆိုတော့ ငါးလေးတွေကို ကျွေးမလို့လို့ လိမ်လိုက်တယ်။ ဟီး
တီကောင်တော့ရှိတယ်..ဒါပေမယ့် ခြေမွှပြီး အသင့်ကျွေးဖို့ လုပ်ထားတာတွေ freezer ထဲကထုတ်ပေးတယ်.. အဲဒါနဲ့ငါးမျှားလို့ဘယ်ရမလဲလေ..
ဒါနဲ့စိတ်ပျက်ပြီးပြန်ထွက်လာတယ်။ 
နောက်နေ့မှာတော့ အဲဒီကိုရောက်နေတဲ့မြန်မာအကိုကြီးတစ်ယောက်ကို ငါးမျှားတံ သေချာသွားဆင်ခိုင်းပြီးမှ သူက လိုင်စင်သွားဝယ်မနေနဲ့ အပျော်ဌားတာဘဲ။ ကိုယ့်ဟာယူသွားဆိုပြီးပေးတော့အတော်ပါဘဲ.....  နေတဲ့နေရာနဲ့နီးတဲ့ rideau canal မှာဘဲ အားတိုင်းသွားမျှားတော့တာ.. မရဘူးသိလား..
အဲဒီအကိုကြီးကပြောပြတယ်..အေးနေပီ ငါးရမှာမဟုတ်ဘူးတဲ့... ကျွန်မကလက်မလျှော့။ ရေမှမခဲသေးတာလေ..  နောက်ဆုံးတော့ ဥဏ်ကြီးရှင်က ပုဇွန် နဲ့မျှားမယ်ဆိုပီး freeze လုပ်ထားတဲ့ပုဇွန်လေးတွေဓားလေးနဲ့ အစိတ်စိတ်ခြမ်းပြီး ငါးမျှားတံပေါ်စချိတ်တဲ့နေ့မှာဘဲ မိလိုက်တဲ့ငါးတွေ.. ပြန်လွှတ်လဲ ပြန်လာကိုက်တာ ဘဲ။ ပုဇွန်ကြိုက်သကိုး...
ငါးမျှားရတာအရသာရှိတာလဲ ငါးကိုမြင်နေရတာ.. လာကိုက်ဖို့ မကိုက်ဖို့ စဉ်းစား နေတဲ့ ငါးတွေကို လှမ်းကြည့်နေရတာကိုသဘောကျတာ..
အကောင်တွေကိုညှင်းဆဲတာလားဆိုတော့ ဟုတ်ပါတယ်။ မကောင်းပါဘူး..ဒါပေမယ့် ၀ါသနာကိုး...း(

မိပြီ တစ်ကောင်
 ငါးထိုင်မျှားတဲ့ခုံတန်းလေး.. ခုတော့ ရေခဲတွေဖုံးပေါ့..း)
၁ နာရီအတွင်းရသောငါးများ..း))
မြန်မာဝတ်စုံဝတ်ဖို့ကို ထမီတစ်ကွင်းနဲ့မလောက်လို့အမြဲဆက်ရတယ်။
ကျွန်မ ဒီဇိုင်နာမမ က တော်ပါတယ်။  ဒါပေမယ့် လူက ၀ါးလုံးပုံဆိုတော့ ခြံစည်းရိုး ထမီပတ်ထားသလိုဖြစ်နေတာကတော့ ကိုယ့်ဘ၀နဲ့ကိုယ်ရှိပါစေတော့ရယ်။ 
 the end ~

Thursday, February 16, 2012

အဖွားတို့ရွာ ၂၀၁၁

၂၀၁၁ဒီဇင်ဘာမှာတော့ခရစ္စမတ်ပြီးတာနဲ့အဖွားတို့ရွာကိုသွားလည်ဖြစ်တယ်။မရောက်ဖြစ်တာလဲ ဆယ်စုနှစ်နီးပါးရှိခဲ့ပြီလေ။  မောင်လေးကသူ့ရုံးကကားလေးယူသွားမယ်ဆိုတော့မာမီတို့ကလဲ ရွာသွားမယ့်ပစ္စည်းအစုံအလင်အကုန်ကားပေါ်တင်တာပေါ့။ရွာမှာအိပ်မယ့်စောင်တွေ၊အိပ်ရာ ခင်းတွ၊လက်ဆောင်ပေးမယ့်ပိစိကွစိတွေအစုံဘဲ.  ရေနွေးအိပ်လဲပါတယ်၊ခါးနာတတ်တဲ့ကျွန်မ အတွက်အမြဲဆောင်ထားရတယ်။ မြောင်းမြကိုဝင်ပြီးငရုတ်သီးခြောက်၊နဲ့ဆန်အိတ်တစ်အိတ် ၀င်ဝယ်ပြီးထပ်တင်သွားသေးတယ်။  ကားလမ်းကြမ်းတာကလွဲလို့ ပျော်ဖို့ကောင်းပါတယ်။ရန်ကုန်ပုသိမ်လမ်းတစ်လျှောက်တော့ လမ်းမဆိုးလှပေမယ့်အိမ်မဲကနေလမ်းခွဲ မြောင်းမြလမ်းကတော့ ပြောမပြတတ်အောင်ကြမ်း
တမ်းတယ်။ကျာက်တုံး အကြီးကြီးတွေနဲ့ မြေနီလမ်းကြမ်းမှာဖုန်တစ်ထောင်းထောင်းနဲ့..
တံတားရှိတဲ့နေရာနားတစ်ဝိုက်မှာတော့ ကတ္တရာလမ်းရှိပေမယ့် တံတားကျော်သွားပြီး ကိုက် ၁၀၀ လောက်ဆို လမ်းကြမ်းပေါ်ပြန်ရောက်တယ်...
မြောင်းမြကနေ လပွတ်တာသွားတဲ့လမ်းကတော့မဆိုးလှဘူး။  ကျွန်မတို့သွားတဲ့ ရွာက လမ်းတစ်ဝက်မှာ.. သိလ္လာဆိုတဲ့ရွာလေးပေါ့။ တောင်ပေါ်စု ထိသွားမယ့်ရန်ကုန်က အတူလိုက်လာတဲ့မာမီ့ သူငယ်ချင်းအန်တီနဲ့သူ့အမျိုးသားကိုသွားချပေးခဲ့တယ်။ အဲဒီမှာပထမဆုံးဖြတ်ဖူးတဲ့ဂျုံးဂျုံးကျ ချောင်းဆိုတဲ့သရဲချောက်တာနာမည်ကြီးတဲ့
နေရာကိုရောက်သွားတယ်။  နေ့ခင်းဆိုတော့သရဲမလေး ကို မတွေ့ခဲ့ပါဘူး။း)...
တောင်ပေါ်စုမှာနေတဲ့ ဦးလေးအကြီးဆုံး ကို ကျွန်မတို့ရောက်တဲ့အကြောင်း သတင်းသွားပေးတော့ သူက ဘဲလိုက်ဖမ်းနေတယ်တဲ့..ဘဲက ဖမ်းမမိတာနဲ့ ကျွန်မတို့ကားနဲ့ပြန်မလိုက်လာဘူး။ နောက်နေ့မှာ ဘဲတစ်ကောင်စက်ဘီးပေါ်တင်ပြီး အဖွားအိမ်ရောက်လာတယ်။ ဘဲကစားဖို့ပေးတာ မာမီက သနားတယ်မွေးမယ်ဆိုပြီး ရန်ကုန်ထိပြန်သယ်လာပါတယ်။ တစ်ရက်နေပြီးနောက်နေ့ ခြံနောက်ပေါက်ကထွက် ဘယ်ရောက်သွားမှန်းမသိဘူး။
မြောင်းမြ နဲ့ တောင်ပေါ်စု ကြားလမ်းတစ်ဝက်မှာ သိလ္လာဆိုတဲ့ရွာလေးရှိပါတယ်။ သိလ္လာသူတွေချောတာ နာမည်ကြီးတယ်ပြောတယ်။ စိမ့်စမ်းရေထွက်တဲ့နေရာကို ရေတွင်းလုပ်ထားပြီး..တစ်ရွာလုံးမှ ရေတွင်း ၁၀ တွင်းပြည့်မယ်မထင်ဘူး။ ဘုံရေချိုးတဲ့နေရာပေါ့..ရေကအေးမြနေတာဘဲ။  သိလ္လာရေချိုးရင်အသားလှတယ်လို့ပြောတယ်။  တစ်ကယ်လည်းသိလ္လာသူစစ်စစ်လးတွေ အသားရေအရမ်းလှပြီး ကြည်လင်နေတယ်။  (အခြားရွာက၀င်လာတဲ့ သူတွေမပါ)
မာမီ့ဆို အခုထိအသားရေလှတုံးဘဲ။ အခုချိန်ထိ အများက သမီးတွေအမေကိုမမှီဘူး ပြောတယ်။  ဘယ်မှီမလဲလေ..အဖိုးက တရုတ်ကိုး.. အဖွားက သိလ္လာသူစစ်စစ် ကရင်..  ကျွန်မတို့မောင်နှမကတော့ အမေ့လောက်အသား မဖြူဘူး၊
ရွာရောက်တော့ တစ်မျိုးတစ်ဆွေလုံးထွက်ကြိုနေကြတာပေါ့..  တောင်ပေါ်စု သိလ္လာ လမ်းခွဲထိသွားထွက်ကြိုတဲ့သူတွေနဲ့လဲလွဲ...
တစ်ဝက်ကတော့ ရွာဦးပိုင်းကကြိုတော့ မတွေ့တာကြာတဲ့ မောင်နှမ၀မ်းကွဲလေးတွေ အပျို လူပျိုတွေအရွယ်ရောက်လို့...  ၁၀ တန်း ၃ ခါကျ၊ ၂ ခါကျ...  ၈ တန်း.. အစုံ ပါဘဲ။  ပစ္စည်းတွေဝိုင်းသည်ပြီး အဖွားအိမ်ရှိတဲ့တောင်အောက်က ချိုင့်ထဲကိုဆင်းရ တယ်။ ကားက တော့ တောင်ပေါ်က ဘုရားကျောင်းဝင်းထဲမှာထားခဲ့တယ်။
ရောက်တော့ ၀ိုင်းအုံပျော်နေကြတာ.. အဒေါ်တွေကလဲပျော်တယ်.. ငယ်ငယ်က ကျွန်မတို့ကိုထိမ်းခဲ့တဲ့အဒေါ်က ကျွန်မနဲ့မောင်လေးကို ထွားကြိုင်းလွန်းလို့ လာဖက်ပြီး ပြောလို့မဆုံးတော့ဘူး။ ညီမလေးကတော့ ဒီနှစ်အိမ်ပြန်မလာဘူး။ အဖွားကလဲ ပျော်လို့။ ညနေစာအတွက် နာနတ်ဖူးပါးပါးလှီးပြီးပြုပ်၊ ပဲပင်ပေါက်နဲ့ တပင်ရွှေထီးရွက်ပြုပ်ထားတာ တို့စရာအဖြစ်နဲ့ အိမ်က မာမီချက် လာတဲ့ဟင်းတွေနဲ့ အားရပါးရစားကြတယ်။
 နံနက်စောစော ခေါင်းရွက်ဗျပ်ထိုးဈေးသည်ဆီမှာ ဟင်းသီးဟင်းရွက်ဝယ်နေတဲ့မာမီ
ရွာက ခွေး... အန်တီလေးမွေးထားတာ တဲ့... 
ပါးပါးက အစာတစ်ခုသွားကျွေးတော့  အကိုကြီး အဲဒါမကျွေးနဲ့ သူတို့ စားလို့မရဘူး သေသွားရင် ခွေးသချိုင်းမှာသွားမြုပ်ပီး ငိုရလွန်းလို့ မျက်ရည်တောင်မကျန် တော့ဘူးဆိုဘဲ။  ကျွန်မလဲ သဘောကျလို့ ထိုင်ရီနေမိတယ်။
မုန့်ဟင်းခါးလုပ်စားကြမယ်လို့ အဒေါ်တစ်ယောက်က ၀င်ပြောတယ်..ဒါနဲ့ဘဲဟင်းရည် ချက်ဖို့ ငါးသည်ကိုစောင့်ရတယ်.. အဲဒီနေ့က ငါးသည်က မရောက်လာဘူး။ ဒါနဲ့ ဘုရား ကျောင်းကဆရာလာလည်တာနဲ့ သူ့ မော်တော်ဆိုင်ကယ်နဲ့ အခြားရွာဘက်ထိ သွားပြီး ငါးသွားဝယ်ပေးပါတယ်။  ငါးရံ့လေးတွေပါ။ မွေးငါးတွေမဟုတ်လို့ အရမ်း ချို တာအမှန်ဘဲ။အင်တုံထဲမှာ ဖျတ်ဖျတ်ခုန်နေတဲ့ငါးတွေ ဘယ်သူများသတ်မလဲ လို့ စောင့်ကြည့်နေတာ.. ဦးလေးအလတ်လား..အငယ်လား.. အဒေါ်လား၊ ၀မ်းကွဲမောင် လေးတွေများလားလို့.. နောက်နေ့တော့ မာမီကပြောတယ်..ဆားရေနဲ့ စိမ်ထားလိုက်တာသေရောတဲ့..း))
မီးဖိုသုံးအတွက်ထင်းတွေခွဲခြမ်းထားတာပါ။
နောက်နေ့မှာတော့ ရွာထဲကတောလမ်းအတိုင်းထွက်ပြီး လပွတ်တာ လမ်းမဘက်ကို ရွာထဲမှာလိုင်းမမိတော့တဲ့မောင်လေးဖုန်းကြောင့် ကမ်းရိုးတန်းဖုန်းသုံးပြီးဖုန်းဆက်ဖို့နဲ့ အဲဒီအခြမ်းမှာ နေတဲ့အဒေါ်နဲ့ဦးလေးဆီ လည်ဖို့ထွက်လာခဲ့ပါတယ်။ 
ရေကျနေတဲ့ ငယ်ငယ်ကရေကူးခဲ့တဲ့ချောင်း..


ငယ်ငယ်က ဒီတံတားပေါ်ကနေ ရေတက်ရင်ခုန်ချကြတာ..
တောင်ပေါ်တက်တောလမ်းဖြတ်တော့..သွားလာသူများလွန်းတဲ့လမ်းလေးကအခုတော့ သဲဖြုလမ်းလေးဖြစ်လို့.. လမ်းသွားရင် အဒေါ်လေးက သရဲအကြောင်းပြောပြသေး တယ်။
သွားနေရင်းလမ်းမှာဈေးသည်တစ်ယောက်တွေ့တယ်..  ရွာကလူတွေချစ်ဖို့ကောင်းတာ သိသိမသိသိ နှုတ်ဆက်.. စကားပြောကြတာကိုဘဲ...
ဈေးသည်က လှမ်းနှုတ်ဆက်ပြီးဆက်ထွက်သွားတယ်.. မောင်လေးက ဘာသည်လဲ ဘာပါလဲစပ်စုပါတယ်.. သူက ငါးလေးနဲနဲပါတယ် ဆိုတော့ မောင်လေးက ကြည့်ချင် တယ်။ ငါးပြေမလေးတွေတွေ့တော့ လယ်ငါးဆိုတော့ ဇောင်းလျားသီးနဲ့ ချက်ရင် ကျောက်ကပ်အတွက်ကောင်းတယ်ဆိုပြီး ကျွန်မအတွက်မာမီက၀ယ်ပါတယ်။  သူ့ချိန်ခွင်အလေးက မိုက်တယ်..း)
ငါးဝယ်ပြီး ဈေးသည်ကို ရွာအနောက်ပိုင်းအ၀င်က အိမ်မှာဝင်ချထားပေးခဲ့လို့ပြော လိုက်ရုံဘဲ..  အရမ်းကိုအဆင်ပြေတဲ့တောဓလေ့မှာ ကျွန်မစိတ်ချမ်းသာခဲ့တာ အမှန် ဘဲ။
ပြန်ရောက်တော့ အဖွားက အမေ့ကို နင့်ငါးတွေက မြင်တောင်မမြင်ရဘူး။ အဲလောက် သေးတာဝယ်ရလားလို့ ပြောပါတယ်။ 















လမ်းမကြီးတစ်ဖက်ခြမ်းမှာနေတဲ့ဦးလေးတို့ စိုက်ထားတဲ့ကွမ်းခြံကိုသွားကြည့်တယ်။  ကွမ်းစိုက်တဲ့သူတွေဒီနှစ်အဆင်ပြေတယ်ပြောတယ်.. ကွမ်းတစ်ညွန့်ကို ၇၀ ကျပ် နဲ့ ရောင်းရတယ်တဲ့။ ဆေးဖော်တဲ့သူတွေဝယ်တယ်ပြောတယ်။  မြတ်သလို ပင်လဲ ပင်ပန်းပါတယ်။ ဒါပေမယ့် ဒီဖက်ရွာကသူတွေစီးပွားကကွမ်း၊ နာနတ်၊ သီဟိုနဲ့ မီးသွေး။
ရာဘာလဲအလုပ်ဖြစ်တယ်ပြောတယ်။ ဒါပေမယ့်ရာဘာခြစ်သူတစ်ဝက်၊ ကိုယ်က တစ်ဝက် ဆိုတော့ ကိုယ်တိုင်ခြစ်နိုင်တဲ့သူက ပိုကိုက်တာပေါ့နော်။  

ကွမ်းစိုက်ခင်း

ဒါကတော့ ဦးလေးတွေဆောက်ထားတဲ့မီးသွေးဖိုပါ။ လိပ်ပုံစံဖိုလို့ခေါ်တယ်ဆိုလား.. အထဲမှာတော်တော်နက်ပါတယ်။
 
 
အပြန်လမ်းမှာတော့ အဒေါ်လေးက တပင်ရွှေထီးရွက်နဲနဲနဲ့ စပါးလင်နဲနဲတောထဲက ချိုးလာခဲ့ပါတယ်။ ဒီဘက်အခြမ်းက တောင်ပေါ်တက်ပြီး ကြိမ်ခါးဖူး သွားခုတ်အုံး မယ်ပြောတယ်။
ဒါကတော့ ကျွန်မတစ်ခေါက်ရေးဖူးတဲ ကလောက်ကလောက် ဆိုတဲ့အကောင်ပါ။ သူများ ငါးမျှားရင်သုံးတယ်ပြောတယ်။  ခုံဆွခုံဆွနဲ့အကောင်လေးတွေပါ။ အပျင်းပြေလိုက်ဖမ်းတယ်။ 
ကလောက်ကလောက်
 
ငါးလိုက်နှိုက်နေတဲ့မောင်လေး
ရေမှော်ပင်လိုက်ရှာနေတဲ့မာမီ
ပြန်ရောက်တော့ ပလိုင်းထဲမှာ တို့စရာတွေစုံနေပါပြီ။ ကြိမ်ခါးဖူး၊ တပင်ေ၇ွှထီး၊ နာနတ် ဖူးနဲ့ နောက်တစ်မျိုးကနာမည်မေ့သွားပြီ။
မုန့်ဟင်းခါးလုပ်စားမယ်ဆိုတော့ မုန့်ဖတ်ဘယ်ကရမလဲစဉ်းစားနေတာ၊ နေ့လည်ပိုင်း မှာဆန်၎ ပြည်ရွာထဲကိုသွားပို့တယ်။ ပြန်လာတော့ဆန်မုန့်ပြားတွေအဖြစ် ပြန် ရောက်လာတယ်။ အဲဒါကို ညပိုင်းမှာ ထိုင်ညှပ်ကြတယ်။ အရမ်းလတ်ဆတ်ပြီး ပိုစားကောင်းတယ်။
မုန့်ဖတ်လုပ်ဖို့ အဖွားအိမ်က ဆန်ပေးပြီး လုပ်ခိုင်းတယ်။ မုန့်ဖတ်တွေရလာရင် ဦးလေး အဒေါ်တွေအိမ်ကို ခွဲပေးလိုက်တယ်။ ဟင်းရည်ကတော့ ကိုယ့်အိမ်အတွက်ကိုယ်ချက်။ လူများတော့အိုးကြီးကြီးနဲ့တစ်ကူးတစ်ကချက်မနေတော့ဘူး။ အဲဒီနည်းလဲအဆင်ပြေ တာပါဘဲ။ အဖွားအိမ်မှာ အဒေါ်အငယ်ဆုံးတစ်ယောက်၊ ဦးလေးလူပျိုကြီးတစ်ယောက် အတူနေကြတယ်။ အဒေါ်ငယ်ချက်တဲ့မုန့်ဟင်းရည်တော်တော်စားလို့ကောင်းတယ်။ ငါးရံ့ကလဲချို...စပါးလင်နံ့မွှေးမွှေးနဲ့ မုန့်ဖတ်လတ်လတ်ဆတ်ဆတ်ရယ်..  အရသာ ရှိမှရှိပါ။
နောက်နေ့မှာတော့ လမ်းမကြီးဘေးနေတဲ့ ဦးလေး နဲ့အဒေါ်ကထမင်းဖိတ်ကျွေးတယ်။
သူတို့အိမ်ရောက်တော့ တောကြက်ဖကို သေချာခုတ်ထစ်ပြီး ချက်ဖို့အဆင်သင့်နယ်နှပ် ထားတာတွေ့တယ်။  ကျွန်မကြက်သားစားတယ်၊ အပိုင်းစနဲနဲပါ။ ချက်ပြီးတော့ မစား တတ်ဘူး။ ဒါပေမယ့် တောကြက်ဆိုရင်တော့ စားတယ်။  အသားက ကျစ်ပြီး စပ်စပ် လေးနဲ့ အဒေါ်ချက်တဲ့ကြက်သားကိုတော့ ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူး။
ကားလမ်းမကြီးဘေးက ဦးလေးတို့ခြံ... အရှေ့မှာတိုင်လေးတွေထောင်ထားတာ သူ့သားကြီးအတွက် စက်ဘီးပြင်ဆိုင်လေးဖွင့်ပေးမလို့ဆိုဘဲ။
ဒီဘက်တစ်ခြမ်းကတော့ အဒေါ်အလတ်အိမ်လေးပါ။ 
ဒါကတော့ တောင်ပေါ်စု ကိုသွားတဲ့လမ်းမ။
ဦးလေးအိမ်မှာ လူတွေပြုံပြီး တောက်တဲ့ အကကြည့်နေကြတာတဲ့။  ကျွန်မက ဘာလဲ တောက်တဲ့အကဆိုတော့ စက်ရုပ်လိုကတဲ့အခွေကို ၀ိုင်းကြည့်ပြီး သဘောကျ နေကြတာ။
 
ခွေးကလေး
အဒေါ်လတ်ချက်ထားတဲ့ ငပိချက်နဲ့ ခရမ်းကဇော့သီး
 
 ငါးပြေမဇောင်းလျားသီးချက်
စကားမစပ်.. ရွာမှာတောက်တဲ့ကြောင့်ချမ်းသာသွားတဲ့သူတွေရှိတယ်တဲ့။ တောက်တဲ့ ဈေးကောင်းတယ်ဆိုဘဲ။  တစ်ကောင်ကို သိန်း ၅၀၀ ထိပေးတယ်တဲ့။ ဟုတ်မဟုတ်တော့မသိ။
အဲဒါမြောင်းမြက စီးပွားရေးသမားတစ်ယောက်က ရွာထိလိုက်လာပြီး ဘုရားကျောင်းက တောက်တဲ့ကိုလာတောင်းဖမ်းတယ်။ ဖမ်းတာမမိဘဲ အမြီးပြတ်သွားတော့ ဆရာကစိတ်ဆိုးပြီး တော်ပြီ၊ မဖမ်းနဲ့တော့ သူ့ဘာသူနေပါစေ ဆိုပြီး ပြန်ထွက်ခိုင်းပြီး သော့ပိတ်ထားတယ်တဲ့။ နောက် ၄ လလောက်ကြာတော့ သူပြန် ရောက်လာတယ်.. တောက်တဲ့နေကောင်း၊ မကောင်းလာကြည့်ချင်လို့ပါ၊ မဖမ်းပါဘူးပြောတယ်တဲ့..ဆရာကလဲရိုးတော့ တံခါးဖွင့်ပေးတော့ ၀င်ဖမ်းသွားရောတဲ့။
သူကအဲဒီတောက်တဲ့ကိုခဲတွေကျွေးအလေးချိန်စီးအောင်လုပ်ပြီး ရောင်းတာ ဂွင်တဲ့သွား တယ်ဆိုဘဲ။  ဘုရားကျောင်းမှာ ပိုက်ဆံ ၅၀၀၀၀ လာလှူတယ်တဲ့။

 
Powered by Blogger