ပုဇွန် တန်ပူရာကြော်/အပွကြော် လုပ်စားကြရအောင်။ ကျွန်မတို့မြန်မာအစားစားမှာတော့ ပုဇွန်ခွက်ကြော်ကိုပိုပီး အကျွမ်းဝင်ကြမှာပါ။ ကူးကူး လဲ ကြိုက်တယ်။ ဒါပေမယ့်အရိုးရှင်းဆုံးဝန်ခံရရင်တော့ မလုပ်တတ်ဘူးရယ်။
ကဲ..ညလယ်စာအပျင်းပြေစားဖို့ မူရင်းနည်းကိုအခြေခံပီး ကိုယ့်အကြိုက်အရသာထပ်မံထားတဲ့ ပုဇွန်ကြော် လေးလုပ်နည်းကိုပြောပြပါ့မယ်။
အရင်ဆုံးအချဉ်ရေအတွက်
မန်းကျဉ်းမှည့်
ငရုတ်သီးစိမ်း -၃တောင့်
ကြက်သွန်ဖြူ -၂မွှာ
ကြက်သွန်မိတ် - အပင်တစ်ဝက်
နံနံပင်အနည်းငယ်
ငရုတ်သီးစိမ်းကိုပါးပါးလှီး၊ ဆားထည့်ပီးထောင်း၊ ကြက်သွန်ဖြူ၊ လှီးထားတဲ့ကြက်သွန်မိတ်နဲ့ နံနံပင်အနည်း ငယ်ကိုပါ ညက်အောင်ထောင်းပါ။
မန်းကျည်းမှည့်ကိုရေစိမ်ထားပီး.. အချဉ်ရေကိုစစ်... ထောင်းထားတဲ့ အမွှေး၊အစပ်စုံ နဲ့ ရောမွှေ...
အပေ့ါငံမြည်းပီးတော့ ကြက်သားမှုန့် သို့ မှိုမှုန့် (ကြိုက်ရင်အချိုမှုန့်)အနည်းငယ်ထည့်ပါ။ ဒါဆိုအချဉ်ရေအဆင်သင့်ဖြစ်ပါပီ။
ပုဇွန်ကိုတော့ရေစင်အောင်ဆေးပြီး ကြောရိုးပေါ်ကအခွံတွေကိုသာခွာပါ..
အလယ်ချေးကြောင်းကိုတော့ သွားကြားထိုးတံအချွန် (သို့) အကင်တံ အချွန်လေးနဲ့ ကြောလယ်ဖြန်ထိုးပီး ဆွဲ ထုတ်ပါ...
ပုဇွန်အမြီးလေးကိုတော့ ချန်ထားပီး ကတ်ကြေးနဲ့ဒေါင်းဖြတ်ညှပ်ပီး ပြောင်းဖူးကော်မှုန့် သို့ ကောက်ညှင်းမှုန့် ထည့်၊ ရေထပ်ဖြည့်ပီး အားလုံးနယ်ပြီး ရေစင်အောင်ထပ်ဆေးပါ။ ဒါဆို ပုဇွန်အညှီနံ့လေးပျောက်သွားမှာဖြစ်သလို ကြော်ဖို့အတွက် ပုဇွန်အရမ်းကွေးမနေတော့ပါဘူး။
ရေစစ်ထားပီးတော့ စာရွက် တစ်ရှုးလေးတွေနဲ့ဖွပီးဖိသုတ်ပေးပါ.
ပုဇွန်ဗိုက်အောက်ပိုင်းကို ဓါးလေးနဲ့ ၄ ချက်အောက်ဖျန့်မွန်းပေးပါ...
ပြီးရင်တော့ ပုဇွန်တွေအပေါ်မှာ ငရုတ်ကောင်းမှုန့် နဲနဲ ဖြူးပီး ခွက်ထဲမှာ ဖြောင့်ဖြောင်းလေးစီထည့်ထားလိုက်ပါ။
ကြော်ဖို့အတွက်တော့
ဂျုံမှုန့် (သို့) အကြော်မှုန့် ကို ခွက်တစ်ခုမှာထည့်ထားပါ။
ကြက်ဥတစ်လုံးခေါက်ပီး နောက်ခွက်တစ်ခုမှာထည့်ပါ။
ဆီပူပြီဆိုရင်..
ပုဇွန်လေးတစ်ကောင်ကိုယူ...
ဂျုံမှုန့် မှာလူး၊ ပြီးရင် ခေါက်ထားတဲ့ကြက်ဥ ရေမှာလူး၊ နောက်တစ်ခေါက် ဂျုံမှုန့်၊ ပြီး ကြက်ဥခေါက်ရည်... (၂ခါလောက် တန်ပြန် လုပ်ပီးရင်)
ဆီပူထဲထည့်ကြော်လို့ရပါပီ..
နဲနဲအညိုရောင်သန်းလာပီဆိုရင် ဆီစစ်ပီး စားဖို့အဆင်သင့်ဖြစ်ပါပြီ။
လုပ်ရတာအရမ်းလွယ်ပြီးမြန်လဲမြန်ပါတယ်။
အားလုံးဘဲ ပုဇွန်ကြော်ချိုချို ကြွ့ပ်ကြွပ်လေး ကို ချဉ်စပ်စပ်လေးနဲ့တို့စားရင် ပျော်ရွှင်နိုင်ကြပါစေ။
ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်ပိုင်ဆိုင်တဲ့လက်တစ်ကမ်းမှာရှိတဲ့ အရာလေးတွေနဲ့လှပအောင်ဖန်တီးပီး ခံစားတတ်ခြင်းဘဲ မဟုတ်ပါလားရှင်။
Comments
Post a Comment
ကူးကူးေရ...