ငယ်ငယ်က ကျွန်မအဖေပြောပြတဲ့ ပုံနားထောင်တတ်တဲ့အရွယ်မှာပထမဆုံးနားထောင်ဖူးပြီး
အခုထိမှတ်မိနေတဲ့ပုံပြင်လေးပါ... တစ်ချို့တွေလဲသိပြီးသားဖြစ်မှာပါ။
ကျွန်မအဖေပုံပြောအရမ်းကောင်းတယ်။ သူဘယ်ရောက်ရောက်ကလေးတွေဝိုင်းအုံးနေတာဘဲ။
ကျွန်မကတော့ပုံပြောနားထောင်တာဝါသနာပါတယ်။
ပုံပြင်လေးကဒီလို......
တစ်ခါတုန်းကရွာတစ်ရွာမှာအရမ်းဆင်းရဲတဲ့အဖွားရယ်၊ မြေးရယ်ရှိသတဲ့။ အဲဒီမြေးလေးကိုမွေးပြီး
အဖေနဲ့အမေကဆုံးသွားတော့အဖွားကဘဲခက်ခက်ခဲခဲကြည့်ရှုပြုစုလာရတယ်။ အဲဒီမြေးလေးက
ငယ်ငယ်ကတည်းကအရမ်းကိုပျင်းတာ။ တစ်ရက်တစ်ရက်အိပ်မယ်စားမယ်၊ပြီးပြန်အိပ်မယ်၊ အဘွား
ကလဲချစ်တော့ဘာမှမပြောရှာဘူးတဲ့။ မြေးလေးအသက်တစ်ဖြည်းဖြည်းကြီးလာတယ်။ အဘွားလဲ
တစ်ဖြည်းဖြည်းနဲ့အိုစာလာတာပေါ့။ အားအင်ချိနဲ့လာတယ်။ အရင်လိုတောထဲထင်းခွေ၊သွားရောင်း၊
ဟင်းရွက်ခူး၊ငါးရှာလုပ်ရတာမလွယ်တော့ဘူး။ သူ့မြေးလေးလဲလူပျိုပေါက်အရွယ်ရောက်နေပီ။ တစ်
ခါမှဘာမှမကူလုပ်ဘူး. အဘွားချက်ကျွေးတာစားတယ်။ ပြီးရင်အိပ်တယ်။ တစ်ကယ့်ကိုငပျင်းလေး
ပေါ့ကွယ်။ တစ်ရက်တော့အဘွားကသူ့မြေးကိုပြောတယ်။ မြေးလေးရေ..မင်းလဲမငယ်တော့ဘူး။
အဘွားလဲအသက်ရွယ်ကြီးလာတော့အရင်လုပ်အပင်ပန်းခံမလုပ်နိုင်တော့ဘူး။ဒါကြောင့်မင်းအဘွား
ကိုကူညီတဲ့အနေနဲ့ ရွာစွန်ကချောင်းစပ်မှာဟင်းစားလေးရအောင်ငါးသွားဖမ်းပါကွယ်။ ပိုက်ကွန်လေး
ယူသွားလို့ပြောသတဲ့။ အဲဒီကောင်လေးကပျင်းပျင်းနဲ့အဘွားခိုင်းတဲ့အတိုင်းပိုက်ကွန်လေးကိုလက်ထဲ
ဆွဲပြီးချောင်းဘက်ကိုထွက်သွားသတဲ့။ ချောင်းနားရောက်တော့ ပိုက်ကွန်ကိုချထားပြီး ချောင်းဘေး
နားကသစ်ပင်ရိပ်အောက်မှာလေလေးတစ်ဖြူးဖြူးနဲ့ဆိုတော့ဇိမ်ကျတာဘဲဆိုပြီးအိပ်နေပြန်သတဲ့။
သူထောင်ထားတဲ့ပိုက်ကွန်မှာငါးမမိဘူး။ဒါပေမယ့်ငါးတွေကိုလာဖမ်းစားတဲ့ဗျိုင်းဖြူတစ်ကောင်က
ပိုက်ကွန်နဲ့ငြိပြီး ဖလပ်ဖလပ်နဲ့ ရုန်းနေတဲ့အသံကြောင့်ကောင်လေးကလန့်နိုးလာပြီး ဗျိုင်းတစ်ကောင်
မိတာတွေ့တာနဲ့သွားဖြုတ်၊ ခြေထောက်မှာကြိုးချည်ပြီး ဟေ့..ရွာထဲကိုဝင်သွား..အိမ်ရှေ့မှာအဖီလေး
ချထားပြီး ငါးတွေလှမ်းထားတဲ့အိမ်မှာငါ့အဘွားရှိတယ်။ သူ့ဆီကိုသွား၊ နင့်ကိုဟင်းစားလုပ်ဖို့စောင့်
နေတယ်လို့ပြောပြီးလွှတ်လိုက်တယ်။ ဗျိုင်းကပျံသွားပြီးသစ်ကိုင်းတစ်ခုပေါ်နား..ခြေထောက်ကကြိုး
တွေကိုနှုတ်သီးနဲ့ဖြတ်တောက်ပြီးပျံသွားတယ်။ ငပျင်းလေးကတော့ဆက်အိပ်နေတာပေါ့။
ညနေစောင်းတော့ ပိုက်ကွန်ဆွဲပြီးပြန်လာတယ်။ အဘွားကတော့ငါးပါလာတာမတွေ့တော့ဘာမှမ
ပြောရှာဘူး။ ထမင်းစားမယ်လုပ်တော့ဘာဟင်းမှမရှိတော့...အဘွားဟိုအဖြူကောင်အသားမချက်ဘူး
လားလို့မေးတယ်။ အဘွားကဘယ်ကအဖြူကောင်လဲ..သူကရှင်းပြတယ်..သူကြိုးချည်ပြီးအဖွားဆီသွား
ဖို့သေချာမှာလိုက်တဲ့အကြောင်း..အဘွားကကောင်လေးရယ်..အဲဒီအဖြူကောင်ဆိုတာဗျိုင်းလို့ခေါ်တယ်
သူတို့ကပျံတက်တယ်။ ဖြူဖြူလေးတွေ..နောက်ဆိုတွေ့ရင်တုန်နဲ့နာနာရိုက်ပြီးပလိုင်းထဲထည့်ပြီးယူလာ
ခဲ့တဲ့။
နောက်နေ့.... ပလိုင်းတစ်လုံးလွယ်ပြီးကောင်လေးတောထဲထွက်သွားပါရော..တောင်ကမူတစ်ခုနား
ရောက်တော့ ဖွေးဖွေးဖြူနေတဲ့မှိုတွေအများကြီးပေါက်နေတာတွေ့တာ..၀မ်းသာအားရနဲ့တုတ်နဲ့အကုန်
လုံးကိုလိုက်ရိုက်၊ ပြီးကျေမွှပြီးမြေကြီးမှုန့်တွေရောနေတဲ့ဟာတွေအကုန်ပလိုင်းထဲသိမ်းကြုံးထည့်ပြီး
ပြန်လာတယ်။ အဖွားကသူ့ကိုကြည့်ပြီး..မြေးရယ်အဲဒါတွေကမှိုလို့ခေါ်တယ်၊အဲလိုမျိုးတွေ့ရင် သေချာ
လက်နဲ့ကိုင်ဖွဖွလေးဆွဲယူရတယ်...နောက်နေ့....ကောင်လေးတောထဲသွားပြန်တယ်.... သစ်ကိုင်းတွေ
ပေါ်မှာတွဲလွဲကျနေတဲ့ပျားအုံးတွေတွေ့တာနဲ့လက်နဲ့သွားဆွဲတော့ပျားတွေလိုက်တုတ်ပီး..အနာတွေနဲ့
အိမ်ပြန်လာတယ်။ အဘွားကတော့ငယ်ငယ်ထဲကချစ်လို့အလိုလိုက်၊ အပြင်လောကအကြောင်းတွေ
ဘာမှမသင်ပေးမိတဲ့မြေးကိုကြည့်ပြီးယူကြုံးမရဖြစ်နေသတဲ့... သူရှင်းပြတယ်..မြေးရေ..နောက်ဆို
တောထဲမှာဝါ၀ါအုံတွေတွေ့ရင်မီးတုတ်မှာမီးရှို့ပြီးထွက်ပြေးအောင်အရင်လုပ်ရတယ်..ပြီးမှယူပြီးပလိုင်း
ထဲထည့်ရတယ်လို့သင်ပေးတယ်။ နောက်နေ့..ကောင်လေးတောထဲသွားလမ်းမှာ ရသေ့တစ်ပါးနဲ့တွေ့
တယ်။ ရသေ့က၀တ်ရုံအ၀ါရောင်ဆိုတော့ သူကမီးတုတ်မှာမီးရှို့ပြီးရသေ့နောက်လိုက်တော့ရသေ့လဲ
ထွက်ပြေးရတော့တာပေါ့...သူဖမ်းမမိတဲ့အဆုံးပြန်လာပြီးအဖွားကိုပြောပြသတဲ့...အဖွားကအောင်မ
လေးမြေးရေ..အဲဒါသူတော်စင်ရသေ့လို့ခေါ်တယ်...နောက်ဆိုတွေ့ရင် ဒူးထောက်ထိုင်ပြီးသေချာကန်
တော့နော်...တဲ့..နောက်နေ့..တောထဲသွားတော့..ဘာမှမတွေ့ဘူး.တစ်ဖြည်းဖြည်းတောနက်လာ
ပြီးတစ်နေရာရောက်တော့ ၀ါဝါနဲ့အမဲရောင်..ကျားကြီးတစ်ကောင်တွေ့သတဲ့..သူလဲသေချာဒူးထောက်
ပြီးကျားကိုကန်တော့နေသတဲ့... နောက်ပိုင်းမှာဘာဖြစ်မလဲဆိုတာကိုတွေးသာကြည့်ကြပေတော့.....
အခုချိန်ထိအမှတ်တရရှိနေတဲ့ပုံပြင်လေးကို..သေချာစဉ်းစားရင်တော့သိပ်အထာမကျပေမယ့်...
ပုံပြင်လေးတွေက ကျွန်မဘ၀အတွက်သင်ခန်းစာတွေအများကြီးပေးသလိုဆောင်ရန်၊ရှောင်ရန်တွေ
လဲနားလည်လွယ်အောင်ရှင်းပြတဲ့အတွက် ပုံပြင်လေးတွေကိုအခုထိနှစ်ခြိုက်နေတုန်းပါ။

Comments
Post a Comment
ကူးကူးရေ...