Pages

Thursday, June 9, 2011

ငါးမွကြော်ချဉ်စိမ့်

ငါးကြော်လို့လိုတိုရှင်းပြောလို့ရပါတယ်နော်။ ဒါပေမယ့် စားကြည့်ရင်းနဲ့ အရသာကို ပုံဖော် ရင်းနဲ့ခေါင်းစဉ်ရှည်သွားတယ်ဆိုပါစို့။
ကြိုက်နှစ်သက်ရာငါးတစ်မျိုးမျိုးကို လတ်လတ်ဆတ်ဆတ်ဝယ်ပြီး fillet လွှာခိုင်း ဒါမှမဟုတ်လွှာပြီးသားကိုဝယ်ပါ။
ငါးအရိုးနဲ့ ခေါင်းကိုတော့ ချဉ်ရေဟင်းဖြစ်ဖြစ်၊ ဟင်းချို၊ဟင်းခါး ချက်သောက်ဖို့ဖယ်ထား လို့ရပါတယ်။
အိမ်မှာမာမီက ငါးခြောက်တွေဆိုရင် သေချာထုထောင်းပြီးပြန်ကြော်ပေးရင် မွပြီး ကျွပ် နေတာ၊ စားလို့အရမ်းကောင်းတယ်....  အဲဒါကနေအခြေခံတယ်ဆိုပါတော့..
ငါးအသားလွှာကို ထုဖို့ကြံလိုက်တိုင်း အသားဖတ်တွေစင်ထွက်ကုန်တယ်... 
ဒီတစ်ခါတော့ ငါးအသားလွှာလေးကို ရေစင်စင်ဆေး၊ ရေစစ်ပြီး ရေခဲသေတ္တာ အောက်ဘက် မှာ Tupperware အဖုံးဖွင့်ပြီးတစ်ညသိပ်ထားလိုက်ပါတယ်။  နောက်နေ့ နေ့လည် လောက်ဆိုရင် ငါးအသားလွှာ အသားအခြမ်းက အပေါ်ယံလေး တွေမဆိုစလောက်ညိုပီး တင်းနေပါလိမ့်မယ်။
အခုလိုအခြေနေဆိုရင်တော့ စိတ်ကြိုက်ထုထောင်းပါလေ...  ငရုတ်ကျဉ်ပွေ့လေး နဲ့ ဖြစ်ဖြစ်၊ meat tenderizer tool နဲ့ ဖြစ်ဖြစ်..ထုပေးပါ၊ ဆားနဲနဲ၊ ငရုတ်ကောင်းနဲနဲဖြူးပါ၊ ငါးအရေခွံအပိုင်းကိုလဲ လှန်ပြီးထိန်းထုပေးပါ...  ငါးအသားတုံးက ပုံမပျက်ရှိနေမှာပါ၊ ဒါပေမယ့်အထဲကအသားတွေတော့အတော်ကြေနေပြီ။ 
ဒယ်အိုးအပြားထဲ ဆီများများထည့်ပြီး ငါးကိုထည့်ကြော်ပါ၊ ပြီးရင်တော့ ဆယ်ပြီး ဆီစစ် ထားပါ။
အပေါ်ယံတင်းနေပေမယ့် အတွင်းကိုဖဲ့ကြည့်လိုက်ရင် မွနေတဲ့ငါးအသားကြော်နဲ့ တွဲဖက်မယ့် အနှစ်လေးနဲနဲချက်ပါမယ်။
အနှစ်အတွက်တော့..
ကြက်သွန်နီ /ဖြူ
ဂျင်း အနည်းငယ်
ငရုတ်သီးနီတောင့် (၃) တောင့် 
ဆားအနည်းငယ် 
ဒိန်ချဉ်ပျစ်ပျစ် ထမင်းစားဇွန်း(၁)ဇွန်း
ဒိန်ချဉ်ကိုဖယ်ထားပြီး ကျန်တဲ့အမယ်အားလုံးကိုသမအောင်မွှေ ထောင်းထားပါမယ်။  ငါးကြော်ထားတဲ့ဆီကို စစ်ပြီး ဖယ်ထားမယ်။ ပြီးရင်တော့လက်ကျန်ဆီလေးနည်းနည်း နဲ့.. သမအောင်ထောင်းထားတဲ့ ကြက်သွန်အနှစ်ကိုဆီသတ်ပါမယ်၊ မွှေးလာပြီဆိုရင်တော့ ဒိန်ချဉ်ပျစ်ပျစ်တစ်ဇွန်း ထည့်မွှေပါမယ်။.. ဆားအနည်းငယ်ထည့်ပါ၊ မဆလာကြိုက်ရင်ထည့်နိုင်ပါသေးတယ်။ နံနံပင်လေးကြိုက်ရင်လဲထပ်အုပ်လိုက်ပါအုံး။
ငါးကြွပ်ကြွပ်ကြော်ပေါ်မှာ တင်ပြီး အနှံ့သုတ်ပေးလိုက်ပါ။ 
ဒါဆိုရင်တော့ မွှေးပြီးကြွပ်မွနေတဲ့ ငါးကြော်ချဉ်စပ်ခြောက်ခြောက်လေးတစ်ပွဲရပါပြီ... 
ဟင်းပွဲကိုလှလှပပမပြင်အားတဲ့အတွက်အရှိအတိုင်းဘဲရိုက်ပြီးတင်ထားလိုက်ပါတယ်။ အရသာက ၈၀% မို့.. ကျန်တဲ့ ၂၀% ဖြည့်ပြီးကြည့်ပေးလိုက်ပါနော်..း)))

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger