Pages

Thursday, December 10, 2009

ခရီးစဉ်


အိမ်မပြန်ခင်ခွင့်ရက်ရှည်အတွက်အလုပ်ကိစ္စတွေတစ်ယောက်ကိုလွှဲထားဖို့နဲ့ စီစဉ်စရာတွေကြောင့် အိပ်ရေးပျက်တာလဲများနေပါပီ။ ဒီနေ့တော့မနက်နှိုးစက်မြည်သံကြောင့်ကမန်းကတန်းကုန်းရုန်း ထပြီး လိုအပ်တာတွေပြင်ဆင် လာခေါ်မယ့်ကားကိုအဆင်သင့်စောင့်လိုက်ပါတယ်။

ကျွန်မပတ်စပို့က သံရုံးမှာဘဲရှိသေးတယ်။ လေယဉ်ကွင်းဆင်းရင်းတစ်ခါတည်းသွားယူမယ်ဆိုပီး ထွက်သွားပါတယ်။ ရုံးချိန် ကားကျပ်တာနဲ့ ကားပေါ်မှာ အိပ်ပျော်သွားသေးတယ်၊ နှစ်နာရီလောက်ကြာ တော့ ကားမောင်းတဲ ဦးလေးကပြောတယ်သံရုံးရောက်ပီတဲ့… ကျွန်မလဲ အပြေးတက်သွားပီး ၈ ထပ်မြောက်မှာ ပတ်စပို့သွားယူလိုက်တယ်.. ခရီးစဉ်ကတော့ ချောချောမောမောပါဘဲ..

Exit clearance ကအရင်ကထက်ပိုများလာတာရယ်၊ ဘောလ်ပန်တွေ သေချာထည့်ထားရဲ့ အသိမ်းလွန်ပီး ပျောက်နေတာကြောင့်သူများဆီ လိုက်ဌားရတာတစ်ခုရယ်၊ window seat မရတာရယ်လေးတော့ စိတ်ဘ၀င် မကျတာရှိတာပေါ့။ လေယဉ်ပေါ်တစ်ခုန်ကျော်က လူကို white card ဖြည့်ဖို့ ဘောလ်ပန်လှမ်း ဌားတော့ ထုတ်ပေးပါတယ်။ သူ့ဘောပန်က ဘောဆံဘဲပါတယ်၊ အခွံမပါဘူး။ ရီချင်လိုက်တာ ပြောမနေနဲ့ အလယ်ခုံက ခရီးသည်မရှိဘူး.. meal request လုပ်တာ ဟိုဟာမစား၊ဒီဟာမစားဘူးပြောတာနဲ့ travel agent က vegetarian လို့ထည့်လိုက်တယ်ထင်ပါ့.. ထားပါလေ လေယဉ်ပေါ်ကဟာတွေက တစ်ခါမှ စားလို့ရတာလဲမဟုတ်..၀ိုင်နီတစ်ခွက်တော့သောက်လိုက်တယ်.. အေးလဲအေးနေတယ်လေ.. အိပ်ငိုက်မလား အောက်မေ့တယ်.. တစ်ခုပီးတစ်ခုလာကျွေးနေတော့ ငိုက်မရပါ...

ပထမတစ်ဆင့် ပူပူရောက်တော့ ညနေစောင်းနေပီ.. တည်းမယ့်နေရာရောက်ပစ္စည်းချပီး ရှမ်းစာ လိုက်ကျွေးမယ်ဆိုတဲ့ သူတစ်ယောက်လာခေါ်တာကြောင့် ပင်နီဆူလာပလာဇာရောက်ပါတယ်.. လူတွေများး ကြီးရော.. ဟင်းအနံ့တွေရော.. မူးပီး မစားဘဲပြန်ထွက်လာခဲ့ရတယ်။ စားနေကျ ရွှေအင်းလေးလဲ လူတွေပြည့်နေလေရဲ့.. ဘာမှန်းမသိဘူး ကျွန်မလူကြောက်တတ်တဲ့ရောဂါ ဘယ်တုန်းကများ စရလာလဲမသိဘူး။ လူတွေအများကြီးတွေ့ရင် လူတွေကျွန်မကိုကြည့်ရင် ကြောက်တယ်။ နောက်ဆုံးတော့ လမ်းကူးပီး ဒီဘက်အခြမ်းက MALL တစ်ခုမှာ ကိုးရီးယားထမင်း၊ ကင်မ်ချီ နဲ့ ငါးကင်နဲ့ ညနေစာပီးလိုက်ရပါတယ်။

ပင်ပန်းတာရော အိပ်ငိုက်နေတာဖြစ်ပေမယ့် မြစ်ဘေးနားမှာ လေအေးအေးနဲ့ ညခင်းရဲ့ အလှအရသာလေး သွားထိုင်ခံစားလိုက်ပါသေးတယ်.. အနားက မြန်မာ ကျောင်းသားလေးတွေတစ်စု ပက်စီဗူးကြီးထဲမှာပက်စီတွေထင်ပါတယ် ထည့်သောက်ပီး ဟိုအော်ဒီအော်နဲ့ ပေါက်ကရပေါင်းသောင်းခြောက်ထောင် ထိုင်ပြောနေကြတယ်။ ကျွန်မလဲခပ်လှမ်းလှမ်းမှာထိုင်ပီး ကိုယ့်အတွေးနဲ့ကိုယ် လေလွင့်နေလေရဲ့..နောက်နေ့တော့ တစ်ကိုယ်လုံးကိုက်ခဲပီးဖျားချင်သလိုလိုဖြစ်တာ နဲ့ orchard လမ်းက အဆောက်ဦးတွေတစ်ခုပီးတစ်ခုဖြတ်ပီး ပျင်းရိရိနဲ့ လမ်းလျှောက်နေလိုက်တယ်.. မိုးတွေလဲအရမ်းရွာနေတယ်.. နှစ်ထပ်ကားတစ်စီးတက်စီးပီး ကားပေါ်မှာ ငိုက်နေလိုက်တယ်..

ဂိတ်ဆုံးရောက်တော့ ဆင်းပီး နောက်ကားတစ်စီးပြောင်းစီးတယ်.. ဒါနဲ့ညနေစောင်းနေပီ..

မူစတာဖာအရှေ့က ကုလားဆိုင်မှာ ညနေစာ သူများလိုက်ကျွေးတယ်.. ဖျော်ရည် မာလကာသီးမှာပီး ကျွန်မမသောက်နိုင်လို့ စကားများရသေးတယ်..သူငယ်ချင်းအာလူးကထမင်းလိုက်ကျွေးမှာလဲ အချိန်မရတာကြောင့်မစားဖြစ်တော့ဘူး၊ သူကတော့ဖုန်းဆက်ပီး စိတ်တိုနေလေရဲ့.. မူစတာဖာမှာ ပစ္စည်းနဲနဲပါးပါးဝယ်ပီး ပြန်ရောက်တော့ပစ္စည်းတွေ စီထည့်၊ ညရောက်တော့ ကိုယ်တွေပူပီး ဖျားနေလို့ လိုအပ်တဲ့ဆေးတွေသောက်ပီး နောက်နေ့တော့ လေယဉ်ကွင်းဆင်း ရန်ကုန်ချောချောမောမောပြန် ရောက်လာပါတယ်လေ။ DUTY FREE မှာ သူငယ်ချင်း စီးကရက်မှာလိုက်တာဝယ်ရင်း ရောင်းတဲ့သူအလုပ် များတော့ ကျွန်မပတ်စပို့ပြန်မပေးတာ ကျွန်မလဲမေ့ပီးBOARDING GATE ရောက်မှသတိရလို့ အပြေးလိုက် ရှာရသေးတယ်။ ပစ္စည်းတွေ က လေးတော့ အိမ်ပြန်ရောက်တော့တစ်ကိုယ်လုံးကိုက်ခဲပီး မလှုပ်ချင်တော့ဘူး။ ညက သူငယ်ချင်းတစ်ယောက် ရောက်ပီဆိုတော့ အပြေးလာတွေ့ပါတယ်။ မနက်ကျွန်မ နိုးတော့ နေ့လည် (၁၂) နာရီကျော်နေပီ..အိပ်ရာနိုးတော့ ကြက်ဟင်းခါးသီးကြော်၊ နှမ်းဘတ်ချဉ်သုပ်၊ ဆိတ်သားမဆလာဟင်း၊ ငပိရည်၊ သရက်သီးကင်းတို့စရာ၊ ကတက်ချဉ်၊ ပဲနီလေးဟင်းချိုနဲ့ ထမင်းစားပီး.. အိပ်ဖို့စဉ်းစားနေပြန်ပါတယ်.. ကိုယ်လက်တွေကိုက်ခဲပီး ကိုယ်လဲပူနေတာမို့ လုပ်စရာလေး တွေရှိပေမယ့် အပြင်မထွက်နိုင်သေးပါဘူး။ မျက်နှာချင်းဆိုင်ဧည့်ခန်းခုံတွေမှာ တစ်ယောက်တစ်ကောင် ထိုင်နေတဲ့ ခွေးတွေကြောင့် ထိုင်ဖို့ခုံလုရပါသေးတယ်။


တစ်နေကုန်အိပ်ပီး နောက်နေ့ညနေပိုင်းတော့ မောင်လေး ရုံးရှိတဲ့ ဆူးလေနားကိုလိုက်သွားပီး မကြာခင်ဘဲ သူငယ်ချင်းတစ်ယောက်ကလာခေါ်ပီး ရွှေဘဲ မှာညနေစာလိုက်ကျွေးပါတယ်။ အားတော့နာတယ် ဒါပေမယ့် ကူးကူးဘဲသားစားလို့မရတာနဲ့ ထုံးစံအတိုင်းအရွက်တွေနဲ့ဘဲပီးလိုက်ရပါတယ်။ အခြားအစားသောက်တွေလဲ သွေးတိုးတာမှန်ပေမယ့် ဘဲသားစားရင်တော့သိသိသာသာ လဲတော့မှာမို့နဲနဲတော့ဆင်ခြင်လိုက်ပါတယ်

လေ။ ကြိုက်တော့ကြိုက်တာပေါ့။

စားသောက်ပီးတော့ မောင်လေးရုံးနားပြန်လိုက်ပို့ရင်းနဲ့ မောင်လေးကအပြင်ထွက်သွားတာတစ်ကြောင်း၊ ဆိုင်တွေက ၉ နာရီဝန်းကျင်ဆိုပိတ်တာတစ်ကြောင်းနဲ့ ဆူးလေဘုရားပေါ်တက်လိုက်ပါတယ်။ ကြောင်တွေအစာကျွေးနေတာတွေ့တယ်။ ဘုရားဖူးတွေလဲတွေ့ပါတယ်လေ။ အဲဒီအချိန် သူငယ်ချင်း နောက်တစ်ယောက်က ဖုန်းဆက်ပါတယ်။ ကျွန်မကိုဘယ်မှာလဲမေးတော့ ကျွန်မက ဆူးလေဘုရားပေါ်မှာ လို့ပြောလိုက်တယ်။ ညဖက်ဆိုတော့ နေရာကလဲစိမ်းနေတော့ ဘုရားပေါ်တက်နေတာ လုံခြုံဆုံး ဖြစ်မယ်လို့ စိတ်ထင်တာကိုးလေ။ သူကပြောတယ်။ ပြန်ဆင်းတဲ့.. ကျွန်မက ဘာလို့ဆင်းရမှာလဲ..ဘုရားပေါ်တက် ထိုင်တာဘဲဟာ။ ဘယ်သူမှငါ့ကိုလာမမောင်းထုတ်ပါဘူးဟ ဆိုတော့.. သူက နင်မသိပါဘူးဟာ ဆင်းဆိုဆင်းတဲ့လေ… ကျွန်မလဲ ကြောင်တောင်တောင်နဲ့ပြန်ဆင်းလာခဲ့ပါတယ်.. အကြောင်းသိတော့.ဘုတ်ဒေါရေ..ဘုရားပေါ်တောင်အလွတ်မပေးပါလားဟ…လို့..

နောက်နေ့ညပိုင်းတော့ မောင်လေးရယ်..သူငယ်ချင်းတစ်ယောက်ရယ် ရှုခင်းသာမှာ bowling သွားပစ်ကြတယ်… နောက်ပိုင်းတော့ သူငယ်ချင်းတွေတွေ့ဆုံပွဲသွားတယ်.. မင်္ဂလာဆောင်တွေသွားတယ်.. ပစ္စည်းပါးလိုက်တာတွေလိုက်ပို့တယ်..

ရန်ကုန်မှာညပိုင်းဆို ဘီယာအရက်ဆိုင်နဲ့ ကာရာအိုကေတွေအရမ်းစည်တာဘဲ.. ကရ၀ိတ်နားက ဘီယာဆိုင် တစ်ခုဆို သီချင်းဆိုတဲ့ကောင်မလေးတွေချောပုံများ မင်းသမီးတွေလောက်တော့ ပျင်းသေးတယ်ဆိုဘဲ။ တစ်ညတစ်ည သိန်း (၈၀) ဖိုးလောက်ရောင်းရတယ်တဲ့လေ.. နောက်တစ်ခု hot-pot ဆိုင်တွေလဲအလုပ်ဖြစ်ပါ့..အကင်ဆိုင် (ဘီယာလဲပါတာပေါ့) လူတွေများစားဝတ်နေရေးခက်ခဲတယ်၊ ဈေးကြီးတယ်သာဆိုတယ် စားသောက်ဆိုင်တွေများညဆိုလူအပြည့်ပါ… စားနိုင်တဲ့သူတွေပေါများသလောက် မစားနိုင်တဲ့သူတွေလဲ များလာတယ်ဆိုပိုမှန်မှာပါနော်။

မီတာတပ်တဲ့ taxi လေးတွေလဲတွေ့တယ်။ ပါရမီဆိုလား။ မီတာအတိုင်းသွားရင် ၂၀၀၀ လောက်ကျတဲ့နေရာကို ၆၀၀၀ လောက်တောင်းတယ်။ အပြစ်တော့မပြောလိုပါဘူးလေ.. သူတို့ကားတွေက အခြား ကားတွေထက်စာ နဲနဲပိုကောင်းတယ်လေ.. အချို့တွေများ အဲယားကွန်းလေးတောင် ပါလိုက်သေး။ ဖွင့်မဖွင့်က စီးတဲ့သူကိုလဲသူတို့ကကြည့်သေးတယ် (ဟိ)။

ဘာကားစီးစီး ၀င်လာတဲ့ဖုန်တွေရယ်..နေကပူတာရယ်နဲ့ ရောက်ပီး ၃ ရက်ကြာမှာ စဆိုးတဲ့ချောင်း ခုထိမရပ်သေးပါဘူး။ ညညဆိုလဲကောင်းကောင်းမအိပ်ရဘူး၊ ချောင်းဆိုတာအသဲသန်ရယ်…

တစ်ရက်တစ်လေများအဖျားတက်လိုက်သေးတယ်.. အပြတ်စားလိုက်မယ်ခဲထားတာတွေကတော့ ချောင်းဆိုးတော့လဲ ဘာမှ မယ်မယ်ရရမစားနိုင်ပါဘူး။ ရွာသွားလည်မယ်စီစဉ်တာလဲပျက်။ လူက အားနည်းနေတော့ မာမီက ခရီးမသွားစေချင်တာနဲ့ ဘဲ အိမ်ထဲမှာဘဲ အချိန်ကုန်နေရပါတယ်။

ခရစ္စမတ်နီးတော့ ညီမလေးပြန်ရောက်လာတယ်။ မိသားစု ညနေစာထွက်စား၊ ဟိုလည်ဒီလည်ပေါ့။


မောင်လေးကယောက်ျားလေးဆိုတော့ နှာခေါင်းနားမှာ ကြာဆူးတွေများကြီးရှိတယ်၊ အလှလဲကြိုက်တော့ ညီမလေးကတော့ စိတ်ရှည်လက်ရှည် ဂွမ်းမှာ ကြက်ဥအကာရည်လေးတွေဆွတ် ကပ်၊ အခြောက်ခံပီး ခွာ.. အလှပြင်ပေးတယ်… ကျွန်မကတော့ သူတို့ဘာလုပ်လုပ် လိုက်ရှုပ်တဲ့အလုပ်လုပ်ပါတယ်။ ခြံထဲက ဘန်ဒါ ပင်အောက်မှာထိုင် ဘန်ဒါသီးတွေထုစားတယ်။ ခွေးတွေနဲ့ဆော့တယ်..


အပြင်ထွက်လည်ဖို့လဲ အဖော်မပါရင်မသွားရဲဘူး၊ သူများတွေက ဂြိုသားတစ်ယောက် လိုဝိုင်းကြည့်ရင် ပိုကြောက်တယ်။ ကရင်နှစ်သစ်ကူး သူငယ်ချင်းကောင်မလေး သီချင်းဆိုတော့ ညဘက် ကရင်ခြံထဲ ရောက်ခဲ့သေးတယ်.. ဟက်ကက်၊ ထူးအယ်လင်း၊မီးခဲ၊ ဖိုးခွားနဲ့အခြားအဆိုတော်တွေ တော်တော်များ တွေ့ခဲ့တယ်။ ၆မိုင်က The Prome လဲရောက်ဖြစ်တယ်.. ဘာလဲတော့မသိ လူတွေကတော့အပြည့် ဘဲ။ စိမ်းလန်းဆိုပြေမှာလဲ ညနေစာစားတစ်ခေါက်ရောက်ဖြစ်သေးတယ်.. အတွဲတွေဘဲတွေ့တယ်.. သူငယ်ချင်းကိုပြောတာ..ဟဲ့ဒီနေရာအတွဲတွေဘဲလာတာထင်တယ်.. ငါတို့ကအတွဲမဟုတ်ဘာမဟုတ်နဲ့..လို့.. သူက မိသားစုတွေလဲလာပါတယ်ဟ တဲ့.. အမှန်တော့ မတွေ့ပေါင်..အစာစားပီးတော့ ည ၉ နာရီကျော်သွားရော.. ကျွန်မက ကန်ဘောင်ပေါ်လမ်းလျှောက် ချင်တယ် ငါမလျှောက်တာအရမ်းကြာပီဆိုတော့.. မလျှောက်နဲ့ ကန်ဘောင်အောက်က ပလက်ဖောင်းပေါ်မှာ ဘဲလျှောက်ဆိုပီးခေါ်လာပါတယ်. သိပ်မကြာပါဘူး.. ၀ှီးဝှီးနဲ့ ၀ီစီ မှုတ်သံ၊ ဓာတ်မီးတွေ တစ်ရမ်းရမ်းနဲ့နောက်မှာ အတွဲတွေအများကြီး ကန်ဘောင်ပေါ်ကဆင်းလာကြပါတယ်… သြော်..အဲကလိုလားလို့လေ.. တောသားကျွန်မရယ်..

ကျွန်မသူငယ်ချင်းကောင်လေးက ချောချောလေးပါ။ သူနဲ့သွားတိုင်းကောင်မလေးတွေက သူ့ကိုအငမ်းမရကို ကြည့်ကြပါတယ်။ သူတို့လဲ သိချင်သိမပေါ့.. ကျွန်မကသူ့ဘေးနားရှိပေမယ့်အတွဲပုံစံမှမဟုတ်တာလေ.. စိမ်းလမ်းစိုပြေသွားလဲ စားပွဲထိုးတွေသူ့ကိုသိ၊ အခြားဝိုင်းက ကောင်မလေးတွေရဲပုံများ ဖုန်းနံပတ် လာတောင်းခိုင်းတဲ့ story လဲရှိသတဲ့။ လောက၊ လောက…ကိုးရီးယားကားတွေအကျိုးဆက်လားတော့မသိဘူး။

အရင်တုန်းကများ၊ အင်းကျွန်မတို့ခေတ်တုန်းကပေါ့လေ..ကောင်လေးတစ်ယောက်ကောင်မလေးနဲ့တွဲလာ ရင် အမှတ်မထင်ကြည့်မိတာမျိုးကလွဲ… ဖွန်ကြောင်သလို တစ်စိုက်မတ်မတ် သိသိသာသာကြီး ငမ်းနေတာ မျိုးတော့ မရှိဘူး။။ အခုတော့များ… တိုးတက်လိုက်တာ အနားမှာ ကောင်လေးတစ်ယောက်ရှိတောင် အသဲသန် အလကားရသလို ထိုင်ကြည့်နေကြတာများ.. အံ့သြဖို့ကောင်းတယ်…

Sunday, December 6, 2009

သွားပီ.. တာ့တာနော်..

အားလုံးကိုခတ္တနှုတ်ဆက်ခဲ့ပါတယ်နော်။
ကူးကူးအိမ်ပြန်သွားပါပြီ။
ကျမ်းမာရွှင်လန်းကြပါစေ..
လုပ်ကိုင်တဲ့ကိစ္စအ၀၀ အောင်မြင်ကြပါစေ...
ပျော်ရွှင်သာယာတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ပါစေ...

ပြန်သာပြန်ရတာ.. ဒီတစ်ခေါက်စိတ်ထဲ မရွှင်ဘူး..
ဘာဖြစ်နေလဲတော့မသိဘူး..
ဒါပေမယ့် အခုသိလိုက်ရပီ.. :((((

ကူးမရှိတဲ့အချိန်လေးအတွက် ကိုယ်စားဝက်ဝံangel လေးထားခဲ့တယ်



အိမ်အပြန် စိတ်ကူး

အလုပ်ကိစ္စအတွက်ခရီးထွက်ရတာနဲ့ အိမ်ကိုပြန်တာကွာလွန်းပါတယ်။
ကိုယ်ဝတ်မယ့်အ၀တ်စား၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ကွန်ပြူတာလေးတစ်လုံးပါရင် ပြီးတတ်ပေမယ့် အိမ်ပြန်ဖို့ဆိုရင်တော့ လက်ဆောင်ဘာညာသရကာတွေက ခေါင်းစားလွန်းပါတယ်။
နှစ်လလောက်ကြိုပြင်ဆင်တာတောင်ဟိုဟာမေ့ဒီဟာမေ့နဲ့၊ ဟိုဟာပေးရကောင်းနိုးနိုး၊ ဒီဟာဘဲဝယ်ရကောင်း နိုးနိုးနဲ့ ခေါင်းစားရပါတယ်။ တန်ဖိုးကြီးတာမ၀ယ်ပေးနိုင်ပေမယ့် တစ်ယောက် နဲနဲ ဆိုတာနဲ့တင် ဘယ်လောက် ထောင်းလဲဆိုတာ တွေးကြည့်ကြပါတော့။ မနှစ်ကတော့ ရန်ကုန်တိုက်ရိုက်မပြန်ဘူးဆိုတော့ အပြောလှတယ်။ အိမ်မှာလဲမနေ ခရီးလှိမ့်သာထွက်နေတော့ သိပ်ပြီးမျက်နှာပူစရာမလိုဘူးပေါ့။
ဒီနှစ်တော့ မာမီက အဖွားတို့ရွာသွားလည်ရမယ်၊ မသွားတာကြာနေပီ သူတို့လဲမျှော်နေကြပီပြောတော့ လက်ဆောင်ပိစိကွေးတွေကို ရွာကအမျိုးတွေအတွက်ပါထည့်စဉ်းစားရပါတယ်။ ရွာကအမျိုးတွေပြောလို့ ဘယ်နှစ်ယောက်လဲမမေးပါနဲ့၊ တစ်ရွာလုံးနီးပါးပါဘဲ။ ခက်တော့ခက်တယ်၊ သယ်တာတော့သယ်သွားပေး ချင်တာပေါ့၊ ရတဲ့ကီလိုက ၂၅၊ လက်ဆွဲလို့ရတာ ၇ ကီလိုဆိုတော့ အ၀တ်စားတွေ လျှော့ပီး အိမ်ရောက်တော့လဲအရင် ချန်ထားတဲ့အိကျီတွေကစွပ်မရ၊ အပြင်ထွက်ဝယ်ပြန်တော့လဲ စိတ်တိုင်းမကျနဲ့၊ အဆင်ကိုမပြေလှပါဘူး။
ရန်ကုန်ပြန်ရောက်တာနဲ့ အိမ်က ထမင်းဟင်းကို တစ်ဝကြီးထိုင်စားပစ်မယ်..
အိမ်မှာ ရှိတဲ့ ပုလု၊ မီးမီး၊ ရှမီလာ နဲ့ ယုန်ယုန် တို့ကနေ အသစ်တိုးလာတဲ့ နောက် (၅) ကောင် ကို မိတ်ဆက် ရအုံးမယ်.. တွေ့တာနဲ့ သူတို့ကချက်ချင်းမခင်သေးဘူးလေ..
သူငယ်ချင်းတွေနဲ့တွေ့ဆုံပွဲလဲသွားစရာရှိသေးတယ်။
ဒဂုံ (၁) အရှေ့က အထမ်းသည်မုန့်ဟင်းခါးလဲသွားစားရမယ်။
မြို့ထဲက ဒိန်ခဲ၊ ဆူးလေကျောက်ကျော သွားသောက်မယ်။
မနက်လင်း မာမီနဲ့ဈေးလိုက်သွားပီး ဥာဏ်ပွင့်ချဉ်၊ ကန်ဇွန်းရိုးချဉ်တွေသွားဝယ်ရမယ်။
မုန့်ကျွဲသဲလဲစားချင်သေးတယ်.. မုန့်လက်ဆောင်း၊ ဘိန်းမုန့်ရိုးရိုး...
ငါးသလောက်တော့ အိမ်ကကျွေးမှာမဟုတ်၊ ဦးလေးကိုအဖော်စပ် ခိုးစားမှရမယ်။
မာလာဟင်းစပ်စပ်နဲ့ အသားကင်လေးလဲ စားချင်သေး....
ရွှေနန်းတော်ဝင်မှာ ချိတ်ထမီလေးတွေမြန်မာအိကျီလေးတွေသွားထပ်ရှာရအုံးမယ်၊ (အစားမက်တဲ့အကျိုး)
ရွှေတိဂုံပေါ်ကိုမရောက်တာကြာပီ.. တစ်ခါလောက်တော့တက်ရအုံးမယ်..
ဦးလေးလူပျိုကြီးက သူကွေးအောင်က က နေတဲ့ Park royal ညဖက်ပါတီခေါ်သွားမယ်ပြောတာဘဲ.. 
စိုင်းစိုင်းရှိုးပွဲ ၂၅ ရက်မှာရှိတယ်.. ကိုယ်ရံတော်များကိုအဖော်စပ်တာ.. NO တဲ့.. မသွားရဘူးတဲ့ :(
ကျွန်မ ကိုယ်ရံတော်များဆိုလို့ ဦးလေးလူပျိုကြီးရယ်၊ မောင်လေးရယ်၊ india ကမြန်မာမှာလာနေတဲ့ သူငယ်ချင်ဟောင်းကြီးရယ်၊ ကွန်ပြူတာပျက်တိုင်းပြင်ပေးတဲ့ ညီ ရယ်၊ စီးပွားရေးသမားဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရယ်..ပါ.. အပြင်ထွက်တိုင်း သူတို့က ဒိုင်ခံ တစ်ယောက်၊နှစ်ယောက် လိုက်ပေး တတ်ပါတယ်။
အဖွားရွာရောက်ရင်တော့ တစ်ပင်တိုင်ရွှေထီးညွန့် ကိုပြုပ်၊ မျှင်ငပိရည်ကျို၊ ချဉ်ပေါင်ပုဇွန်ဆိတ်ဟင်းနဲ့ တစ်ဝကြီးကိုလွေးပစ်လိုက်အုံးမှာ။ စိတ်ကူးနဲ့တင်ကို ဗိုက်ဆာလာပီ...
ဖုန်တစ်ထောင်းထောင်းနဲ့ လှည်းလဲ လိုက်စီးအုံးမယ်...
ခရေပင်ကြီးရှိသေးလားမသိဘူး.. မနက်ဆိုခရေပွင့်လေးတွေကောက်သီချင်ပါသေးတယ်။
စားလို့သောက်လို့ဝရင်တော့ ဆေးတွေအဆင်ပြေအောင်ပို့ပို့ပေးတဲ့ ဆရာဝန်ကြီးတွေကို လက်ဆောင်လေးတွေသွားပေးရအုံးမယ်..
အတွေးတွေများနေတာတော့ ကြာပီ.. ဘာမှန်းတော့မသိ..တွေးမိရင်ပျော်ပေမယ့် စိတ်ကလဲ ဘာကြောင့် မှန်းမသိလေးနေသေးတယ်..း(

အတွေးတွေဟိုလွင့်ဒီလွင့်ဖြစ်လို့ အမှတ်မထင်ဆွဲမိတဲ့ပုံလေးပါ.. 


ဘုရားကျောင်းအပီး သူများတွေစကားပြောတာထိုင်စောင့်ရင်းအတွေးကလွင့်သွားတဲ့အချိန် အပေါ်က ကျလာတဲ့စာကလေးအမွှေးလေးပါ.. ၀တ်ထားတဲ့ ချည်ထည်ပေါ်ကျလာလို့ ...


အလုပ်လုပ်ရင်းတောင်စိတ်က ဟိုပြန့်ဒီပြန့်ရောက်သွားတတ်ပါသေးတယ်.. :P



Thursday, December 3, 2009

ငါးအသားလွှာ ကင်ပွန်းချက်

အသားငါး မစားတာလဲကြာပါပီ။ သတ်သတ်လွတ်စားဖို့တော့ ငါးရယ်၊ ငပိရယ်၊ ငံပြာရည်ရယ်ကို မစွန့်လွှတ် နိုင်သေးတာကြောင့်ရဲရဲဝံ့မကြေငြာရဲသေးပါဘူး။ ညီမလေးကတော့သတ်သတ်လွတ်စားဖို့ကို တိုက်တွန်းနေပေမယ့် ကျွန်မကတော့ဆင်ခြေဆင်လက်မျိုးမျိုးနဲ့မစားဖြစ်သေးပါဘူး။  အသား/ငါးမစားဘူးဆိုတော့ သိတဲ့သူတွေက တော့ရီနေရော့မယ်။ ကူးကူးအသား ငါး ကောင်းကောင်းကိုမချက်တတ်ဘူး။ ငါးကိုစားတော့စားချင်တယ်။ ဈေးထဲသွားငါးတန်းရောက်တိုင်း ၀င်ဝင် ငေးပါတယ်။ ငါးတွေက မျက်လုံးပြူးပြူးနဲ့ကြည့်နေတာ တွေ့ရင်မစားရဲတော့ဘူး။ အဟမ်း..သူများချက်ထားရင်တော့ စားပါတယ်။ ချက်ကျွေးမယ့်သူမရှိတဲ့အခုလို အချိန်မျိုးမှာတော့ ငါးစားချင် အသားချည်းသတ်သတ် လွှာရောင်းတဲ့ဟာတွေဝယ်စားပါတယ်။ (ပြောရင်းဆိုရင်းမှ ငါးခေါင်းဟင်းလေးစားချင်လိုက်တာ)
ငါးအသားလွှာတွေကို ကင်ပွန်းရွက်နဲ့ ချဉ်ချဉ်လေး စိမ့်စိမ့်လေးချက်နည်းပြောပြမယ်နော်။
ငါးကိုရေသေချာထပ်ဆေးပီး ဆားနဲ့နယ်၊ ရေနဲနဲမှာ ဂျင်း တစ်ပြားရိုက်ထည့်၊ ငါးငံပြာရည် နဲနဲထည့်ပီး အရင် ပြုတ်လိုက်ပါမယ်။
သိပ်ကြာဖို့မလိုပါဘူး။ ငါးကြက်လောက်တာနဲ့  ခဏချထားပီ ဒယ်အိုးတင် ဆီပူအောင်ထားပီး
ကြက်သွန်ဖြူနီ၊ ဂျင်းနဲနဲ၊ ငရုတ်သီး ကိုထည့်ပီးဆီသတ်ပါမယ်။ ပီးရင်တော့ ကင်ပွန်းချဉ်ရွက်တွေထည့်၊
နူးအောင်ဆက်တည်ပါမယ်။ နောက်ဆုံးမှာတော့ ငရုတ်သီးအနီတောင့်ကြီးကိုနှစ်ခြမ်းခြမ်းထည့်ပီး ဂျင်း၊ ငံပြာရည်နဲ့ပြုပ်ထားလို့ မွှေးနေတဲ့ငါးအသာတွေထည့်ပါမယ်။။ အပေါ့ငံစိတ်ကြိုက်ထည့်ပီး နောက်ဆုံး မှာတော့ နံနံပင်လေးအုပ်လိုက်ရင်..အရမ်းကိုအရသာရှိ၊ မွှေးလဲမွှေး၊ ချဉ်စပ်ပီး စိမ့်နေအောင်ကောင်းတဲ ငါးအသားလွှာ အချဉ်ဟင်းလေးရပါပီး။ နံနံပင်ကလေ ဒီမှာဝယ်လို့မရပါဘူး။ မာမီ ကနံနံစေ့လေးတွေ ပို့ထားပေးတော့ ကူးအိမ်နောက်က ပန်းအိုးလေးထဲ ထည့်စိုက်ထားတာ.. စားဖို့အချိန် မတန်သေးဘူး ဒါပေမယ့် နမ်းကြည့်တော့ အနံ့စူးစူးလေးက ထွက်နေပီဆိုတော့ ဟင်းအပေါ်ထပ်အုပ်လိုက်ပါတယ်။း)


ဘောစကိုင်းသီး နဲ့အရွက် ပုံ ပျောက်သွားလို့ မြင်ဖူးချင်သူများအတွက် ပုံပြန်တင်ထားပေးတယ်..
ဘောစကိုင်း တော့ပစ်မှာပြန်သွားကြည့်ကြပါနော်..းP




Sunday, November 29, 2009

မြူးစ် (ခ) ရုံလေး သို့

မနက်ကနိုးနိုးခြင်း မြူးစ် ဘလော့မှာ နှုတ်ဆက်တယ် တွေ့လို့ message ချန်ထားစရာနေရာလဲမရှိလို့ပါ။

မြူးစ် .. ဘာဖြစ်လဲတော့ ကူးကူးစ် အသေချာမသိပါဘူး.. ဒါပေမယ့် မြူးစ်  အဲလိုနောက်ဆုတ်သွားဖို့ မလိုပါဘူးနော်။ မြူးစ် ချစ်တဲ့ ဘလော့လေးမှာ စိတ်ချမ်းသာတာလေးတွေရေးပီးဘယ်သူ့ကို မှ အနှောက် ယှက်ပေးတာမဟုတ်.. ကိုယ်မှန်ရာကိုယ်လုပ်နေတာမို့ စိတ်မကောင်းမဖြစ်ပါနဲ့...

မြူးစ်ရေးထာတာတော့ ကူးစ် သေချာနားမလည်လို့ ဘယ်လောက်ထိခံစားစိတ်ထိခိုက်မလဲဆိုတာ ကာယကံရှင် ကိုယ်တိုင်သာသိမှာပါ.. ကူးစ်ကိုယ်ချင်းစာပါတယ်..

ဘလော့လေးတော့မဖျက်ပါနဲ့.. မြူးစ် စီဘောက် နဲ့ ကောမန့်ဖြုတ်ထားလို့ရပါတယ်..

တစ်ခါတစ်လေ... ဖြောင့်ဖြောင့်လေးလျှောက်လို့မရတဲ့အခါတွေရှိတယ်..မြူးစ် ရေ..ကျမ်းစာထဲမှာ လူသားချင်း အပြစ်သားတွေချင်းမို့ နားလည်ခွင့်လွှတ်ပေးပါလို့ ကူးစ်တို့သင်ကြားခဲ့ရတယ်မဟုတ်လား..

ကိုယ်ကရိုးသားစွာနေထိုင်ပြောဆိုတဲ့အခါ မကောင်းတဲ့အမြင်နဲ့ကြည့်ရင် မကောင်းတာဘဲမြင်နေမှာမို့ လူ ထောင်သောင်းပေါင်းများစွာရဲ့ အမြင်ကိုလိုက်တည့်မတ်ပေးဖို့ ကိုယ်တို့မတတ်နိုင်ဘူးလေး..
အကောင်းဆုံးက သူတို့အတွက်ဆုတောင်းပေးရုံဘဲရှိတယ်...
ကူးစ်ပြောချင်တာက ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့.. ဘယ်လောက်အပြောဆိုခံခဲ့ရပေမယ့်.. ကိုယ့်အတွက် စိတ်ထိခိုက် တွေးမိတိုင်းဝမ်းနည်း အောင် စိတ်ထဲမှာမှတ်မထားပါနဲ့နော်..
သူတို့ကိုခွင့်လွှတ်ပီး မေ့ပစ်လိုက်ပါ...ကိုယ့်ကိုထိခိုက်နာကျင်စေတဲ့အရာမှန်မသမျှကို မေ့ပစ်လိုက်တာ အကောင်းဆုံးပါ..
ကိုယ်မှန်တယ်ဆိုရင် ရဲရဲဝံ့ဝံ့ဆက်လျှောက်သွားပါ... ကိုယ်စိတ်ချမ်းသာလို့ ဘယ့်သူမှမထိခိုက် လုပ်နေတဲ့ အရာတစ်ခု ဘာမဟုတ်တဲ့အထင်လွဲမှုတွေကြောင့် ပျော်ရွှင်မှုတစ်ခါးလေးတစ်ချပ်မပိတ်မိပါစေနဲ့နော်..

မြူးစ်ကို ညီမလိုလဲချစ်တယ်..သူငယ်ချင်းလိုလဲခင်တယ်..
မြူးစ် အပေါ်ထိခိုက်ခံခဲ့ရတာတွေ ခွင့်လွှတ်ပီးမေ့ပစ်လိုက်ပါနော်..
ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းချမ်းသာသာနေပါမြူးစ် ....

Thursday, November 26, 2009

ဘောစကိုင်း တို့စရာ

ကျွန်မငယ်ငယ်တုန်းက မန္တလေးမှာ မမေ့နိုင်တဲ့အရာတွေထဲမှာ ဘောစကိုင်းသီးနဲ့ သီးသီး ပေါ့..
သီးသီး ပြောမှ ချစ်သူက အသဲသန်ငြင်းဖူးသေးတယ်။ ဘာလဲသီးသီး၊ အဲဒီအသီးမရှိဘူးဆိုပီးတော့လေ.. မန္တလေးမှာတုန်းကတစ်ပါတ်တစ်ခါဘုရားကျောင်းအပြီး လူကြီးမိတ်ဆွေစုံကြတဲ့အခါ သံရုံးမှာ အလုပ်လုပ်တဲ့လူပျိုကြီးဦးလေးတစ်ယောက်က သီးသီးထောင်း ပုံမှန် ယူလာတတ်ပီးတော့ မြို့သစ်က အန်ကယ်နဲ့ အန်တီကတော့ ဘောစကိုင်းသီးတို့စရာ၊ နဲ့ အခြားဟင်းလျာ တွေယူလာလေ့ရှိတယ်။ အိမ်ကတော့ ဒိုင်ခံ ပဲကုလားဟင်းချက်တယ်.. ငါးကြော်တယ်..   အခုလက်ရှိ

ကျွန်မနေတဲ့ခြံထဲမှာ အပင်အမြင့်ကြီးရှိတယ်.. သရက်ပင်ကြီးဘေးမှာပေါ့.. အသီးတွေအများကြီးသီးတယ်။ ရင့်တယ်၊ ကြွေသွားတယ်.. အရမ်းနှစ်သက်တာတော့မဟုတ်ပေမယ့် အလွမ်းပြေစားကြည့်ချင်နေတာ...
အပင်ကတော်တော်မြင့်တော့ ၀ါးမြင့်မြင့်တစ်လုံးရှာပီး အသီးလေးတွေနုနေတုန်းမနေ့ညက တစ်ခိုင်နှစ် ခိုင်ချူလိုက်တယ်.. ငပိချက်လေးနဲ့ တို့စားတာ ကောင်းမှကောင်း...
သရက်ကင်းလေးတွေလဲ ၃ လုံးလောက်တွေ့လို့ တစ်ခါတည်းခူးလာလိုက်တယ်...

ဘောစကိုင်းရွက်ကိုရေနွေးဖျောတို့စားလဲအရမ်းကောင်းတာပါ။ ဒါပေမယ့် အညွန့်နုလေးတွေခူးဖို့ မလွယ် တာကြောင့် အသီးနုလေးတွေနဲ့ဘဲ ကျေနပ်လိုက်တယ်..

အရသာကတော့ ဒညင်းသီးနဲ့ခပ်ဆင်ဆင် အဲလောက်တော့အနံ့မပြင်းပေမယ့် စားပီးရင် ခံတွင်းမှာ အနံ့နဲနဲ ကျန်ခဲ့ပါတယ်... ကျွတ်ကျွတ်လေးနဲ့ တို့စရာအဖြစ်အရမ်းစားလို့ကောင်းပါတယ်...
မနေ့ညနေက ဘောစကိုင်းသီးနုနုလေးတွေတို့စားရင်း မန္တလေးမြို့သစ်ဖက်ကို ရောက်သွားသလို ခံစား ကြည့်နူး အောက်မေ့မိပါသေးတယ်... 

Tuesday, November 24, 2009

ခရမ်းသီးကြပ်တိုက် နှပ်

ခရမ်းသီးကြိုက်တဲ့သူများအတွက်ပါ။ အရင်တစ်ပတ်က (၁)နာရီလောက်ဝေးတဲ့ဟင်းသီးဟင်းရွက်ဈေးကို ရောက်သွားခဲ့တယ်။ ရန်ကုန်မှာဆိုရင်တော့ သိရိမင်္ဂလာဈေးလိုမျိုးပေါ့.. ဟင်းသီးဟင်းရွက်တွေ အများကြီး သေချာသပ်သပ်ရပ်ရပ်စီပီးရောင်းနေတာ။ ဒီမှာဆောင်းတွင်းဆို အသီးရွက်က ရှားလာပီလေ။ ဒါနဲ့ ခရမ်းသီးတွေ လဲလတ်လတ်ဆတ်ဆတ်လေးတွေ့တာမို့ဝယ်လာခဲ့ပါတယ်.. ပြန်ရောက်ပီးလဲ မချက်ဖြစ်ဘူး။ ခရမ်းသီးကို ရေခဲသေတ္တာထဲထည့်ထားရင် တစ်ဖြည်းဖြည်းအရောင်ပြောင်းလာပီးတော့ ပုပ်သွားတယ်..အခြားသီးနှံတွေနဲ့ မတူဘူး။ မပုပ်ရင်လဲ ခြောက်သွားတယ်။ ဒါကြောင့်တစ်မျိုးစမ်းကြည့်ဖို့စဉ်းစားပီ အရမ်းလဲခြောက်မသွားကြပ်တိုက်သလောက်လေး အပူပေးပီ နဲနဲအရေခွံလေးတွေခြောက်သွားအောင်ကင်ထားလိုက်ပါတယ်..  တစ်ပတ်ကျော်မှ မှချက်ဖြစ်တာပါ..

ရိုးရိုးခရမ်းသီးနှပ်ပုံစံမျိုး..
ကြက်သွန်ဖြူနီ ဆီသတ်
ပုဇွန်ခြောက်မှုန့်နဲ့
ငရုတ်သီးအကြမ်းမှုန့်
ခရမ်းသီးကြပ်တိုက်ထားတာလေးတွေထည့်ပီး၊ ငါးငံပြာရည်လဲနဲနဲဖြန်းပီး ဆားအချိုမှုန့်သင့်တင့်အောင် ထည့်ပီးချက်လိုက်တာပါ..
နဲနဲနူးသွားအောင်ရေလေးထည့်ချက်ပါ..အရသာကတော့ဘယ်လိုကွာလဲဆိုတာ ချက်စားမှသိမှာနော်..
ကူးကူးတောင် ရိုးရိုးအစိမ်းချက်တာထက်ကိုပိုအရသာတွေ့နေလို့ ခက်နေပီ..း)

လိုအင်ကြံဆနည်းလမ်းရဆိုပါတော့လေ..း)

Monday, November 23, 2009

Unique Plan for Holidays!



Wednesday, November 18, 2009

ဒီဇင်ဘာအလှ/အလွမ်း

(စန္ဒကူးရေးချင်တာက)
ဒီဇင်ဘာလကိုချစ်တတ်တဲ့သူများအတွက် တစ်ကူးတစ်ကရိုက်ပို့ထားပေးတဲ့ ပုံလေးတွေတင်ပေးလိုက် ပါတယ်။ ညီမလေးက ဒီဇင်ဘာမှာမွေးတယ်၊ မာမီနဲ့ပါးပါး ဒီဇင်ဘာမှာ မင်္ဂလာဆောင်တယ်..
ဒီဇင်ဘာတိုင်းမိသားစုတွေပြန်စုံကြတယ်...
ရုံးပိတ်ရက်တွေလဲအများကြီး...လက်ဆောင်တွေလဲအများကြီးရသလို.မရှိဆင်းရဲသားတွေကိုလဲ ကိုယ့်မှာ ရှိတာလေးကို အကုန်နီးပါးပြန်ဝေမျှဖြစ်တဲ့ပုံမှန်လလေးပေါ့....
(ဆက်ဖတ်ရန်)
အလုပ်အများဆုံးလလို့ပြောလို့ရသလို..
ဒီဇင်ဘာလရဲ့အေးစိမ့်တဲ့အရသာကိုလဲချစ်တယ်...
ခြောက်သွေ့တဲ့လေအေးအေးတွေကိုလဲချစ်တယ်...
မိသားစုရဲ့နွေးထွေးမှုကိုလဲလွမ်းတယ်...
ချစ်သူ့ရဲ့စိုးရိမ်ပူပန်တဲ့အကြည့် ကိုလဲ တမ်းတတယ်...
ဒီနှစ်ခရစ္စမတ်ပါတီကိုတော့ အသက်နဲ့အလိုက် dress code အရောင်တွေသတ်မှတ်ထားတယ်...
ကျွန်မအသက်နဲ့ဆိုတော့ အစိမ်းရောင်ကျတယ်...
blue christmas လို့ လွမ်းရောင်သန်းပီး အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင် အပြာရှေ့မှာ အလွမ်းကဗျာ ဆန်မယ့်အရေးမှာ..အခုတော့ အစိမ်းရောင်ဝတ်ပီး ခဏစိမ်းကားနေရအုံးမယ့်နမိတ်များလား..နော်။



(ဆက်ဖတ်ရန်)

Tuesday, November 17, 2009

ပဂျီသွေး (ခေါ်) အုန်းဆံ

ကျွန်မတို့ငယ်ငယ်က မန္တလေးမှာနေတယ်။ ခြံဝင်ဝင်ခြင်းထောင့်မှာ အုန်းပင်အိုကြီးတစ်ပင်ရှိတယ်။ ကျွန်မ မှတ်မိသလောက်အရွယ်မှာတင် အပင်ကအမြင့်ကြီးနဲ့ အသီးတွေဝေေ၀သီးနေပီလေ။
အဲတုန်းကမန္တလေးမှာအုန်းသီးရှားတယ်ထင်တာဘဲ၊ ဘာလို့လဲဆိုတော့ တော်ရုံဆိုအုန်းသီးမစားရဘူး။ ပွဲတွေ ဘာတွေရှိရင်တော့ ဈေးချိုမှာ အုန်းသီးသွားဝယ်ရတယ်။ တစ်ခါတစ်လေ မိုးသည်း လေပြင်းတိုက်လို့ အုန်းသီးခြောက်များကြွေကျရင် မိုးရေထဲပြေးဝိုင်းကောက်ကြတာဘဲ။
ကျွန်မအုံးသီးတော့အရမ်းကြိုက်တယ်... အုန်းရေလဲကြိုက်တယ်.. အုန်းသားဖတ်တွေကို ထညက်ခဲလေးနဲ့ ဒီတိုင်း ထိုင်စားလဲကြိုက်တယ်၊ အုန်းသီးနုနုလေးတွေလဲကြိုက်တယ်.. အကြိုက်ဆုံးက အုန်းဆံ.. ပဂျီသွေး လို့ ခေါ်တယ်ထင်တာဘဲ...

ဒါကြောင့်အုန်းသီးဝယ်တိုင်း အပင်ပေါက်လေးပါတဲ့ဟာရွေးရွေးဝယ်တယ်.. ဖော့နဲ့တူတယ်..ဘာအရသာမှလဲ မရှိဘူး လို့ ပြောကြတယ်.. ကြိုက်တဲ့သူကတော့ ကြံဖန်ကြိုက်တာဘဲမဟုတ်လား..
နှစ်တိုင်းအိမ်ပြန်ခါနီးဆို မာမီက အုန်းသီးတွေဝယ်ပီး အပင်ပေါက်လာအောင်ဖောက်ထားတတ်တယ်။ အရင်ကဆို အလှစိုက်ထားတဲ့အုန်းပင်သေးသေးလေးတွေလဲ အကုန်ဆွဲနုတ်ပီး အထဲကအဆန်လိုက်ရှာပီး စားတာဘဲ... အခုတော့ အုန်းသီးပေါတဲ့ကျွန်းမှာနေတော့ အရမ်းအဆင်ပြေတယ်.. အုန်းသီးပိစိကနေ... အပင်ပေါက်တဲ့အထိ..အုန်းရေချိုကနေ...ရှာလကာရည်ဖြစ်တဲ့အထိ... အချဉ်ဖောက်ပီး မူးအောင်သောက် တဲ့အရေထိ ၀ယ်လို့ရတယ်...
သိတဲသူတွေများရှိမလား ဘယ်လိုခေါ်လဲမေးကြည့်ပါသေးတယ်.. တစ်ယောက်တစ်မျိုးပြောလို့ အုန်းသီးထဲ က အဆန်ကို ပဂျီသွေးလို့ ခေါ်သလား..ဘယ်လိုခေါ်လဲသိရင်လဲ ခြေရာလေးချန်ခဲ့ပါအုံး...
ကူးကူးလို အုန်းသီးထဲကအဆံကို နှစ်နှစ်သက်သက် ကြိုက်တဲ့သူတွေများလဲ ရှိအုံးမလားတော့မသိ...

ဒါဘဲဗိုက်မပြည့်ပေမယ့် နှစ်သက်တဲ့အစာတစ်ခုမို့ အမှတ်တရ တင်ထားလိုက်ပါတယ်။

Sunday, November 15, 2009

မျှစ် ထောင်း

ဆောင်းတွင်းဝင်လာပီမို့ ရက်ဟောင်းတွေကြွေ၊ ရွက်ရင့်တွေ နီဝါရောင်ပြောင်းလို့ တစ်ဆောင်းသစ်ပြန်ပီပေါ့။
မိုးတွင်းပိုင်းသာ အသီးနှံပေါပေမယ့် ဆောင်းတွင်းကျတော့ အသီးရွက်နဲနဲပါးသွားတယ်။
အရင်အပတ်က supermarket မှာ မျှစ်လေးတွေထုတ်ထားတာတွေ့လို့ဝယ်လာတယ်၊ စိတ်ထဲ တစ်ထင့်ထင့် ရယ်။ ဒီကမျှစ်တွေများ ၀ါးကိုပါးပါးလှီးထားသလားအောက်မေ့ရအောင် ရင့်မာလှပါတယ်။
အိမ်ရောက်ရောက်ခြင်းဖွင့်ကြည့်တော့ မျှစ်လေးတွေက အရမ်းမဟုတ်တောင် အနေတော်လောက်နုနေတော့ အရမ်းကိုပျော်သွားတယ်။ ကားပေါ်မှာလဲမဖွင့်ရဲဘူး။ အနံ့က သင်းလှိုင်နေတာ။
ဒီကနေ ၂နာရီလောက်ကားစီးရတဲ့ နေရာမှာ ကျောင်းတက်နေတဲ့ ဆရာမတစ်ယောက် အိမ်ကို လာလည်တော့ အဲဒီနေ့မှာ မျှစ်တာလပေါ့လေးချက်ထားတာနဲ့ကြုံတော့ သူ့ကိုကျွေးလိုက်တယ်။
သူကအရမ်းစားလို့ကောင်းတာဘဲတဲ့ သူတို့ဘက်မှာတော့ မျှစ်မရောင်းဘူး မျှစ်အရမ်းကြိုက်တယ် လို့ ပြောပါတယ်။ အေးလေ.. ဒါနဲ့ဘဲ ကူးလဲ မျှစ်ကိုဘယ်လိုရှာပုံတော်ဖွင့်ရသလဲ ဆိုတဲ့ဇတ်လမ်းအစက နေ ပြန်ခင်းရပြန်ပါတယ်။ ဒီတစ်ခေါက်တောင် ကံကောင်းစွာ မျှစ်လေးတစ်ထုတ်ရတာပါ။
ကျန်နေတဲ့တစ်ဝက်ကိုတော့ ကျောင်းအလွမ်းပြေ၊ အရှေ့တောင်တိုင်းက ကရင်သူငယ်ချင်းမလေးတွေ အလွမ်းပြေ ထောင်းစားဖို့ စီစဉ်လိုက်ပါတယ်။
ရေခဲသေတ္တာထဲက ငရုတ်သီးစိမ်းတွေလိုက်ရှာတော့ ခြောက်နေပီ၊ ဒါနဲ့ဘဲ ပန်းရုံတွေကြားငရုတ်ပင်ကို လိုက်ရှာပီး ငရုတ်သီးစိမ်းလိုက်ခူးရပါတယ်။
မျှစ်ကိုရေနွေးပူပူ မှာထပ်ဖျောလိုက်ပါတယ်။ 
ငရုတ်သီးစိမ်း ၁၂ တောင့်
မျှင်ငပိ (ထမင်းစားဇွန်း ၄ပုံ ၁ပုံစာ)
မြေပဲကြော် အနည်းငယ်
ကြက်သွန်ဖြူ (၂ မွှာ)
ကြက်သွန်နီ (၁ ခြမ်း)
ဆားအနဲငယ်နဲ့ အချိုမှုန့်အနည်းငယ်ဆိုရပါပီနော်။ 

ပထမဦးဆုံး ငရုတ်သီးစိမ်းကိုညက်နေအောင် ဆားနဲ့ရောထောင်းပါမယ်။

မြေပဲကြော်တွေ ကိုပါ ညက်အောင်ထည့်ထောင်းပါ
ကြက်သွန်ဖြူ ထည့် ဆက်ထောင်းပီး 
မျှင်ငပိကို မီးနဲနဲပြပီး ထည့်ထောင်းပါ
ကြက်သွန်နီထည့်ဆက်ထောင်းမယ်
ပီးရင်တော့ ရေနွေးဖျောထားတဲ့မျှစ်တွေကိုရေစစ်ပီး ဆား အချိုမှုန့် အနည်းငယ်လောက်သာ ထပ်ထည့် မွှေပီး ငရုတ်ဆုံထဲကို စိတ်ကြိုက် ထည့်ထောင်းပါလေ..
သတိထားနော်.. မျက်စိစင်မယ်.. အဖတ်တွေလဲ ငရုတ်ဆုံအပြင်လျှံကျတတ်ပါသေးတယ်..လက်လေးနဲ့ ကာထား။
ထောင်းပီးပီဆိုရင်တော့ မမေ့မလျှော့ သံပုရာသီးလေးညှစ်လိုက်မှာ မျှစ်ထောင်းအရသာပိုမိုပေါ်လွင်လာ မှာနော်။   ကဲ ဒီညတော့ မျှစ်ထောင်းလေးနဲ့ ထမင်းမြိန်အုံးမှာသေချာတယ်။

နောက်နေ့တော့ ပေါက်ကရစားတယ်ဆိုပီး အနုနည်းနဲ့ အဆူခံဖို့ ပြင်ဆင်ရပါအုံးမယ်။ :P

Friday, November 13, 2009

ကင်ဆာ နှင့် ဒူးရင်းသြဇာ

ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့အဖြေထွက်ပီးကျွန်မတို့တစ်တွေစိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာတက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေးတစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။

အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာသူများကိုမသိစေချင်ဘူး၊ သူများတွေသူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့ နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။ အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင်အခြောက်လေးတွေကိုရေနွေးကြမ်းလိုလုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ ကျွန်မတောင်စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက်ဖြစ်တော့ပါဘူး။ ခီမိုသွင်းထားတဲ့လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။ အရမ်းလဲသနားဖို့ကောင်းပါတယ်။ 
ကင်ဆာရောဂါဖြစ်နေသူများအတွက်သတင်းကောင်းပါ။
အရသာလဲမဆိုးတဲ့ဘဘာဝအသီးပင်ရဲ့အရွက်ကိုပြုတ်သောက်ရုံတင်နဲ့ ကင်ဆာရောဂါကို ပျောက်ကင်းသက် သာစေတာ ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။
ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ်တယ်လို့ ရှင်းပြပါတယ်။
ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်မအကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ သက်သာသွားသည်ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်းများမှာလဲ ကင်ဆာရောဂါရှိတဲ့သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။ ကင်ဆာဆဲလ် တွေ စစ်တဲ့အခါတိုးတက်မှုရှိမရှိကို သိလာပါလိမ့်မယ်နော်။


ဒူးရင်းသြဇာလို့ မြန်မာပြည်မှာခေါ်တဲ့အသီးကို သိကြမယ်ထင်ပါတယ်နော်။
အဲဒီအသီးပင်ရဲ့အရွက် ကိုပြုပ်သောက်ရမှာဖြစ်ပါတယ်။
ဆေးနည်းကတော့
အရွက် (၂၀) ရွက် ကို ရေ ၆-၈ ခွက်ထည့်ပီး မီးအေးအေးနဲ့ (၂) နာရီကြာအောင်တည်ရပါမယ်။
တစ်ရက်ကို (၃) ခါ နှစ်ခွက်စီ သောက်ပါ
(၅)ရက်သောက်ရမှာဖြစ်ပါတယ်။
လိုအပ်ရင်  ဆက်သောက်သွားလို့ရပါတယ်။ အသီးလဲကြိုက်တတ်ရင်ရန်ဖန်ရံခါစားပေးပါ။

ကင်ဆာရောဂါရှိသူများ၊ အသိမိတ်ဆွေအမျိုးထဲမှ ရောဂါရှိသူများကို သဘာဝဆေးဖြစ်တာကြောင့် ဘေးဥပဒ်မသင့်မှာမို့ စမ်းကြည့်ကြဖို့ တိုက်တွန်းကြပါနော်။
သက်သာပျောက်ကင်းသွားတယ်ဆိုရင် ...ကိုယ့်အတွက်အမြတ်ပါဘဲ...

Thursday, November 12, 2009

Pre- Christmas



သဇင်ဥကောင်တာ က ပုံလေးတွေပို့ပေးလို့တင်လိုက်ပါတယ်။
အရုပ်လေးတွေနဲ့ လုပ်ထားတဲ့ ပုံကိုအကြိုက်ဆုံးဘဲ...
ခရစ္စမတ်တစ်နှစ်ထက်တစ်နှစ်ပိုကဗျာဆန်လာတယ်..
ဒီနှစ်တော့ ကူးကူးအတွက် တော့ blue christmas ပါဘဲ..

Monday, November 2, 2009

မယ်ဇလီဖူးသုပ်

တန်ဆောင်မုန်းလပြည့်ကျော် ၂ရက် သန်းခေါင်းကျော်ပီမို့..ဆေးပေါင်းခအောင် မယ်ဇလီဖူးသုပ်ကျွေးပါမယ်။


ကူးသူငယ်ချင်းတွေအကုန်လုံး blogger ညီမလေးများ၊ အမများအားလုံး မွေးနေ့အတွက်လာဆုတောင်းအား ပေးကြလို့ကျေးဇူးတင်ပါတယ်နော်။ ကူးလဲ ရန်ကုန်မှာနေတုန်းကတော့ ရန်ဖန်ရန်ခါ မယ်ဇလီဖူးသုပ်စားလေ့ ရှိပေမယ့် ရက်အတိကျနဲ့တော့မစားဖူးပါဘူး။ ဒီတစ်ခါတော့ လူကြုံရောက်မယ့်ရက်နဲ့အဆင်ပြေနေလို့ မာမီက တစ်ကူးတစ်က လှမ်းပို့ပေးလိုက်ပါတယ်။ ဘယ်အချိန်အတိကျလဲဆိုတာတောင်ပါလာသေးတယ်။ နိုဝင်ဘာ (၂)ရက်နေ့ ညသန်းခေါင်ကျော် ၁း၁၅မိနစ်တိတိမှာစားရမယ်ဆိုပဲ။
လေယဉ်နှစ်ဆင့်စီးလာရတဲ့ မယ်ဇလီဖူးလေးတွေက အနံ့လေးတစ်မျိုးဖြစ်နေလို့ ရေအေးနဲ့စိမ်ထားလိုက်ပါတရ်။ ညနေတော့ ရေပွက်ပွက်ထဲထည့်ဖျောပီးအဖူးလေးတွေကိုချွေထားလိုက်ပါတယ်။
မနေ့ညနေကတော့ မမလုလုဘလော့ မှာ မယ်ဇလီဖူးသုပ်နည်းလေးရေးထားပေးပီးပါပီ။
ကူးအတွက်တော့ သတ်သတ်လွတ်လေးသုပ်ဖို့အတွက်ရိုးရိုးလေးဘဲပြင်ဆင်ထားလိုက်ပါတယ်။
ကြက်သွန်ဆီချက်
မြေပဲထောင်း
ပဲမှုန့်
ဆား၊ အချိုမှုန့်အနည်းငယ်နဲ့
အချဉ်နဲနဲပါ... (မန်ကျည်းမှည့်လေးနဲ့ဆိုပိုကောင်းမှာ) အချဉ်ညှစ်ရင်အခါကိုပို ဆွပေးသလိုခါးလာ တတ်ပါတယ်။ အခါးအရမ်းကြိုက်တဲ့ကျွန်မအတွက်တော့အဆင်ပြေပါတယ်။
အားလုံးရောပီးသမအောင်နယ်လိုက်ရင် မယ်ဇလီဖူးသုပ်လေးရပါပီ..
အချို့တွေလုပ်စားဖြစ်ချင်မှဖြစ်မယ်၊ အလွမ်းပြေလေးဖြစ်ချင်ဖြစ်မယ်၊ ဒီညမယ်ဇလီဖူးသုပ်လေးမစားဖြစ်ခဲ့ရင်တောင် ဆေးပေါင်းခပီး ကျမ်းမာ ရွှင်လန်းကြပါစေနော်။

ကူးကူးမေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်...း)

စားပီးရင် ရန်ကုန်ပွဲဈေးတန်းလည်းလိုက်ခဲ့အုံး..
(ဓာတ်ပုံတစ်ကူးတစ်က လိုက်ရိုက်ပေးတဲ့ ဦးလေးလူပျိုကြီးကျေးဇူးပါ၊ ဒီဝါကျွတ်မှာလဲ သူမကျွတ်သေးဘူးရယ် ဟီဟိ)

Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket

Tuesday, October 27, 2009

၂၇-၁၀-၂၀၀၉

ဒီနေ့ ..
ကျွန်မ အသက် တစ်နှစ်ပိုကြီးလာတယ်...
ခံစားချက်တွေဘယ်သူမှနားမလည်နိုင်ခဲ့သလို
သူများအပေါ်ထားခဲ့တဲ့ မေတ္တာ စေတနာတွေလဲ သဲထဲရေသွန်ပါဘဲ..
ကျွန်မ အားနည်းချက်တွေ ခုတုံးလုပ်ခံခဲ့ရသလို
အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့အရာတွေလဲ အမှန်ခြစ်ရာမထင်ခဲ့ပါဘူး။
ဒီနေ့လိုမျိုးကိုဖြတ်ကျော်ဖို့ ခက်ခက်ခဲခဲမွေးခဲ့ရတဲ့ မိဘ ကအလေးထားစောင့်နေကြသလို
ပိုးမွေးသလို ဂရုတစ်စိုက်ကြည့်နေကြတဲ့ မောင်လေးနဲ့ညီမလေးက မျှော်နေတယ်။
အချို့က မသိသလို မာယာခင်းနေကြတယ်။


တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာဖို့ မြော်လင့်ဆုတောင်းခဲ့ပေမယ့် ပိုပိုဆိုးလာတာဘာကြောင့်လဲလို့ မမေးတော့ပါဘူး။  အထူးသဖြင့် ဒီနှစ်အတွင်းမှာ စိတ်ရော လူပါ အရမ်းပင်ပန်းခဲ့ရတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် မျက်နှာလွဲခဲပစ်လို လွှဲပစ်လိုက်ချင်တာပါဘဲ။ အသက်တစ်နှစ်ပိုကြီးလာတယ်။ သောက်နေ ကျဆေးတွေထက်ပိုများလာတယ်၊ ဒါအပြင် ဆေး အာနိသင်ပိုပြင်းလာတယ်။ မျက်နှာ ပေါ်က ဆေးဒဏ် တွေ ကို ဟိုဖုန်းဒီကွယ်လုပ်ရတော့ အပြင်ထွက်ခါနီးအချိန်ပိုကုန်လာတယ်။
အထူးသဖြင့် ဒီလစကတည်းက အိမ်က အရမ်းစိုးရိမ်နေတာ ကျွန်မမွေးတဲ့လရောက် ခါနီးတိုင်း အမြဲ အသဲအသန်ဖြစ်နေကျရှိလို့လဲပါမယ်။ ဒီလစကတည်းက တော်တော်လေးကို ချူချာနေပေမယ့် မွေးနေ့ ဆိုတဲ့အသိလေးက စိတ်ကိုတွန်းအားပေးနေလို့ စိတ်ကူးနေခဲ့ရတာတော့ အမှန်ပါ...
စနေညက နောက်နေ့ဈေးသွားမယ်စာရင်းလုပ်ရင်း ရေချိုးခန်းကအထွက် ခြေချော်ပီးလဲတော့ နောက်နေ့မထနိုင်အောင် ခြေထောက်တွေနာနေပြန်ရော... စိတ်ဇောကပ်တော့ နာနာနဲ့ လမ်းဖိလျှောက် ၀ယ်စရာလေးတွေဝယ်.. ကိုယ်မှထမလုပ်လဲ ဘယ်သူမှလာလုပ်ပေးမယ့်သူမရှိ။ မွေးနေ့မတိုင်ခင်တစ်ရက်တောင်မှ ကိစ္စတစ်ခုဖြစ်ပီး အရမ်းစိတ်ထိခိုက် နေပေမယ့် ညနက်သန်းခေါင်းထိ မွေးနေ့မှာ ရုံးကလူတွေကိုကျွေးချင်လို့ ချက်ပြုပ်နေသေးတယ်...
ဒီနှစ်မွေးနေ့မှာ တော့ အသစ်ပြောင်းလာတဲ့မျက်နှာသစ်လူတွေရယ်... သူငယ်ချင်းလိုခင်မင်ရတဲ့သူတွေ ခရီးသွားနေကြတာရယ်နဲ့ Facebook နဲ့ ပဒုန်မာ wish တွေနဲ့ဘဲ ပီးသွားပါတယ်။
သူငယ်ချင်း မြူးစ်က သူ့ဘလော့မှာ ကျွန်မအတွက်မွေးနေ့ပွဲမုန့်တွေကျွေးထားတယ်...ကျေးဇူးပါနော်မြူး...
ညီမလေးက လက်ဆောင်ပို့လိုက်မယ်ပြောပေမယ့် မရောက်လာခဲ့သလို မောင်လေးပို့လိုက်တဲ့ လက်ဆောင် လဲမရောက်လာသေးပါဘူး။ တစ်နေကုန် အမှတ်တရလေးတစ်ခုခုလောက်ရရင်ကောင်းမှာဘဲဆိုပီး ထိုင် စောင့်နေပေမယ့်...ဘာမှမရောက်လာခဲ့ဘူး..ဘာကြောင့်မှန်းမသိဘူး..၀မ်းနည်းတယ်..
သူငယ်ချင်းတွေနဲ့ဝေး၊ မိသားစုနဲ့ ဝေး မွေးနေ့တိုင်း တစ်နှစ်တစ်မျိုး ကိုယ့်ကို မသိတဲ့သူတွေကြားမှ နေပီး တစ်ယောက်တည်းဖြစ်နေရတဲ့ဘ၀ကိုလဲ တစ်ဖြည်းဖြည်းနဲ့ အီလာပီ..  အွန်လိုင်းသူငယ်ချင်းတွေများ မရှိရင် ဘယ်လိုများနေမလဲမသိဘူး။
ညနေတော့ တစ်ယောက်တည်းဧည့်ခန်းမှာ ထိုင်ပီး ငိုနေလိုက်တယ်..ဘာကြောင့်မှန်းတော့ သေချာမသိဘူး။ သူငယ်ချင်းတစ်ယောက်အဝေးကလှမ်းဖုန်းဆက်တယ်... နင့်မွေးနေ့အမှီလာချင်တာ ခွင့်မရဘူးတဲ့... ဒီတစ်ခေါက် ဘာအကောင်လေးတွေရလဲဆိုတော့ ကျွန်မလဲ ဟန်မဆောင်နိုင်ဘဲ ငါ့ကို ချိုချဉ်လေးတစ်လုံးတောင် အမှတ်တရလာပေးမယ့်သူမရှိဘူးဟာ ဆိုပီး ငိုမိပါရော...
ညီမလေးကပြောတယ်.. နောက်နေ့ရောက်လာမှာပေါ့.. နောက်နေ့က နောက်နေ့ဘဲ.. ကျွန်မမွေးတဲ့နေ့ လဲ မဟုတ်ဘူး၊ အသက် တစ်နှစ်ပြည့်ကြီးသွားတဲ့နေ့လဲမဟုတ်ဘူး...


သူငယ်ချင်းတွေအဝေးက ၀ိုင်းစုတောင်းပေးကြတာ ကျေးဇူးတင်ပါတယ်..
cbox မှာရော၊ forum မှာရော.. facebook မှာရော.. ဘလော့ပေါ်မှာရော...
ကျွန်မရင့်ကျက်ချင်ပါတယ်... ဒါပေမယ့် ပိုပို ဆိုးလာသလိုပါဘဲ..း(

Saturday, October 17, 2009

ဒူးရင်းယိုဌာပနာ မုန့်

ဒူးရင်းသီးရာသီကမကုန်သေးပါဘူး။ သူများလက်ဆောင်လာပေးလဲ တစ်လုံးဆို အကုန်မစားနိုင်တာနဲ့ မစားရဲ တာကြောင့် ရေခဲသေတ္တာထဲမှာ သောင်တင်နေတာ ကြာလာတော့ မျက်စိစူးလာပါတယ်။
ဒါကြောင့် ဒူးရင်းသီးတွေကို အသားချည်းနွှာပီး ဒူးရင်းယိုလုပ်ထားမလားစဉ်းစားပါတယ်.. မလုပ်တတ်တာနဲ့
နောက်တစ်မျိုးလုပ်ဖို့ အကြံက (မီးလင်းသလိုဖျတ်ကနဲ့) ရလာတာနဲ့...
ဒူးရင်းသီးအသားဖတ်တွေကို နွှာ၊ သကြား၊ ထညက် နဲနဲ၊ နွားနို့ ထည့်ပီး ဘလန်ဒါနဲ့ကြိတ်လိုက်ပါတယ်။
ဆီနဲနဲထပ်ထည့်ပီး ဒယ်အိုးထဲမှာ မီးအေးအေးနဲ့ အနှစ်ဖတ်တွေသာ ထွက်လာတဲ့အထိ တည်ထားပါတယ်..
အိုးတော့နဲနဲကပ်မယ်။ ခဏခဏ မွှေပေးနိုင်ရင်တော့မစိုးဘူး။ ဒါပေမယ့် အနှစ်ရည်တွေဆိုတော့ ပွက်..ပွက် နဲ့ လက်စင်ရင်ပူတယ်.. မီးဖိုတစ်ဝိုက် စင်ရင်လဲ ညစ်ပတ်တာတောင့် အဖုံးအုပ်ထားလိုက်ပါတယ်..
မီးကိုအေးအေးးး လေးဘဲထားပါ.. အိုးဖင်တော့ နဲနဲကပ်ပီးညိုလာအောင် အရည်တွေစစ် အသားအနှစ်ဖတ်တွေ သာကျန်အောင်တည်ပီး မွှေ၊ ပီးရင်တော့ အအေးခံထားပါ..
ဂျုံ လေးခွက်၊
ဆော်ဒါ အနည်းငယ်
yeast တဆေး အနည်းငယ်
ဇကာကုံးလေးနဲ့စစ်ပီး... ရေနွေးလေးနဲ့နယ်ပါ..မုန့်အသားအတွက် ဂျုံကိုစိတ်ရှည်လက်ရှည်နယ်ပါလေ..
တဆေးပါတဲ့အတွက် ဂျုံမှုန့် လေးတွေကို မုန့်ပြားလုပ်မယ့် နေရာမှာဖြူးပီး နယ်ပါ...
ပီးရင်တော့ ၊၊  ဒလိမ့်တုံး နဲ့ဖြစ်ဖြစ် ပုလင်းလေးနဲ့ဖြစ်ဖြစ် အပြားလေးရအောင်လှိမ့်ပါ.. ကပ်နေရင် ဂျုံမှုန့် ထပ်ဖြူးပါ.. အနေတော် ဘဲဥပုံအပြားရှည်ကြီးရရင်တော့ (အောက်တွင်ရှု) ကျိုထားတဲ့ ဒူးရင်းသီးအနှစ်တွေ ကိုအလယ်မှာ အချောင်းလေးရအောင်ထည့်ပါ.. သီဟိုစေ့၊ almond၊ နေကြာစေ့ ကြိုက်တာထည့်ပါ..
ကူးကတော့ အဆင်သင့် နေကြာစေ့အစိမ်းလေးတွေသာရှိလို့ အဲဒါဘဲထည့်ပါတယ်။..
ပြီးရင်တော့ ဂျုံမုန့်သားအပြားကို ပိတ်လိုက်ပါ... ဖုတ်လို့ရပါပီ...
၂၈၀ ဒီဂရီနဲ့ မိနစ် ၃၀ ဖုတ်ပါမယ်..
ပီးရင်ခဏဆွဲထုတ်ပါ... ထောပတ်ဆီ လိုက်သုတ်ပါ..ပီးရင်ထပ်ဖုတ်ပါ...
ရွရွ..ကြွကြွလေးနဲ့ ဒူးရင်းသီး မုန့်လေးပါ...
အပြင်ထုတ်ပီး နဲနဲလေးလက်နဲ့ကိုင်လို့ ရတာနဲ့ ဓားပါးလေးထက်ထက် နဲ့ လှီးပါ..း)




Thursday, October 15, 2009

ကြက်အသည်းမြစ် အစပ်ကြော်

ကြက်အသည်းအမြစ်ကြိုက်ကြလား။ ကူးတော့ ကြိုက်တယ်။ အိမ်မှာ ကြက်ကောင်လိုက်ချက်ရင် အသည်း၊ အမြစ် နဲ့ ဦးနှောက်ကိုဘဲရွေးစားတယ်။ ကျန်တဲ့အပိုင်းတွေတော့သိပ်မကြိုက်ဘူး။ ကြက်အသည်းမြစ်ကလဲ သီးသန့် သတ်သတ်ရောင်းတာတွေ့နေပေမယ့် မချက်တတ်ရင်ညှီမှာ သိနေတော့ တစ်ခါမှမ၀ယ်ဖြစ်ခဲ့ဘူး။
အခုတစ်လောတော့ သမရိုးကျစားနေတာလေးတွေထက် ခံတွင်းတွေ့တာလေးရှာချက်စားဖို့ ကီလိုဝက် ၀ယ်လာခဲ့ပါတယ်။
အမြစ်ကိုတော့ ဆားနဲ့သေချာနယ်ပီးရေထပ်ဆေးပါတယ်။ နောက်ဆုံးတစ်ရေမှာတော့ အသည်းတွေပါ ထည့်ပီး ဖွဖွလေးရေဆေးလိုက်ပါတယ်။
အိုးထဲထည့်ပီး ရေသင့်တော်ရုံထည့်၊ နနွင်းနဲနဲ၊ ဆားနဲနဲ နဲ့ ဂျင်းကိုထုချေပီး ထည့်ပြုပ်လိုက်ပါ။
ရေခန်းခါနီးမှာဆိုရင်တော့ အသည်းမြစ်တွေလဲကျက်သွားပါပီ။
ခဏအအေးခံထားတဲ့အချိန်မှာ...
ကြက်သွန်နီကို ခပ်ထူထူ လေးထောင့်လေးတွေရအောင်လှီးပါ။
ငရုတ်သီးစိမ်း အနီတောင့်တွေကို ညက်နေအောင်ထောင်း ပဲငံပြာရည် နဲနဲထည့်ပီး ခွက်ထဲထည့်ထားပါ။
နံနံပင်လေးတွေကို တောက်တောက်စင်းထားပါ။
သခွားသီး (သို့) ဇူခီနီ (သို့) ဂေါ်ရခါးသီး ရရာတစ်မျိုးမျိုးကို အချောင်းရှည်လေးတွေနဲနဲလှီးထားပါ။
ကဲ..အဆင်သင့်ဖြစ်ပီဆိုရင်တော့...
အသည်းအမြစ်ကို အနေတော်လှီးထားပါ..အသည်းတွေကိုတော့ ဒီတိုင်းဘဲထားလိုက်ပါတယ်။
ဆီပူလာရင်တော့အသည်းအမြစ်တွေကို နီညိုရောင်သန်းလာအောင်ကြော်ပေးပါ။
အပေါ်ယံလေးတွေကြွပ်လာပီဆိုရင် ကြက်သွန်နီလှီးထားတာကိုထည့်မယ်။
ငရုတ်သီးစိမ်းညက်ညက်ထောင်းထားတာကိုပဲငံပြာရည်နဲ့စိမ်ထားတာလေးထည့်မယ်..
နှံ့အောင်မွှေပီး နံနံပင်တောက်တောက်စင်းထားတာကိုပါ တဆက်တည်းဆက်မွှေပါ။
မဆလာ ထည့်ပါ..
ပီးရင်တော့ ဇူခီနီ အချောင်းရှည်လှီးထားတာကို နောက်ဆုံးမှထည့်မွှေပီးမီးပိတ်လိုက်ပါ..အဖုံးအုပ်ထားပါ..
အေးလောက်တဲ့အခါမှ အိုးထဲကနေထုတ်၊ ပုကန်းထဲထည့်ပီး သုံးဆောင်လို့ရပါပီ။
စပ်စပ် မွှေးမွှေးလေးနဲ့ အသည်းအမြစ်ကြော်ပါ..
အချဉ်ရေလေးနဲ့ဘဲဖြစ်ဖြစ်..ပဲနီလေးဟင်းချိုနဲ့ဖြစ်ဖြစ် အရမ်းကိုလိုက်ဖက်လှပါတယ်..

ပုံကြီးချဲ့ကြည့်လျှင်ပိုပီး yummy tasty...... immmm






Monday, October 12, 2009

ပဲဖြူသင်္ဘောသီးစိမ်းဟင်းရည်

Kidney beans လိုမျိုးအဖြူလေးတွေလဲရှိသေးတယ်။ အဲဒီပဲဖြူလေးတွေ အရသာစိမ့်နေအောင်ကောင်း လှပါတယ်။ ပဲညိုလေးတွေက ပြုပ်ပီးစားကြည့်ရင်အရသာနဲနဲလေးခါးသက်သက်ရှိပေမယ့် ပဲဖြူ တွေကတော့ ခါးသက်တဲ့အရသာမရှိပါဘူး။ ပဲကတီပါအလွမ်းပြေစားမယ်ဆိုရင်တော့ kidney beans လေးတွေ ပြုပ်သုပ် စားလို့ရပါတယ်။  ပဲဖြူလေးတွေကတော့ ပဲထောပတ်နဲ့အရသာခပ်ဆင်ဆင်ပါ။
ပြုပ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်တော့ အသင့်စားလို့ရတဲ့ ဗူးထဲမှာထည့်ပီး ရောင်းတာ supemarket တွေမှာဝယ်လို့ရပါတယ်။ ကျွန်မကတော့ တစ်ညလောက်ရေစိမ်ထားပီး ကိုယ်တိုင်ပြုပ်ပါတယ်။ အကုန်တော့ မစားနိုင်ဘူးလေ။ ရေခဲသေတ္တာထဲထည့်ထား၊ ချက်စားချင်တဲ့အချိန်ဆို ပြုပ်ထားပီးသားကိုထုတ်ချက်လိုက်ရင် ဟင်းတစ်ခွက်ရတာပေါ့။ ပဲဖြူလေးတွေကိုအမျိုးမျိုးချက်စားဖြစ်ပေမယ့် ဒီနေ့ညနေတော့ ပဲဖြူနဲ့သင်္ဘောသီးစိမ်း ဟင်းရည်လေးတစ်ခွက်ချက်နည်းပြောပြပါ့မယ်။
လိုအပ်တဲ့အရာတွေကတော့
ပဲဖြူပြုပ် (ထမင်းစားဇွန်း ၄ ဇွန်းခန့်)
သင်္ဘောသီးစိမ်း ( အနေတော်တစ်လုံးကို ခြစ်ထားပီး)
ကြက်သွန်နီ တောက်တောက်စင်း
ပဲငံပြာရည်အနည်းငယ်
ခရမ်းချဉ် သီး (အခွံနွှာ ကန့်လန့်လှီးထားပါ)
ငရုတ်ကောင်းမှုန့် (အနည်းငယ်)
ဆား (အနည်းငယ်)
ကြက်သား cube (အတုံးလေးရဲ့ လေးပုံတစ်ပုံ)


ပထမဦးစွာပြုပ်ထားတာကို ဟင်းရည်ချက်မယ့်အိုးထဲကိုထည့်ပီး ဇွန်းလေးနဲ့အနေတော်ဖိချေပေးပါ။
ခရမ်းချဉ်သီးလေးတွေအခွံနွှာပါးပါးလှီးထားတာကို ပါအိုးထဲထည့်ပါ။ မီးပြင်းပြင်းနဲ့ အနှစ်တွေထွက်လာတဲ့ အထိခဏတည်ပေးပါ။
အိုးကပ်လောက်တဲ့အချိန်မှာမွှေပီး ရေနွေးပွက်ပွက်ဆူနေတာကိုထည့်ပါ။
ကြက်သွန်နီတောက်တောက်စင်းထားတာကိုထည့်ပါ။
ကြက်သား cube အတုံးလေးနဲနဲကို ဖဲ့ထည့်ပါ။
ပီးရင် အားလုံးပွက်ပွက်ဆူလာတဲ့အထိခဏစောင့်ပါ။ ဆူလာရင်တော့
သဘောသီးစိမ်းလေးတွေခြစ်ထားတာကိုထည့်ပါ၊ ပဲငံပြာရည်နဲနဲခပ်ပါ။ ငရုတ်ကောင်းမှုန့်နဲနဲဖြူးပီး
မီးအေးအေးလေးနဲ့ ကျက်အောင်တည်ပါ...
ပီးရင်တော့ အပေါ့ငံမြည်းပီး... သုံးဆောင်လို့ရပါပီ။

ဒီမှာတော့ သင်္ဘောသီးစိမ်းကို ပန်းပွင့်လိုပုံစံလေးတွေလှီးပီး အစိမ်းကြော်ထဲထည့်ကြော်တတ်ကြသလို၊ ဟင်းတွေထဲမှာလဲထည့်ချက်ကြပါတယ်။ ကျွန်မတော့အရင်တုန်းကများ သင်္ဘောသီးစိမ်း သုပ်စား၊ ထောင်းစားလောက်သာစိတ်ဝင်စားတာခဲ့တာပါ။
ဒီနေ့ချက်တဲ့ ပဲဖြူလေးတွေနဲ့သင်္ဘောသီးစိမ်း ဟင်းရည်လေး ကတော့ ပျစ်ပျစ်လေးနဲ့ ညနေစာ အတွက် သင့်တော်တဲ့ ဟင်းရည်လေးဖြစ်ပါတယ်။ အရသာလဲ လေးလေးပင်ပင်နဲ့ စိမ့်ပီးချိုနေပါတယ်။ ခရမ်းချဉ်သီးရဲ့အချဉ်ဓာတ်လေးနဲနဲလဲ ကဲပါနေပါသေးတယ်။ ကဲ.. စိတ်ဝင်စားရင် လုပ်ကြည့်လို့ရပါပီ။း) ဗူးသီး၊ ဂေါ်ရခါးသီး ချိုတယ်ဆိုတာလောက်တော့ သင်္ဘောသီးအစိမ်း က ပျင်းသေးတယ်တဲ့..  :p

Wednesday, October 7, 2009

ပီလောပီနံဥ ပူတင်း

ဆောင်းဦးအ၀င်မှာ မနက်ဆိုမြူတွေနဲ့မှုံရီမှိုင်းပီး ညနေ ၅ နာရီဆိုရင်မိုးချုပ်စပြုနေပီလေ။ ညတာရှည်တာလည်းကောင်း တာပါဘဲ။ အလုပ်တွေအရင်ထက် (၃) ဆလောက်ပိုများလာတာမို့ ဟင်းတစ်မယ်မယ် စီစဉ်မယ်လုပ်တိုင်း စိတ်ကူးနဲ့သာချက်ပီးသွားတယ်။ အကောင်ထည်မဖော်ဖြစ်ပါဘူး။ ဆောင်းရာသီဝင်ခါစဆိုတော့ ဈေးသွားလည်း ဟင်းသီးဟင်းရွက်တွေအရမ်းနည်းသွားပါတယ်။ ဗူးသီး (သေးသေးနဲ့ ရင့်လိုက်သေး)၊ ဂေါ်ရခါးသီး၊ ကန်ဇွန်းရွက် (import)၊ ပန်းဂေါ်ဖီ ညှိုးနွမ်း၊ ခရမ်းချဉ်သီး အ၀ါရောင်တွေနဲ့ စိတ်ညစ်ရပါတယ်။ supermarket မှာတင်ထား တဲ့အသီးနှံတွေကအစ သိပ်မလတ်ဆတ်တော့ပေမယ့်စားချင်တော့လဲ ရှိတာလေးနဲ့ဘဲ ချက်စားရတာဘဲ။ ကျွန်မကလဲ ဟင်းသီးဟင်းရွက်နဲ့ ပဲကိုသာအဓိကစားတဲ့သူဆိုတော့ နဲနဲတော့ အခက်ခဲရှိတာပေါ့လေ။ ချဉ်ပေါင် ပင်နဲ့ ငရုတ်ပင်လေးတွေ အနောက်က ပန်းခြံလေးထဲစိုက်ထားပါတယ်၊ ခေါင်းမိုးတွေ လဲတော့ ရေသလောက် မရှိ ဖြစ်နေတဲ့အချိန် မိုးက ရုတ်တရက် အသည်းသန်ရွာချတော့ ရေတွေအိုင်ပီး အပင်တွေလဲ အမြစ်ပေါလော လေးနဲ့ ဆန့်ဆန့်ကြီးကို သေပါလေရော။ ဘယ့်သူ့ပုံ အပြစ်ပြောရမှန်းမသိတော့ဘူး။လတ်လတ်ဆတ်ဆတ် ဆိုတဲ့အသုံးနှုန်းက အိမ်ရှင်မတိုင်း၊ ဟင်းချက်တဲ့ အမျိုးသမီးတိုင်း ခံတွင်းတွေ့တဲ့ စကားလုံးပါ။ ဒီတော့ သူများ motor pool အနောက်က အပင်ပေါင်းစုံ အလေ့ကျပေါက်နေတဲ့ နေရာသွားပီး ကလောပီနံပင်တွေ သွားဆွဲနှုတ်လာခဲ့ပါတယ်။  :O
ချစ်သူကပြောဖူးတယ်။ ကလောပီနံကိတ် ကြိုက်တယ်တဲ့။ သူဘယ်မှာစားဖူးလဲတော့ ကျွန်မလဲမသိဘူး။ ကျွန်မကတော့ တစ်ခါမှမစားဘူး။ ကလောပီနံပင်အမြစ်တွေချိုးလိုက်တော့ ကလောပီနံဥ ရတာပေါ့။ လွယ်တယ်နော်။ အဲလိုလတ်လတ်ဆတ်ဆတ်လေးမှ ချိုတာ။
ကလောဥတွေကို မြေကြီးတွေစင်သွားအောင်ရေသေချာဆေး၊ ဓါးပါးလေးနဲ့ အခွံကိုပိုးတီလှီးသလိုလှီး။ အစွန်းကနေစပီး ဆွဲခွာလိုက်တော့ အခွံတွေ ကြောင်အိမ်လှေကားလို လွယ်လွယ်ကူကူ ခွာထွက်လာပါတယ်။
လုပ်ရိုးလုပ်နည်းကတော့ ကလောဥအစိမ်းကို အမျှင်သေးသေးရအောင်ခြစ်ပီး ဖုတ်ကြတာပါ။ ကူးကူး ကတော့ နဲနဲစတန့်ထွင်ပီးအရင်ပြုပ်လိုက်ပါတယ်။ ကိတ် လိုပွပွလေးထက် ပူတင်းလိုလေးစားကြည့်ချင်လို့ပါ။
ြုပုပ်လို့ နူးမှ အလယ်ရိုးကိုဆွဲထုတ်၊ အသားဖတ်တွေကို ဇွန်းနဲ့ခြေပီး၊ ဘလန်ဒါနဲ့ ထပ်ကြိတ်လိုက်ပါသေးတယ်။ ပီးရင်တော့ စကာနဲ့စစ်ချရပါတယ်။အထဲမှာ အရိုး မျှင်လေးတွေရှိလို့ပါ။
စစ်ပီးကျလာတဲ့အနှစ်တွေထဲကို ဂျုံမှုန့် ၁ခွက်၊ နွားနို့ (၁)ခွက်၊ သကြား စတီးဇွန်း ၃ ဇွန်း နဲ့ အုန်းနို့ ရယ်ဒီမိတ်ဗူး တစ်ဝက်ထည့်ပီး မွှေရပါတယ်။ ပွပွလေးကြိုက်ရင်တော့ ဆော်ဒါထည့်လို့ရပါတယ်။
ကူးကူးတော့ ဆော်ဒါမထည့်ပါဘူး၊ အားလုံးမွှေပီးရင်တော့ ၁၉၀ ဒီဂရီနဲ့ နာရီဝက်ဖုတ်ရပါတယ်။ ဂျုံ သာ ကျက်ဖို့ လိုတော့တာပါ။ ကလောဥက ပြုပ်ထားပီးသားမို့။ ပီးရင်တော့ ထုတ်ပီး အပေါ်ကအုန်းနို့တစ်ထပ် ထပ်လောင်းပါ။ ပီးရင် အချိုကဲဖို့အတွက် နို့ဆီ ကိုအပေါ်ကလိုက်ဖျန်းပါ။
နောက် ၁၅ မိနစ်ထပ်ထားပြီးရင်တော့ ကလောဥအရသာ နှစ်နှစ်ကာကာခံစားလို့ရတဲ့ ကလောဥကိတ်လေး ရပါပီ။    :D
ကလောဥပူတင်းမှာ အဓိက အရသာထိမ်းတာ နို့ဆီပါ။

ဒါပေမယ့် ဒီတိုင်း ပြုပ် ဆီဆား လေးနဲ့စားလဲ ကောင်းတာဘဲလေ။ ကလောဥပြုပ် ဖွာဖွာလေးတွေကြိုက်တဲ့သူရှိသလို စီးစီးလေးနဲ့ အချောင်းလိုက် ကျစ်နေတာလေးတော့ ကူးကူးအကြိုက်။

ဒီတစ်ခါတော့ မတူးပါဘူး။ အနေတော်ပါဘဲ.. မဟုတ်ရင် စန္ဒကူး ကို စန္ဒတူး လို့ ပြောင်းခေါ်မယ် တစ်ကဲကဲ လုပ်နေတဲ့သူရှိလို့ပါ။... :P

ကလောပီနံဥ (သို့) ပီလောပီနံ   ပုံကြည့်ချင်တဲ့ဆောင်း...  ဒီလင့်မှာသွားကြည့်နိုင်ပါတယ်နော်။

 
Powered by Blogger