Skip to main content

အဖွားတို့ရွာ ၂၀၁၁

၂၀၁၁ဒီဇင်ဘာမှာတော့ခရစ္စမတ်ပြီးတာနဲ့အဖွားတို့ရွာကိုသွားလည်ဖြစ်တယ်။မရောက်ဖြစ်တာလဲ ဆယ်စုနှစ်နီးပါးရှိခဲ့ပြီလေ။  မောင်လေးကသူ့ရုံးကကားလေးယူသွားမယ်ဆိုတော့မာမီတို့ကလဲ ရွာသွားမယ့်ပစ္စည်းအစုံအလင်အကုန်ကားပေါ်တင်တာပေါ့။ရွာမှာအိပ်မယ့်စောင်တွေ၊အိပ်ရာ ခင်းတွ၊လက်ဆောင်ပေးမယ့်ပိစိကွစိတွေအစုံဘဲ.  ရေနွေးအိပ်လဲပါတယ်၊ခါးနာတတ်တဲ့ကျွန်မ အတွက်အမြဲဆောင်ထားရတယ်။ မြောင်းမြကိုဝင်ပြီးငရုတ်သီးခြောက်၊နဲ့ဆန်အိတ်တစ်အိတ် ၀င်ဝယ်ပြီးထပ်တင်သွားသေးတယ်။  ကားလမ်းကြမ်းတာကလွဲလို့ ပျော်ဖို့ကောင်းပါတယ်။ရန်ကုန်ပုသိမ်လမ်းတစ်လျှောက်တော့ လမ်းမဆိုးလှပေမယ့်အိမ်မဲကနေလမ်းခွဲ မြောင်းမြလမ်းကတော့ ပြောမပြတတ်အောင်ကြမ်း
တမ်းတယ်။ကျာက်တုံး အကြီးကြီးတွေနဲ့ မြေနီလမ်းကြမ်းမှာဖုန်တစ်ထောင်းထောင်းနဲ့..
တံတားရှိတဲ့နေရာနားတစ်ဝိုက်မှာတော့ ကတ္တရာလမ်းရှိပေမယ့် တံတားကျော်သွားပြီး ကိုက် ၁၀၀ လောက်ဆို လမ်းကြမ်းပေါ်ပြန်ရောက်တယ်...
မြောင်းမြကနေ လပွတ်တာသွားတဲ့လမ်းကတော့မဆိုးလှဘူး။  ကျွန်မတို့သွားတဲ့ ရွာက လမ်းတစ်ဝက်မှာ.. သိလ္လာဆိုတဲ့ရွာလေးပေါ့။ တောင်ပေါ်စု ထိသွားမယ့်ရန်ကုန်က အတူလိုက်လာတဲ့မာမီ့ သူငယ်ချင်းအန်တီနဲ့သူ့အမျိုးသားကိုသွားချပေးခဲ့တယ်။ အဲဒီမှာပထမဆုံးဖြတ်ဖူးတဲ့ဂျုံးဂျုံးကျ ချောင်းဆိုတဲ့သရဲချောက်တာနာမည်ကြီးတဲ့
နေရာကိုရောက်သွားတယ်။  နေ့ခင်းဆိုတော့သရဲမလေး ကို မတွေ့ခဲ့ပါဘူး။း)...
တောင်ပေါ်စုမှာနေတဲ့ ဦးလေးအကြီးဆုံး ကို ကျွန်မတို့ရောက်တဲ့အကြောင်း သတင်းသွားပေးတော့ သူက ဘဲလိုက်ဖမ်းနေတယ်တဲ့..ဘဲက ဖမ်းမမိတာနဲ့ ကျွန်မတို့ကားနဲ့ပြန်မလိုက်လာဘူး။ နောက်နေ့မှာ ဘဲတစ်ကောင်စက်ဘီးပေါ်တင်ပြီး အဖွားအိမ်ရောက်လာတယ်။ ဘဲကစားဖို့ပေးတာ မာမီက သနားတယ်မွေးမယ်ဆိုပြီး ရန်ကုန်ထိပြန်သယ်လာပါတယ်။ တစ်ရက်နေပြီးနောက်နေ့ ခြံနောက်ပေါက်ကထွက် ဘယ်ရောက်သွားမှန်းမသိဘူး။
မြောင်းမြ နဲ့ တောင်ပေါ်စု ကြားလမ်းတစ်ဝက်မှာ သိလ္လာဆိုတဲ့ရွာလေးရှိပါတယ်။ သိလ္လာသူတွေချောတာ နာမည်ကြီးတယ်ပြောတယ်။ စိမ့်စမ်းရေထွက်တဲ့နေရာကို ရေတွင်းလုပ်ထားပြီး..တစ်ရွာလုံးမှ ရေတွင်း ၁၀ တွင်းပြည့်မယ်မထင်ဘူး။ ဘုံရေချိုးတဲ့နေရာပေါ့..ရေကအေးမြနေတာဘဲ။  သိလ္လာရေချိုးရင်အသားလှတယ်လို့ပြောတယ်။  တစ်ကယ်လည်းသိလ္လာသူစစ်စစ်လးတွေ အသားရေအရမ်းလှပြီး ကြည်လင်နေတယ်။  (အခြားရွာက၀င်လာတဲ့ သူတွေမပါ)
မာမီ့ဆို အခုထိအသားရေလှတုံးဘဲ။ အခုချိန်ထိ အများက သမီးတွေအမေကိုမမှီဘူး ပြောတယ်။  ဘယ်မှီမလဲလေ..အဖိုးက တရုတ်ကိုး.. အဖွားက သိလ္လာသူစစ်စစ် ကရင်..  ကျွန်မတို့မောင်နှမကတော့ အမေ့လောက်အသား မဖြူဘူး၊
ရွာရောက်တော့ တစ်မျိုးတစ်ဆွေလုံးထွက်ကြိုနေကြတာပေါ့..  တောင်ပေါ်စု သိလ္လာ လမ်းခွဲထိသွားထွက်ကြိုတဲ့သူတွေနဲ့လဲလွဲ...
တစ်ဝက်ကတော့ ရွာဦးပိုင်းကကြိုတော့ မတွေ့တာကြာတဲ့ မောင်နှမ၀မ်းကွဲလေးတွေ အပျို လူပျိုတွေအရွယ်ရောက်လို့...  ၁၀ တန်း ၃ ခါကျ၊ ၂ ခါကျ...  ၈ တန်း.. အစုံ ပါဘဲ။  ပစ္စည်းတွေဝိုင်းသည်ပြီး အဖွားအိမ်ရှိတဲ့တောင်အောက်က ချိုင့်ထဲကိုဆင်းရ တယ်။ ကားက တော့ တောင်ပေါ်က ဘုရားကျောင်းဝင်းထဲမှာထားခဲ့တယ်။
ရောက်တော့ ၀ိုင်းအုံပျော်နေကြတာ.. အဒေါ်တွေကလဲပျော်တယ်.. ငယ်ငယ်က ကျွန်မတို့ကိုထိမ်းခဲ့တဲ့အဒေါ်က ကျွန်မနဲ့မောင်လေးကို ထွားကြိုင်းလွန်းလို့ လာဖက်ပြီး ပြောလို့မဆုံးတော့ဘူး။ ညီမလေးကတော့ ဒီနှစ်အိမ်ပြန်မလာဘူး။ အဖွားကလဲ ပျော်လို့။ ညနေစာအတွက် နာနတ်ဖူးပါးပါးလှီးပြီးပြုပ်၊ ပဲပင်ပေါက်နဲ့ တပင်ရွှေထီးရွက်ပြုပ်ထားတာ တို့စရာအဖြစ်နဲ့ အိမ်က မာမီချက် လာတဲ့ဟင်းတွေနဲ့ အားရပါးရစားကြတယ်။
 နံနက်စောစော ခေါင်းရွက်ဗျပ်ထိုးဈေးသည်ဆီမှာ ဟင်းသီးဟင်းရွက်ဝယ်နေတဲ့မာမီ
ရွာက ခွေး... အန်တီလေးမွေးထားတာ တဲ့... 
ပါးပါးက အစာတစ်ခုသွားကျွေးတော့  အကိုကြီး အဲဒါမကျွေးနဲ့ သူတို့ စားလို့မရဘူး သေသွားရင် ခွေးသချိုင်းမှာသွားမြုပ်ပီး ငိုရလွန်းလို့ မျက်ရည်တောင်မကျန် တော့ဘူးဆိုဘဲ။  ကျွန်မလဲ သဘောကျလို့ ထိုင်ရီနေမိတယ်။
မုန့်ဟင်းခါးလုပ်စားကြမယ်လို့ အဒေါ်တစ်ယောက်က ၀င်ပြောတယ်..ဒါနဲ့ဘဲဟင်းရည် ချက်ဖို့ ငါးသည်ကိုစောင့်ရတယ်.. အဲဒီနေ့က ငါးသည်က မရောက်လာဘူး။ ဒါနဲ့ ဘုရား ကျောင်းကဆရာလာလည်တာနဲ့ သူ့ မော်တော်ဆိုင်ကယ်နဲ့ အခြားရွာဘက်ထိ သွားပြီး ငါးသွားဝယ်ပေးပါတယ်။  ငါးရံ့လေးတွေပါ။ မွေးငါးတွေမဟုတ်လို့ အရမ်း ချို တာအမှန်ဘဲ။အင်တုံထဲမှာ ဖျတ်ဖျတ်ခုန်နေတဲ့ငါးတွေ ဘယ်သူများသတ်မလဲ လို့ စောင့်ကြည့်နေတာ.. ဦးလေးအလတ်လား..အငယ်လား.. အဒေါ်လား၊ ၀မ်းကွဲမောင် လေးတွေများလားလို့.. နောက်နေ့တော့ မာမီကပြောတယ်..ဆားရေနဲ့ စိမ်ထားလိုက်တာသေရောတဲ့..း))
မီးဖိုသုံးအတွက်ထင်းတွေခွဲခြမ်းထားတာပါ။
နောက်နေ့မှာတော့ ရွာထဲကတောလမ်းအတိုင်းထွက်ပြီး လပွတ်တာ လမ်းမဘက်ကို ရွာထဲမှာလိုင်းမမိတော့တဲ့မောင်လေးဖုန်းကြောင့် ကမ်းရိုးတန်းဖုန်းသုံးပြီးဖုန်းဆက်ဖို့နဲ့ အဲဒီအခြမ်းမှာ နေတဲ့အဒေါ်နဲ့ဦးလေးဆီ လည်ဖို့ထွက်လာခဲ့ပါတယ်။ 
ရေကျနေတဲ့ ငယ်ငယ်ကရေကူးခဲ့တဲ့ချောင်း..


ငယ်ငယ်က ဒီတံတားပေါ်ကနေ ရေတက်ရင်ခုန်ချကြတာ..
တောင်ပေါ်တက်တောလမ်းဖြတ်တော့..သွားလာသူများလွန်းတဲ့လမ်းလေးကအခုတော့ သဲဖြုလမ်းလေးဖြစ်လို့.. လမ်းသွားရင် အဒေါ်လေးက သရဲအကြောင်းပြောပြသေး တယ်။
သွားနေရင်းလမ်းမှာဈေးသည်တစ်ယောက်တွေ့တယ်..  ရွာကလူတွေချစ်ဖို့ကောင်းတာ သိသိမသိသိ နှုတ်ဆက်.. စကားပြောကြတာကိုဘဲ...
ဈေးသည်က လှမ်းနှုတ်ဆက်ပြီးဆက်ထွက်သွားတယ်.. မောင်လေးက ဘာသည်လဲ ဘာပါလဲစပ်စုပါတယ်.. သူက ငါးလေးနဲနဲပါတယ် ဆိုတော့ မောင်လေးက ကြည့်ချင် တယ်။ ငါးပြေမလေးတွေတွေ့တော့ လယ်ငါးဆိုတော့ ဇောင်းလျားသီးနဲ့ ချက်ရင် ကျောက်ကပ်အတွက်ကောင်းတယ်ဆိုပြီး ကျွန်မအတွက်မာမီက၀ယ်ပါတယ်။  သူ့ချိန်ခွင်အလေးက မိုက်တယ်..း)
ငါးဝယ်ပြီး ဈေးသည်ကို ရွာအနောက်ပိုင်းအ၀င်က အိမ်မှာဝင်ချထားပေးခဲ့လို့ပြော လိုက်ရုံဘဲ..  အရမ်းကိုအဆင်ပြေတဲ့တောဓလေ့မှာ ကျွန်မစိတ်ချမ်းသာခဲ့တာ အမှန် ဘဲ။
ပြန်ရောက်တော့ အဖွားက အမေ့ကို နင့်ငါးတွေက မြင်တောင်မမြင်ရဘူး။ အဲလောက် သေးတာဝယ်ရလားလို့ ပြောပါတယ်။ 















လမ်းမကြီးတစ်ဖက်ခြမ်းမှာနေတဲ့ဦးလေးတို့ စိုက်ထားတဲ့ကွမ်းခြံကိုသွားကြည့်တယ်။  ကွမ်းစိုက်တဲ့သူတွေဒီနှစ်အဆင်ပြေတယ်ပြောတယ်.. ကွမ်းတစ်ညွန့်ကို ၇၀ ကျပ် နဲ့ ရောင်းရတယ်တဲ့။ ဆေးဖော်တဲ့သူတွေဝယ်တယ်ပြောတယ်။  မြတ်သလို ပင်လဲ ပင်ပန်းပါတယ်။ ဒါပေမယ့် ဒီဖက်ရွာကသူတွေစီးပွားကကွမ်း၊ နာနတ်၊ သီဟိုနဲ့ မီးသွေး။
ရာဘာလဲအလုပ်ဖြစ်တယ်ပြောတယ်။ ဒါပေမယ့်ရာဘာခြစ်သူတစ်ဝက်၊ ကိုယ်က တစ်ဝက် ဆိုတော့ ကိုယ်တိုင်ခြစ်နိုင်တဲ့သူက ပိုကိုက်တာပေါ့နော်။  

ကွမ်းစိုက်ခင်း

ဒါကတော့ ဦးလေးတွေဆောက်ထားတဲ့မီးသွေးဖိုပါ။ လိပ်ပုံစံဖိုလို့ခေါ်တယ်ဆိုလား.. အထဲမှာတော်တော်နက်ပါတယ်။
 
 
အပြန်လမ်းမှာတော့ အဒေါ်လေးက တပင်ရွှေထီးရွက်နဲနဲနဲ့ စပါးလင်နဲနဲတောထဲက ချိုးလာခဲ့ပါတယ်။ ဒီဘက်အခြမ်းက တောင်ပေါ်တက်ပြီး ကြိမ်ခါးဖူး သွားခုတ်အုံး မယ်ပြောတယ်။
ဒါကတော့ ကျွန်မတစ်ခေါက်ရေးဖူးတဲ ကလောက်ကလောက် ဆိုတဲ့အကောင်ပါ။ သူများ ငါးမျှားရင်သုံးတယ်ပြောတယ်။  ခုံဆွခုံဆွနဲ့အကောင်လေးတွေပါ။ အပျင်းပြေလိုက်ဖမ်းတယ်။ 
ကလောက်ကလောက်
 
ငါးလိုက်နှိုက်နေတဲ့မောင်လေး
ရေမှော်ပင်လိုက်ရှာနေတဲ့မာမီ
ပြန်ရောက်တော့ ပလိုင်းထဲမှာ တို့စရာတွေစုံနေပါပြီ။ ကြိမ်ခါးဖူး၊ တပင်ေ၇ွှထီး၊ နာနတ် ဖူးနဲ့ နောက်တစ်မျိုးကနာမည်မေ့သွားပြီ။
မုန့်ဟင်းခါးလုပ်စားမယ်ဆိုတော့ မုန့်ဖတ်ဘယ်ကရမလဲစဉ်းစားနေတာ၊ နေ့လည်ပိုင်း မှာဆန်၎ ပြည်ရွာထဲကိုသွားပို့တယ်။ ပြန်လာတော့ဆန်မုန့်ပြားတွေအဖြစ် ပြန် ရောက်လာတယ်။ အဲဒါကို ညပိုင်းမှာ ထိုင်ညှပ်ကြတယ်။ အရမ်းလတ်ဆတ်ပြီး ပိုစားကောင်းတယ်။
မုန့်ဖတ်လုပ်ဖို့ အဖွားအိမ်က ဆန်ပေးပြီး လုပ်ခိုင်းတယ်။ မုန့်ဖတ်တွေရလာရင် ဦးလေး အဒေါ်တွေအိမ်ကို ခွဲပေးလိုက်တယ်။ ဟင်းရည်ကတော့ ကိုယ့်အိမ်အတွက်ကိုယ်ချက်။ လူများတော့အိုးကြီးကြီးနဲ့တစ်ကူးတစ်ကချက်မနေတော့ဘူး။ အဲဒီနည်းလဲအဆင်ပြေ တာပါဘဲ။ အဖွားအိမ်မှာ အဒေါ်အငယ်ဆုံးတစ်ယောက်၊ ဦးလေးလူပျိုကြီးတစ်ယောက် အတူနေကြတယ်။ အဒေါ်ငယ်ချက်တဲ့မုန့်ဟင်းရည်တော်တော်စားလို့ကောင်းတယ်။ ငါးရံ့ကလဲချို...စပါးလင်နံ့မွှေးမွှေးနဲ့ မုန့်ဖတ်လတ်လတ်ဆတ်ဆတ်ရယ်..  အရသာ ရှိမှရှိပါ။
နောက်နေ့မှာတော့ လမ်းမကြီးဘေးနေတဲ့ ဦးလေး နဲ့အဒေါ်ကထမင်းဖိတ်ကျွေးတယ်။
သူတို့အိမ်ရောက်တော့ တောကြက်ဖကို သေချာခုတ်ထစ်ပြီး ချက်ဖို့အဆင်သင့်နယ်နှပ် ထားတာတွေ့တယ်။  ကျွန်မကြက်သားစားတယ်၊ အပိုင်းစနဲနဲပါ။ ချက်ပြီးတော့ မစား တတ်ဘူး။ ဒါပေမယ့် တောကြက်ဆိုရင်တော့ စားတယ်။  အသားက ကျစ်ပြီး စပ်စပ် လေးနဲ့ အဒေါ်ချက်တဲ့ကြက်သားကိုတော့ ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူး။
ကားလမ်းမကြီးဘေးက ဦးလေးတို့ခြံ... အရှေ့မှာတိုင်လေးတွေထောင်ထားတာ သူ့သားကြီးအတွက် စက်ဘီးပြင်ဆိုင်လေးဖွင့်ပေးမလို့ဆိုဘဲ။
ဒီဘက်တစ်ခြမ်းကတော့ အဒေါ်အလတ်အိမ်လေးပါ။ 
ဒါကတော့ တောင်ပေါ်စု ကိုသွားတဲ့လမ်းမ။
ဦးလေးအိမ်မှာ လူတွေပြုံပြီး တောက်တဲ့ အကကြည့်နေကြတာတဲ့။  ကျွန်မက ဘာလဲ တောက်တဲ့အကဆိုတော့ စက်ရုပ်လိုကတဲ့အခွေကို ၀ိုင်းကြည့်ပြီး သဘောကျ နေကြတာ။
 
ခွေးကလေး
အဒေါ်လတ်ချက်ထားတဲ့ ငပိချက်နဲ့ ခရမ်းကဇော့သီး
 
 ငါးပြေမဇောင်းလျားသီးချက်
စကားမစပ်.. ရွာမှာတောက်တဲ့ကြောင့်ချမ်းသာသွားတဲ့သူတွေရှိတယ်တဲ့။ တောက်တဲ့ ဈေးကောင်းတယ်ဆိုဘဲ။  တစ်ကောင်ကို သိန်း ၅၀၀ ထိပေးတယ်တဲ့။ ဟုတ်မဟုတ်တော့မသိ။
အဲဒါမြောင်းမြက စီးပွားရေးသမားတစ်ယောက်က ရွာထိလိုက်လာပြီး ဘုရားကျောင်းက တောက်တဲ့ကိုလာတောင်းဖမ်းတယ်။ ဖမ်းတာမမိဘဲ အမြီးပြတ်သွားတော့ ဆရာကစိတ်ဆိုးပြီး တော်ပြီ၊ မဖမ်းနဲ့တော့ သူ့ဘာသူနေပါစေ ဆိုပြီး ပြန်ထွက်ခိုင်းပြီး သော့ပိတ်ထားတယ်တဲ့။ နောက် ၄ လလောက်ကြာတော့ သူပြန် ရောက်လာတယ်.. တောက်တဲ့နေကောင်း၊ မကောင်းလာကြည့်ချင်လို့ပါ၊ မဖမ်းပါဘူးပြောတယ်တဲ့..ဆရာကလဲရိုးတော့ တံခါးဖွင့်ပေးတော့ ၀င်ဖမ်းသွားရောတဲ့။
သူကအဲဒီတောက်တဲ့ကိုခဲတွေကျွေးအလေးချိန်စီးအောင်လုပ်ပြီး ရောင်းတာ ဂွင်တဲ့သွား တယ်ဆိုဘဲ။  ဘုရားကျောင်းမှာ ပိုက်ဆံ ၅၀၀၀၀ လာလှူတယ်တဲ့။

Comments

  1. ကျေးလက်သဘာဝနဲ့ ပတ်သက်တဲ့ ဆောင်းပါးလေး ရေးဖို့ စိတ်ကူးနေတာ။ ကူးကူးပိုစ့်လေး ဖတ်လိုက်ရတော့ ကွက်တိပဲ ပုံတွေလေ :P
    ရေးဖြစ်ရင် လင့်ပေးထားလိုက်မယ်နော် :)

    ReplyDelete
  2. ဟုတ်...ကဲ့ပါ။ ပုံလဲ အသုံးတည့်ရင်ယူသုံးလို့ရပါတယ်ရှင်..

    ReplyDelete
  3. မြစ်ဝကျွန်းပေါ်ဘက်ကလား။တို့ က မော်ကျွန်းသူ။ငယ်ငယ်ကဆို
    သူငယ်ချင်းရွာတွေလိုက်ပြီး အိုင်ပတ် ပြီး ငါးဖမ်းတာ၊လှေလှော်တာတွေ သတိရသွားပြီ။

    ReplyDelete
  4. ရွာကိုပြန်လွမ်းသွားတယ် မပြန်ဖြစ်တာ ဆယ်နှစ်ကျော်သွားပြီ..။ ငယ်တုန်းက ကြိမ်ဖူးဟင်းစားဖူးတယ် ရှမ်းလိုချက်ပြီး ကောက်ညှင်းနဲ့စားတာ..။ ပျော်စရာလေး ပုံတွေကိုကြည့်ရတာ..။

    ReplyDelete
  5. သဘာဝဆန်လိုက်တာဗျာ
    ရွာကိုပြန်ပြောင်းချင်စိတ်ပေါက်သွားပြီ

    ReplyDelete
  6. ပျော်စရာခရီးစဉ်လေး
    စိတ်ဝင်စားစရာအပြည့်
    ဓါတ်ပုံတွေကလည်းကိုယ်တိုင်ကိုယ်ကျတောရွာလေးတစ်ရွာသွားလိုက်ရသလို
    ခံစားမှုပေးပါတယ်။
    ကျေးဇူးပါကူးရေ။
    အိုင်အိုရာ

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. လိုက်လည်ချင်းလိုက်တာ။

    ReplyDelete
  9. ကူးကူးရေ
    ပျော်စရာကြီး
    ပိုစ့်ဖတ်ပြီးလည်းပျော်တယ် ဓာတ်ပုံတွေကြည့်ပြီးလည်း ပျော်တယ်
    အဲဒီလို တောသဘာဝတွေကို အရမ်းဘဲ သဘောကျတာ။
    ကူးကူးတို့ဆီမှာလည်း ကြိမ်ဖူးရှိတယ်နော်
    တို့ဘက်မှာလည်း ရှိတယ်။ ဟင်းရည်ချက်စားတယ်
    ပြုတ်ပြီးထောင်းစားလည်း ကောင်းတယ် ခါးသက်သက်လေးရယ်
    ဓာတ်ပုံတွေကြည့်ပြီး ငယ်တုန်းက ဘဝကို သတိရလိုက်တာ..

    ReplyDelete
  10. ပျော်စရာကြီးပဲမမရယ်...:):) ဗိုက်တောင်ဆာတယ်..:D

    ReplyDelete
  11. တို့ လည်း မြစ်ဝကျွှန်းပေါ်သူပဲ ကူးကူးရေ..နယ်ဓလေ့လေးတွေက အရမ်းချစ်ဖို့  ကောင်းတယ်..ဟိုင်းကြီးကိုတောင် လွမ်းသွားပြီ..

    ReplyDelete
  12. ငပိရည်ကြည့် ပြီးသရေကျသွားတယ် မမရေ

    ReplyDelete
  13. ကူးကူးရေ

    အဖွားတို့ရွာက ပျော်စရာကြီး ဒါနဲ့ ငါးပြေမ နဲ့ ဇောင်းလျားသီး ချက်စားရင် ကျောက်ကပ် ရောဂါ က တကယ် ပျောက်တယ်ပြောကြတယ်နော်

    စေတနာ နဲ့ ရွာလေးရဲ့ ပုံရိပ်တွေ ကို ရိုက်ပြပေးတဲ့ ညီမ ကိုကျေးဇူးနော် မုံဟင်းခါး လေး လည်းစားချင်တယ် မုံဟင်းခါး က အကြည်ချက်လား

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  14. မိုက်တယ်ကွာ။ နောက် သေချာအားတော.မှ ရွာအကြောင်း၊တောအကြောင်း သေသေချာချာကို ပုံတွေကြည်.၊စာဖတ် လုပ်ဦးမယ်။ အခုတော.မအားသေးလို. အမြန် ကြည်.သွားတာတောင် စိတ်ချမ်းသာလိုက်တာ။
    “တော” ငတ်နေတာကြာပေါ.။
    အရမ်းကိုမိုက်တာဘဲ

    ReplyDelete
  15. အဖွားရွာလိုက်လည်ကြတဲ့သူတွေအကုန်ကျေးဇူးပါနော်...
    နာနတ်ဖူးကူးဒီတစ်ခါမှစားဖူးတာ..တော်တော်ချိုတယ်..ငပိနဲ့အကိုက်ဘဲ..

    ReplyDelete
  16. အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ရွာကလေးဘဲ .
    စမ်းချောင်းလေးတွေ ခွေးကလေးတွေ တောကြက်ချက်တာတွေ ငါးတွေ .
    အောင်မလေး ပျော်စရာကြီးပါလား မကူးကူးရေ ..

    သရဲမတွေ့ခဲ့တာတော့နာတယ်း)

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  17. ရွာကိုသတိရသွားပြီ ကူးရေ ပြန်ချင်လယ်

    ReplyDelete
  18. မြစ်ဝကျွန်းပေါ်က ပျော်စရာကောင်းတယ်နော်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ