Pages

Wednesday, February 24, 2010

ကျုပ်တို့ကိုဘယ်အချိန်စားမလဲ

ကဲ...  အသီးတွေစားပေးတယ်ဆိုတဲ့သဘောက အသီးတွေဝယ်တယ်၊ အခွံနွှာတယ်၊ လှီးတယ်.. ပါးစပ်ထဲ တန်းထည့်လိုက်တာပါဘဲလား။ ဒါပေမယ့်အဲလောက်မလွယ်ကူပါဘူး။ ငွေကြေးကုန်ကျခံဝယ်ယူ ထားတဲ့အသီးနှံတွေ ဘယ်လိုစားရမလဲ၊ ဘယ်အချိန်မှာ စားရမလဲ ဆိုတာသိဖို့ ပိုအရေးကြီးလှပါတယ်။
ဒါဆိုရင် အသီးနှံစားတာဘဲ..ဘယ်လိုစားမှ အကျိုးအာနိသင်ရှိမှာလဲ..???
ဘယ်လိုဘယ်ပုံ အသီးတွေစားသင့်သလဲ... 
အဓိက ပြောချင်တာကတော့ အသီးတွေစားတဲ့အခါမှာ ဗိုက်ထဲမှာ ဘာအစာမှရှိမနေစေပါနဲ့...
အစာအိမ်ဟောင်းလောင်း..ဆာလောင်နေတဲ့အချိန်မှာစားပါ..
အစားတစ်ခုခုစားပီးမှ အသီး စားဖို့ မစဉ်းစားပါနဲ့...
ဒါကြောင့် အသီးတွေကို ထမင်းစားပီးတဲ့အခါတို့ အခြားအစားသောက်စားပီးတဲ့အချိန်မှာမစားမိပါစေနဲ့။
သူငယ်ချင်းတို့လဲကြားဖူးကြမှာပါ.. ငါကွာ..ဖရဲသီးစားပီးတိုင်း လေအန်..တယ်၊ ဒူးရင်းသီးစားရင် ဗိုက်ပွတယ်၊ တစ်ချို့ကတော့ ငါဌက်ပျောသီးစားပီးတိုင်းအိမ်သာပြေးချင်တာဘဲ...စသည်ဖြင့် ပြောနေကြပါတယ်။
တစ်ကယ်တော့ အသီးတွေစားလို့ ဖြစ်လာပါတယ်ဆိုတဲ့ဆင်ခြေတွေက သူငယ်ချင်းတို့ဝမ်းဗိုက်ထဲမှာ အစာ အခံမရှိဘဲ.. အစာအိမ်ဟောင်းလောင်ဖြစ်နေတဲ့အချိန်၊ ဆာလောင်နေတဲ့အချိန်မှာ အသီးတွေစားရင် ဒီလို ပြသနာတွေကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။
ဆံပင်ဖြူလာတာတို့၊ ထိပ်ပြောင်တာတို့၊ စိတ်လှုပ်ရှားပေါက်ကွဲတာတို့၊ မျက်ကွင်းညိုတာတို့... အဲဒါတွေကို လွယ်လွယ်လေးနဲ့ကာကွယ်နိုင်ဖို့အတွက် ၀မ်းဟာတဲ့အချိန်မှာသာ အသီးတွေစားပေးပါ။
(ကျွန်မတို့ မြန်မာများဓလေ့..အစားသောက်စားပီးရင် အသီးနှံလေးနဲ့အချိုတည်းလိုက်ရမှ၊ အဆုံးသတ်မှာမှ အသီးကိုစားလေ့ရှိပါတယ်။ ဒီတစ်ခေါက်ရန်ကုန်ပြန်တော့ အချို့ စားသောက်ဆိုင်တွေမှာ အစားသောက် အကုန်ပီး ပြန်ခါနီးမှာ အသီးလိုက်ပွဲလေးတွေ အလကားချပေးနေပါပီ)
လိမ္မော်သီး၊ သံပုရာသီးလောက် အက်စစ်ဓာတ် (အချဉ်ပေါက်) တာ မရှိတော့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အသီးတွေအကုန်လုံး က လူကိုယ်ခန္တာမှာ အယ်လ်ကယ်လိုင်း (having a pH greater than 7)ဓာတ်ဖြစ်လာပါတယ်လို့ ဒီအကြောင်းကို လေ့ လာသုတေသနလုပ်တဲ့ ဒေါက်တာကပြောပါတယ်။ 
(Alkali ဆိုမှ ဒီမှာ ရေသန့်ဗူးတွေရောင်းရင် Alkali ပါတဲ့ဟာဆိုပိုဈေးကြီးတယ်၊ နှစ်ဆနီးပါကြီးတယ်။ ကျမ်းမာရေးအတွက်ရော ခန္တာကိုယ်ခံအားအတွက် အရမ်းကောင်းတာကြောင့် ကျွန်မလည်း အခုဆို alkali သောက်ရေသန့်ကိုဘဲ သောက်တော့တယ်) 
အကယ်လို့ အသီးတွေကိုဘယ်လိုဘယ်ပုံစားသုံးရမယ်၊ ဘယ်အချိန်မှာစားသင့်တယ်ဆိုတာကို နားလည် သဘောပေါက်ပီး လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ လူတွေရဲ့ အလှပဆိုင်ရာလျို့ဝှက်ချက်၊ အသက်ရှည် အနာမဲ့ကြောင်း၊ ခန္တ်ာစွမ်းအင် ကိုယ်အလေးချိန်မျှတာပီး ပျော်ရွှင်မှုအသက်တာ ကို အလိုလိုနေရင်း ရရှိလာ ပါလိမ့်မယ်။
အကယ်လို့ သင်ဟာ ဖျော်ရည်တစ်ခုခုသောက်ဖို့ ဆန္ဒရှိတယ်ဆိုရင်..  အသီးဖျော်ရည်စစ်စစ်ကိုသာသောက် ဖို့ စာရေးသူကတိုက်တွန်းထားပါတယ်။ သံဗူး၊ စက္ကူဗူး၊ ပလတ်စတစ်ဗူးစတဲ့ အဆင်သင့်သောက်သုံးနိုင်ဖို့ ရောင်းတဲ့ ဖျော်ရည်တွေမသောက်မိပါစေနဲ့တဲ့။ (ခက်တော့ခက်သား၊ အသီးစစ်ဖျော်ရည်ဆိုတာလဲ ကိုယ်တိုင် လုပ်နိုင်အုံးမှ... အရေးကြောင်းပြေးလွှားမောပန်းလို့ ဖျော်ရည်သောက်ချင်ရင် အလွယ်တစ်ကူ အဆင်သင့် ဗူးနဲ့ဝယ်သောက်လိုက်တာဘဲ၊ ဒီမှာတော့ supermarket တွေမှာ ကိုယ်လိုချင်တဲ့အသီး လက်ညှိုးထိုးတစ်ခါ တည်း စက်နဲ့ညှစ်ချပေးပါတယ်။ ရေမရောပါဘူး။ ဈေးကတော့မြင့်ပါတယ်) မြန်မာမှာတော့ ရှိပါတယ်..
ကြံရည်လေ.. စစ်/မစစ်တော့မသိဘူး..သူများပြောတာတော့ ကြံချောင်းတွေအခွံနွှာပီး သကြားရည်ထဲ ထည့်စိမ်တယ်ဆိုလား )..
ပီးတော့ အသီးဖျော်ရည်မှာတောင် အပူပေးထားတဲ့ဟာကိုမသောက်မိပါစေနဲ့တဲ့။
ချက်ထားတဲ့ အသီးတွေကိုလဲမစားပါနဲ့တဲ့... ချက်လိုက်တယ်..ကြော်လိုက်တဲ့အတွက်..အဟာရဘာမှ မရှိတော့လို့ပါ။ (ပန်းသီးကြော်လား၊ စပျစ်သီး ချက်လား၊ ကြားဖူးပေါင်)
အပူပေးချက်ပြုတ်လိုက်တာက  အသီးတွေထဲမှာပါတဲ့ အဟာရတွေအကုန်လုံးပျောက်ပျက်စေပါတယ်။
(ကျွန်မတစ်ညနေက ဆရာလင်မယား ညနေစာခေါ်ကျွေးလို့သွားစားတယ်.. haystacks လုပ်စားတယ်..
chips တွေအပေါ်မှာ ပဲညိုပြုပ်ထားတာတွေတင်၊ ခရမ်းချဉ်သီးလှီးထားတာတွေထည့်၊ ကျန်တာအကုန် အသီး တွေဘဲ..ထောပတ်သီးလဲပါတယ်.. ခရမ်းချဉ်သီးဆော့ခ်၊ မယိုးနီစ့်.. အဲဒါတွေအကုန်ရောစားတာ.. အသီးရွက် တွေလဲပါတယ်.. ပဲနဲ့ chips ကလွဲလို့ကျန်တာအားလုံးအစိမ်း၊ သူ့ဇနီးက အသီးရွက်တွေကို bleach နဲနဲထည့် ရေ ထဲမှာ ၂မိနစ်လောက်စိမ်လိုက်တယ်..အဲဒါမှ ထပ်ရေဆေးပီး အစိမ်းစားရတဲ့အကြောင်းပြောပြတယ်၊ အစိမ်းစားဖို့တော့မရဲလှဘူး..ဈေးထဲမှာဘယ်လောက်တောင်ညစ်ပတ်နေလဲ၊ ဘာရေတွေနဲ့ ထပ်ထပ်ဖျန်းနေ လဲမသိဘူးလေ၊ supermarket မှာဝယ်တဲ့အရွက်တွေတောင် သိပ်စိတ်ချရတာမဟုတ်ဘူး၊ ကျွန်မတို့အတွက် ချက်ပြုတ်တာ အဆန်းမဟုတ်ပေမယ့် အဖြူတွေကတော့ အားလုံးအစိမ်းစားရတာပိုနှစ်သက်တဲ့ပုံပါဘဲ။ ပေါင်မုန့်ကလွဲရင်ပေါ့)။
မနေ့ကချစ်သူကဆူတယ်၊ အစိမ်းတွေမစားပါနဲ့ ချက်ပီးမှစားပါ.... ဘာညာကွိကွ....
သူလဲအသက်ကြီးလာတယ်ထင်တယ်တော်တော်ပွစိပွစိ ဆူနိုင်လွန်းတယ်...
ကျွန်မလဲ သူများအစိမ်းစားတာအားကျပီး ကန်ဇွန်းဥရွက်အစိမ်းသုပ်တင်မိပါတယ်....
လာပါ၊ဆူပါ၊ လက်ယပ်ခေါ်သလိုကိုဖြစ်နေတာ..
....
အသီးတစ်လုံးအကုန်စားပစ်တာက ဖျော်ရည်သောက်တာထက်ပိုကောင်းပါတယ်တဲ့။ အကယ်လို့ ဖျော်ရည် အဖြစ်နဲ့သောက်မယ်ဆိုရင် တစ်ငုံချင်းပါးစပ်ထဲထည့် ဖြည်းဖြည်းမျိုချပါ။ ဘာကြောင့်လဲဆိုတော့ ပါးစပ်ထဲ က တံတွေးအရည်တွေနဲ့ အတူရောပီး မျိုချတာပိုပီးအကျိုးအာနိသင်ရှိလို့ပါတဲ့။
စိတ်ဝင်စားရင်စမ်းကြည့်လို့ရတယ်... (၃)ရက်အစာရှောင်ပီးအသီးနဲ့ဖျော်ရည်ဘဲ စားမယ် သောက်မယ်ဆိုရင် သင့်အသားရည်နဲ့ ခန္တာကိုယ် ထူးခြားတောက်ပလာတာ အနားပတ်ဝန်းကျင်ကသူငယ်ချင်းတွေ သတိပြုလာ မိလိမ့်မယ်။
အသီးတွေနဲ့အဟာရတွေအကြောင်းနဲနဲထပ်ပြောပြအုံးမယ်။
ကီဝီသီး    -    သေးပေမယ့်အားကြီးတယ်.. (ပုဇွန်ဆိတ်လေးဘယ်လိုငယ်..)  Potassium, Magnesium, vitamin E နဲ့ အမျင်ဓာတ်တို့အတွက် အကောင်းဆုံးစားသင့်တဲ့အသီးဖြစ်ပါတယ်။ လိမ္မော်သီး ထက်Vitamin C နှစ်ဆ ပိုပါတယ်။ (ကီဝီ မြန်မာမှာမတွေ့ဘူး..စိုက်ဖို့အကြံပေးသင့်တယ်ထင်တယ်)
ပန်းသီး    - သူကတော့နာမည်ကြီးပါတယ်.. တစ်ရက်ပန်းသီးတစ်လုံးစားရင် ဒေါက်တာ ပြေးတယ်ဆိုဘဲ.. ပြောချင်တာတော့ ရောဂါ ကင်းတယ်ပေါ့..  အူမကြီးကင်ဆာ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ကာကွယ် ပေးနိုင်တဲ့အတွက်စားသင့်ပါတယ်လို့အကြံပြုထားပါတယ်။
စတော်ဗယ်ရီ   - ကာကွယ်ရေးဝန်ကြီးသဖွယ်ပါ.. ကြောက်ဖွယ်ကောင်းတဲ့ ကင်ဆာရောဂါဆိုး နဲ့ သွေးခဲ တတ်တဲ့ရောဂါကို အင်မတန်ကာကွယ်နိုင်တဲ့အသီးမို့စားကြပါ(ပြင်ဦးလွင်ကလူတွေတယ်ကံကောင်းပါ့)
လိမ္မော်သီး    -  အချိုဆုံးဆေးသီးပါ... အအေးမိဖျားနာတဲ့အခါလိမ္မော်ရည်များများသောက်၊ နှာစီး ချောင်းဆိုးအတွက်တင်မက ကျောက်ကပ်ကျောက်တည်တာမဖြစ်ဖို့လဲ ကာကွယ်ပေးပါတယ်..
အူမကြီးကင်ဆာဖြစ်နိုင်တဲ့ဆိုးကျိုးတွေကိုလဲ ကာကွယ်နိုင်ပါတယ်တဲ့။
ဖရဲသီး - ရေငတ်ပြေ အေးမြချိုမြိန်တဲ့အသီးပါ... ဖရဲသီး ၉၂% က ရေဓာတ်တွေချည်းဘဲ။ ခန္တာကိုယ်စွမ်း အားကိုပြန်လည်မြှင့်တင်ပေးနိုင်တယ်။
မကလာသီးနဲ့ သင်္ဘောသီး   -  ဗီတာမင် (စီ) ဓာတ်အပြည့်ဝပါဝင်တယ်.. အခြားအသီးတွေထက်စာရင် သူတို့က ဗီတာမင်စီပါဝင်မှုမှာ နံပါတ်(၁)ဘဲ။  မကလာသီးကတော့ အမျှင်ဓာတ်တွေများစွာပါဝင်တဲ့အတွက် ၀မ်းချုပ်တာခြင်းကိုမဖြစ်အောင်တားဆီးပေးပါတယ်။ မျက်လုံးအမြင်ကြည်လင်အားကောင်းဖို့အတွက် သင်္ဘောသီးကိုစားပေးဖို့လဲမမေ့ပါနဲ့အုံး။
အစားစားပီးပီးချင်းရေခဲရေသောက်တာ - ကင်ဆာ ကိုဖိတ်ခေါ်တာဘဲ...တဲ့။ ယုံမလားတော့မသိဘူး။ ကျွန်မကတော့ ရေဆိုအေးအေးလေးဘဲသောက်ချင်တာ. ထမင်းစားပီးတာဖြစ်ဖြစ်၊ ရေဆာတဲ့အချိန် ဖြစ်ဖြစ် ရေအေးအေးလေးသောက်လိုက်ရမှ... ကဲ..စားပီးပီးချင်းရေခဲရေသောက်ပါပီတဲ့..
အေးတဲ့ရေက ကျွန်မတို့စားလိုက်တဲ့အစာတွေထဲက အဆီတွေကို ခဲစေတယ်.. အထူးသဖြင့် မြန်မာထမင်းဟင်းဆို ဆီပြန်လေးမှ... ဆိုတာတွေသတိထားနော်.. ထမင်းစားပီး ရေနွေးကြမ်းပူပူလေးနဲ့ သာမျောချပေတော့။  ရေအအေးနဲ့ထိတွေ့ထားတဲ့ စားထားတဲ့အဆီတွေက ခဲပီးတော့ အစာကြေချက်မှု ကို နှောင့်နှေးစေတယ်။ စားလိုက်တဲ့အစာတွေကတော့ အစာအိမ်က အက်စစ်နဲပထိတွေ့ပီး အစာကြေချက်ပီး အူတွေက စုပ်ယူပီးနောက်မှာ ရေအေးကြောင့်ခဲနေတဲ့အဆီတွေကကျန်ခဲ့ပါတယ်။  အူလမ်းကြောင်းက အလွယ်တစ်ကူမစုပ်ယူနိုင်တဲ့အတွက် အဲဒီထဲမှာတန်းစီကျန်ခဲ့ပီး မကြာပါဘူး... အဆီခဲအဖြစ်ပြောင်း သွားပီး တော့ ကင်ဆာဖြစ်လာနိုင်တဲ့အတွက်... ပူနွေးတဲ့ဟင်းရည်၊ ဒါမှမဟုတ် ရေနွေး ကို အစားစားပီးချင်းသောက် ပေးဖို့ သတိပေးလိုက်ပါရစေ...
(ကျမ်းမာရေးဌာနက အန်တီတစ်ယောက် အဝေးကနေ တစ်ကူးတစ်ကလှမ်းပို့ပေးတဲ့စာလေးမို့ တတ်သလောက် မှတ်သလောက်ဘာသာပြန်ပေးလိုက်ပါတယ်၊ မှားတာတွေ့လဲ ခွင့်လွှတ်၊ အဓိက ကျမ်းမာရေးနဲ့ဆိုင်တဲ့အချက်လေးတွေမှတ်သားမိရင်ကျေနပ်ပါပီ။  အထူးသဖြင့် ကျွန်မတို့တွေ မှားယွင်း နေတဲ့အစာစားပီးတိုင်းအသီးစားတတ်တဲ့အကျင့်လေးတွေကို သတိထားဆင်ခြင်ကြပါလို့။
မြန်မာလိုစာလုံးစီတာအဆင်မပြေတာရှိရင်နားလည်ပေးကြပါ)



5 Comments:

လုလု said...

ကူးကူးလေးရေ
ကျေးဇူးအများကြီးတင်တယ်။
မမလုက အသီးတွေ သိပ်ကြိုက်တာ။
အခုတော့ အချိန်လေးနဲ့ စားတတ်အောင် ပြောပြတော့ ကျေးဇူးနော်။

moemoestar said...

ကူးကူးရေ...
အသီးတွေကို ဘယ်အချိန်စားမှ အကျိုးအာနိသင်ရှိတယ်ဆိုတာ ပြောပြပေးလို့ ကျေးဇူးပါနော်...

ရွှန်းလဲ့ said...

ကျေးဇူးပါ author....
စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ...
ချစ်သူရဲ့ အဆူခံရခြင်းမှလဲ ကင်းဝေးပါစေ....
:P :P

ဆောင်းနှင်းရွက် said...

ဗဟုသုတ တွေ ယူသွားပါတယ် ..

ဒါပေမယ့်
Alkali ပါတဲ့ ရေက
ကျန်းမာရေး အတွက် ကောင်းတယ်ဆိုပေမယ့်
RO ရေ လောက် ဘယ် အရာမှ
မကောင်းပါဘူးးး လို့ အကြံပြုပါရစေ ..

စန္ဒကူးမေ said...

မမလု...လာလည်တဲ့အတွက်ကျေးဇူးပါနော်.. ကူးလဲ မှတ်သားဖွယ်ရာလေးတွေဖတ်မိတော့ သူများတွေအတွက်လဲ အသုံးဝင်အောင်ဝေဌတဲ့သဘောပါ..
မိုးမိုးနဲ့ရွှန်းလဲ့ရေ... ကျေးဇူးတွေတစ်ပုံကြီးနဲ့... ဆုတောင်းပေးတဲ့အတွက်လဲကျေးဇူးပါနော်..
ဆောင်းနှင်းရွက်ရေ.. ကူးကူး RO ရေမသိလို့ပါ... ဒီနေ့တော့ internet မှာရှာဖတ်ကြည့်တယ်.. ဒီမှာတော့ မတွေ့သေးဘူး...း) အကြံပေးလို့ကျေးဇူးပါနော်။

Post a Comment

ကူးကူးရေ...

 
Powered by Blogger