Pages

Sunday, February 14, 2010

ဒန့်သလွန်သီးဟင်း

ဒီနေ့ တရုတ်နှစ်သစ်ကူးနေ့၊ ချစ်သူများနေ့...  ကျွန်မသူငယ်ချင်းတွေကတော့ သူ့အစီစဉ်နဲ့သူ အလုပ်တွေရှုပ် နေကြတယ်..တစ်ယောက်ဆီကမှအဆက်သွယ်မရဘူး။ မနေ့ညက Chicken Invader ဆော့နေတာ ညနက် သွားတယ်။ နိုးတော့ (၁၀)နာရီထိုးနေပီ။
သောကြာနေ့ညနေ ညီမ၀မ်းကွဲက တောင်ပေါ်ကဈေးဖက်သွားရအောင်ဆိုလို့လိုက်သွားတယ်...
လေအေးအေးနဲ့ ပြင်ဦးလွင်လိုမျိုးနေရာပေါ့.. ပန်းပင်လေးတွေလဲလှလိုက်တာ..ပန်းတွေလဲအမျိုးမျိုးဘဲ။
တော်တော်ရောင်းကောင်းတဲ့အချိန်ပေါ့။ အသားတွေလဲရောင်းတယ်၊ အသီးရွက်တွေလဲများတယ်...
ထူးထူးဆန်းဆန်း supermarket တွေမှာဝယ်လို့မရတဲ့ ဒန့်သလွန်သီးအစည်းလိုက်ရောင်းနေတာတွေ့တော့ ၀မ်းသာအားရ၀ယ်ခဲ့တယ်..အသီးရွက်ဈေးကိုကျွန်မအရမ်းကြိုက်တယ်..ဈေးသွားလိုက်ရင်စိတ်ဝင်စားစရာတွေ ချည်းဘဲ..ချက်စားချင်စရာတွေချည်းဘဲ... လမ်းကြုံတုန်းဝယ်လိုက်အုံးမှဆိုပီး ပြန်ရောက်ရင်သာ မချက်ချင်တော့တာ..
ဒီနေ့တော့ အိပ်ရာနိုးတော့ ဒန့်သလွန်သီးဟင်းချက်စားဖို့စိတ်ကူးလိုက်တယ်..
overtime ရှိလဲ ဒီနေ့တော့ ပေတေပီးမေ့ချင်ယောင်ဆောင်လိုက်မယ်စိတ်ကူးပီး ဟင်းချက်ဖို့အတွက် ဒန့်သလွန် သီးကို ဓားနဲ့အစိမ်းတွေခြစ်ထုတ်လိုက်ပီး တစ်ဆင့်စီချိုး၊ အမျှင်မာမာတွေခွာထုတ်...
အိမ်ကယူလာတဲ့ငါးရံ့ခြောက်လေးနဲနဲကျန်သေးတာအတော်ဘဲ...
အာလူးလေးကိုကြေအောင်ချက်၊ ဒန့်သလွန်သီးရယ်..ငါးခြောက်ဟင်းရယ်.. သရက်သီးစပ်စပ်သုပ်လေး ရယ်။
ကြက်သွန်ဖြူနီ ကိုဆီသတ်ပီးတော့ မှ အရောင်တင်မှုန့်မရှိတော့ဘူးဆိုတာသတိထားမိတယ်။
ငရုတ်သီးအကြမ်းမှုန့်ကို အရောင်တင်အစားသုံးလိုက်ရတယ်.. ဒီမှာလဲအရောင်တင်မှုန့်မရောင်းတော့ခက် တယ်။ ဒီတစ်ခါတော့ လူကြုံနဲ့အိမ်ကလှမ်းမှာရအုံးမယ်။
ကြက်သွန်တွေဆီသတ်ရင်းနဲ့ မဆလာလေးနဲနဲထည့်၊ ပီးတော့ငါးငံပြာရည်ထည့်ပီး အာလူးလေးတွေအရင် ထည့်ချက်လိုက်တယ်..
အာလူးဆိုကျွန်မတော့နူးနေမှကြိုက်တယ်..ဟင်းအနှစ်လိုဖြစ်နေတာမျိုးပေါ့။
အာလူးနူးလောက်မှ ဒန့်သလွန်သီးအဆင်သင့်ရေဆေးထားတာကိုထည့်ပါတယ်။
ငါးခြောက်ကိုတော့ရေခဏစိမ်ထားပီး ဓားနဲ့ဖြတ်ထားလိုက်တယ်..
ဒန့်သလွန်သီးနဲ့ငါးခြောက်ကို ထည့်ပီးတာနဲ့ အဖုံးအုပ်ထားပီး..အပေါ့ငံအချို သင့်တင့်အောင်ထည့်ပီး ရင်တော့ မဆလာနံ့မွှေးမွှေးလေးနဲ့ ဒန့်သလွန်သီးငါးခြောက်ဟင်းလေးရပါပီ။
ဒန့်သလွန်သီးကိုဘာကြောင့်များအလုပ်ရှုပ်ခံပီးစားကြလဲတော့ကျွန်မလဲမသိပါဘူး။
ထမင်းစားနေချိန်တောင် အရိုးခွံတွေဖယ်ထုတ်နေရပါသေးတယ်။ ဒါပေမယ့် ကျွန်မတော့ အနံ့လေးရော အရသာရော အရမ်းနှစ်သက်တယ်...
ဒန့်သလွန်သီးဟင်းချက်ပီး ချစ်သူအွန်လိုင်းလာကြွားမယ်လုပ်ပါတယ်... စားကြည့်တော့ မကျက်သေးဘူး...
ဒါနဲ့ နောက်တစ်ရေထပ်ချက်မှဘဲ ကျက်တော့တယ်.. ပျော့ပြဲသွားမှာလဲစိုးရသေးတယ်လေ..း)

ဒန့်သလွန်သီး၊အာလူးနဲ့ငါးခြောက် ချက်ဖို့တန်းစီ...


   ကဲ ကျက်ပါပီ
 

ချစ်သူများနေ့မှာ ကူးကူးဘလော့လာလည်တဲ့သူအပေါင်း ပျော်ရွှင်ကြည်နူးနိုင်ကြပါစေနော်.
ကူးကူးတော့ ဒန့်သလွန်သီးဟင်းနဲ့သာ တစ်ယောက်တည်း ဖြတ်ကျော်လိုက်ရပါကြောင်း ...း)

7 Comments:

ဇောင်း said...

ဒန့်သလွန်သီးကို ကြိုက်တယ် ငါးခြောက်တော့ ကြိုက်ဘူး
ရွေးပြီးစားသွား၏ :P

ﺽŽãửʼnĢ

T T Sweet said...

ညီမပြောမှ ဒန့်သလွန်သီးတောင် ချက်မစားဖြစ်တာကြာပြီ... အဲလိုလေး ငါးခြောက်နဲ့ ချက်စားဦးမယ် ... ငါးနဲ့လဲကောင်းတယ်နော်။

ချစ်သူမောင် said...

အရောင်တင်မှုန့် :O မလုပ်ပါနဲ့ ကူကူးရယ်ငြုတ်သီးခြောက်ကိုရေနွေးနဲ့စိမ်ဘလန်ဒါနဲ့ကြိတ်ပြီးဆီသတ်လိုက်ပါနော် အရောင်တင်မှုန့်တွေမကောင်းကြောင်းဥဥမပြောချင်ဘူးကူကူးလိုကျောက်ကပ်မကောင်းတဲ့သူတွေအတွက်ပိုမသင့်တော်ဘူးလေ

စူးနွယ်လေး said...

သိပ်ထမင်းမြိန်စေတဲ့ဟင်းပဲ

moemoestar said...

ကူးကူးရေ...
ဒီမှာက ဒန့် သလွန်သီး မရှိလို့ မစားရတာကြာပြီ...
စားချင်လို့ သွားရည်ကျသွားတယ်...

shwezinu said...

မကူး ရေ

ဒန်ဒလွန် သီး ငါးခြောက်ချက်လေးစားသွားတယ်ဗျ
စားတဲ့ အခါ အလုပ်ရှုတ် မခံချင်ရင် ဒန်ဒလွန်သီး အတွင်းသားလေး တွေကိုဘဲ ဇွန်းလေး နဲ့ ခြစ်ပြီးတော့ ချက် ကောင်းတယ်..ရှလွတ်..(သားရေ ကျသံ)

ခင်တဲ့
ရွှေစင်ဦး

subuueain said...

ဒန့်သလွန်သီး၊ငါးခြောက်၊အာလူး အရမ်းလိုက် ။ တို့က ကြက်ဥပါထည့်ချက်တယ် :)

Post a Comment

ကူးကူးရေ...

 
Powered by Blogger