Pages

Sunday, August 2, 2009

ထမင်းဘူး ကိုဖွင့်

အသက် (၄)နှစ်မှာကျောင်းစတက်တော့ မှတ်မှတ်ရရလွယ်အိတ်လေးတစ်လုံး၊ ထမင်းဗူးလေးတစ်ခုနဲ့ အော်ငိုတာ ဗြောင်းဆန်နေအောင်ပါဘဲ။ အမှတ်(၁၆) အထက၊ မန္တလေးမှာပေါ့။ ကျောင်းတံခါးကြီး ဂျိန်း ဆိုပီးပိတ်သံနဲ့အတူ ကျွန်မနဲ့ ကလေးများပေါင်းစုံအော်ငိုသံကဆူညံသွားခဲ့တာအမှန်ဘဲ.. အဲဒီထဲမှာအဆိုးဆုံးက ကျွန်မ။ ဆရာမတွေ လိုက်ဖမ်း၊ ကျွန်မကထွက်ပြေး၊ မုန့်ဆိုင်တွေဆီပတ်ပြေး၊ ကျောင်းဝင်းသံတိုင်နားမှာတစ်ချိန်လုံးရပ်ပီးထစောင့်နေတဲ့ ပါးပါး ဆီကိုပြေးတာ၊ ပါးပါးက ဒီကနေလှမ်းကြည့်နေမယ်။ ကျောင်းခန်းထဲသွားဝင်လို့ပြောတယ်။ ကျောင်းခန်းပြတင်းပေါက်နားမှာထိုင်ပီး ငိုယိုပီး ခြံစည်းရိုးနားမှာရပ်နေတဲ့အဖေ့ကိုလှမ်းကြည့်ရင်းနဲ့ တစ်လကျော်ကြာတဲ့အခါ ကျောင်းပျော်ဖြစ်သွားပါတယ်။ ငယ်ငယ်တည်းက မုန့်ဖိုးဆိုတာတောင်းဖို့စိတ်မ၀င်စားသလို၊ အခြားအတန်းဖော် ကလေးတွေမုန့်စားဆင်းချိန် မုန့်ဆိုင်ပြေးတဲ့အချိန်ကျွန်မကတော့ အိမ်ကထည့်ပေးတဲ့ထမင်းဘူးကိုဝါးတီးဖွင့်နေ ခဲ့ပါတယ်။ ထမင်းစားဆင်းချိန် ဆိုရင်တော့ အိမ်ကိုပြန်ပီးထမင်းစားတယ်။ ပိန်လှီလှီလေးနဲ့ကျွန်မ ထမင်းတော့ အများကြီးစားပါတယ်။ တစ်ရက် ၅ ခါလောက်ပုံမှန်ကိုစားတယ်။ ကျောင်းဆင်းတာနဲ့ အိမ်ကသိပ်မဝေးတော့ အိမ်ပြန်ထမင်းစားပါတယ်။ ထမင်းစားပြီးရင်တော့ အမေက စက်ဘီးနဲ့ နောက်ခုံကိုကျွန်မကိုတင်ပီး ဆေးရုံ ခေါ်ခေါ်သွားပါတယ်။ နေ့တိုင်းဘဲ။ နန်းတွင်းထဲက စစ်ဆေးရုံကိုခေါ်သွားတယ်။ ဆေးထိုးပီးပြန်လာရင် တစ်လမ်း လုံးစက်ဘီးနောက်မှာထိုင်ပီး အော်ငိုလာတယ်။ ဆေးထိုးထားတဲ့တင်ပါးကိုလဲလှန်ကြည့်သေးတယ်။ ငယ်ငယ်တုန်းကတော့ရှက်ရမှန်းလဲမသိပါဘူး။ အိမ်ရောက်ရင်အန်တီလေးက ရေနွေးကိုပုလင်းထဲထည့် ပီး ဆေးထိုးထားတဲ့နေရာကိုလှိမ့်ပေးတယ်။ နေ့တိုင်းဆေးထိုးရတော့တင်ပါးနှစ်ဖက်လုံးအပ်ရာတွေနဲ့လေ။
မုန့်စားဖို့စိတ်မ၀င်စားခဲ့ပေမယ့် မုန့်ဆိုင်တန်းကရေခဲခြစ်ကိုတော့အရမ်းစားချင်တယ်။ နို့ဆီကိုရေခဲခြစ်အလယ် လေးမှာဘဲ ဖျန်းပေးရင်ဈေးသက်သာတယ်၊ ရေခဲခြစ်တစ်ခြမ်းလုံးအပြည့်ဖျန်းရင်ပိုဈေးကြီးတယ်။ ပါးပါးက တစ်ခါတစ်လေမုန့်ဖိုးပေးတယ်။ ကျွန်မကျောင်းတက်တုန်းကအိကျီကမိန်းကလေးအိကျီလဲမဟုတ်ဘူး၊ အိတ်ကပ် နှစ်ဖက်နဲ့၊ အဲဒီအိတ်ထဲမှာ မုန့်ဖိုးလေးတွေထည့်ထည့်ထားတယ်။ မိန်းကလေးအိကျီစ၀တ်တာ ၆ တန်းရောက် မှပါ။ ထမီနဲ့ အိကျီနဲ့။ ကျောင်းမသွားခင်ထမင်းအ၀စားပီး ထမင်းချိုင့်လဲ မာမီကထည့်ပေးတယ်။ မုန့်စားဆင်းချိန် ဆိုထမင်းချိုင့်ဖွင့်စားတယ်။ ထမင်းချိုင့်ကိုကျွန်မအရမ်းနှစ်သက်တယ်၊ အထူးသဖြင့်ဘာထည့်ပေးလိုက်လဲ မသိရင် ပိုစိတ်ဝင်စားပီး ထမင်းစားချိန်ရောက်ဖို့ဘဲစိတ်စောနေတော့တာပါဘဲ။ ရန်ကုန်ပြောင်းပီးကျွန်မမိဘတွေ နဲ့ခွဲအဆောင်မှာနေတော့ ကျောင်းချိန်တွေကြားမှာ ထမင်းစားချိန်ရှိတော့ ထမင်းဘူးဆိုတာအလှမ်းဝေးပေါ့။ အလုပ်ဝင်တော့လဲ အိမ်နဲ့နီးတော့ထမင်းပြန်စားဖြစ်တယ်။ နောက်ပိုင်းတစ်ယောက်တည်းနေတော့ ထမင်းချိုင့် လေးထည့်ပီးရုံးသွားတယ်။ ကျွန်မနဲ့ထမင်းအတူစားဖော်ကတော့ကွန်ပြူတာဆရာမလုပ်နေတဲ့ အထွေး ပေါ့။ သူကလဲ တစ်ခါတစ်လေကျွန်မကြိုက်တာတွေချက်ချက်လာပေးတယ်။ ဥပမာ ဒညင်းသီးကြော်၊ အမဲအူပြုတ်၊ စသည်ဖြင့်၊ ပါးပါးနဲမာမီတို့က မြောက်ဒဂုံဖက်ကိုပြောင်းသွားပေမယ့်တစ်ရက်တစ်ခါ ကျွန်မရှိတဲ့ရုံးကို တစ်ယောက် ပီးတစ်ယောက်ပုံမှန်ရောက်လာတတ်ပါတယ်။ ထမင်းချိုင့်လာလာပို့ပေးတာပါ။ တစ်ချို့ ရက်များဆို ကျွန်မနဲ့အထွေးထမင်းမြိန်ရည်ရှက်ရေ၀ါးနေတုန်း အဖေရောက်လာလို့စားနေတာတွေအသဲသန် ဖွက်ထားရတာလဲရှိတယ်။ အထွေးကိုအမေတို့ကမှာထားတယ်၊ သူနဲ့မတည့်တာတွေမချက်လာပါနဲ့၊ ချက်လာ ရင်တစ်ယောက်တည်းစားပါ သူ့ကိုမကျွေးပါနဲ့လို့ မှာထားပေမယ့် ကျွန်မက အရမ်းစားချင်တော့ အထွေးကလဲ သနားလို့ကျွေးပါတယ်။း) ကျွန်အဝေးတစ်နေရာအလုပ်နဲ့ထွက်သွားပီးနောက်မှာတော့ ထမင်းဘူးဆိုတာ မရှိ တော့သလို၊ ထမင်းဗူးထဲမှာဘာပါမလဲဆိုပီး ရင်ခုန်နေရတဲ့အရသာလဲ မရှိတော့ပါဘူး။
အခုချိန်မှာတော့ ဒီက local ပြည်တွင်းအလုပ်သမားတွေက အပြင်မှာနေကျတော့ ထမင်းဘူးထည့်ရတာသူတို့ အတွက်အလုပ်တစ်ခုလိုဖြစ်နေတယ်။ function hallမှာစုပီးစားကြတယ်။ ကျွန်မတော့အိမ်ပြန်စားတယ်။ ပီးခဲ့ တဲ့ ၃ပတ်လောက်က ပြောင်းသွားတဲ့ african မိသားစု အိမ်မှာအလုပ်လုပ်တဲ့ အန်တီကြီးက အလုပ်မရှိတော့ တာနဲ့ထမင်းဘူးလေးထည့်ပီး ရောင်းပါတယ်။ မနက် ၈း၃၀ဆိုထမင်းဗူးလေးတွေလိုက်လိုက်ဝေတယ်။ တစ်ဗူး ကို ၂ဒေါ်လာလောက်ဘဲကျပါတယ်။ ကျွန်မကတော့အစားရွေးတတ်လို့၊ ပီးတော့သူတို့အစားတွေလဲ ခံတွင်းမတွေ့ ဖြစ်လို့ ထမင်းဗူးထဲဒီနေ့ဘာချက်လဲ ဆိုတာချောင်းကြည့်တာကလွဲပီး မမှာစားကြည့်ဖြစ်ခဲ့ဘူး။
အရင်တစ်ပတ်ကတော့သူငယ်ချင်းကခရီးထွက်သွားတော့ သူမှာထားတဲ့ထမင်းဗူးလေးတွေ နေ့တိုင်းကျွန်မဆီ ရောက်ရောက်လာပါတယ်။ ကျွန်မလဲ အိမ်ယူယူလာပီး ဘူးလေးထဲကအတိုင်းစားပါတယ်။ ငယ်ငယ်တုန်းက ဘ၀ ကိုသတိရတယ်၊ ထမင်းဘူးထဲကိုထည့်ပီးပြင်ဆင်ပေးတဲ့ အမေတို့ကိုလဲ သတိရတယ်၊ ထမင်းဘူးထဲ ကိုယ်စားချင် တာလေးတွေချက်ချက်လာပေးတဲ့သူငယ်ချင်းကိုလဲသတိရတယ်။။ ထမင်းဘူးထဲမှာ ခံစားချက်တွေ အများကြီးပါတယ်။ ကျွန်မတစ်ခါမှမမြင်မိခဲ့ဘူး။ အွန်လိုင်းဘလော့တစ်ခုမှာ အမတစ်ယောက်သူ့ယောက်ျားကို ထမင်းဘူးလေးထည့်ပေးတာအမြဲတင်တင်ထားတတ်တယ်။ ကျွန်မသွားသွားကြည့်တယ်၊ ကြည့်ပီး ဒီနေ့သူ ဘာများချက်ပေးမလဲ ဘာတွေထမင်းဘူးထဲပါမလဲဆိုပီး ရင်ခုန်နေရတဲ့အရသာလေးကိုကြိုက်တယ်။ ဘူးထဲကို ဘာထည့်ပေးရင်ကောင်းမလဲ၊ ဘယ်လိုလေးချက်ထည့်ပေးမယ်ဆိုပီး စိတ်ကူးလေးနဲ့ပုံဖော်နေတဲ့ ချက်ပေးသူ ရဲ့ ရင်ခုန်သံတွေကိုလဲ ထမင်းဘူးထဲမှာ ခံစားလို့ရပါတယ်။

ပဲပြားလုံးလေးတွေနဲ့ ဆော့စ်၊ ပဲသီး၊ ငရုတ်သီးအရွက်နဲ့ ရွှေဖရုံသီးကို မြေပဲအနှစ်နဲ့ချက်ထားတာပါ။
အစိမ်းကြော်နဲ့ အသားတုအပြားကိုကြော်ပီးအထဲမှာ cheese နဲ့ သခွားသီးအချောင်းလေးတွေကိုလိပ်ထားတာပါ။

11 Comments:

Shinlay said...

ငယ်ငယ်ကထမင်းဘူး ထည့်ရတာကြိုက်သလို၊ ထမင်းဘူး တွေလည်းအများကြီးရှိခဲ့ဘူးတယ်။ အခုတော့
ထမင်းဘူးအစား ပေါင်မုန့် ဘူးတော့ အမြဲလိုလို သယ်သွားတတ်နေတယ်။ ဘူးတော့ဘူးပါပဲ။
ထမင်းဘူးလေးတွေကိုတောင်လွမ်းသွားပြီ။

subuueain said...

ထမင်းဘူးတော့မစားရတာတောင်ကြာပြီ။ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ဟင်းလဲစားရတာသတိရတယ် :)
ကူးကူးငယ်ငယ်က ၁၆ ကျောင်းမှာနေဖူးတယ်လား

Anonymous said...

ကူးကူးးစ်

ထမင်းဘူးလေးစားချင်စရာနော်
ပိစိလေးကျွေးစားပါလား

း)
ချစ်တဲ့
မြူးလေး

ဂျာမုန်းဒန် said...

သတိရလွမ်းစရာစာလေးလာဖတ်သွားတယ်
ထမင်းဘူးကိုဖွင့်ကြည့်လိုက်တော့
အားလုံးကစားချင်စရာ။
ဗိုက်ဆာရင်ငပိနဲ့ပဲဖြစ်ဖြစ်အ၀ကိုသီးခဲ့ဘူးပါတယ်။
ခင်တဲ့အစ်မ
ဂျာမုန်း

ကျောပိုးအိတ် said...

ကူးကူးရေ

ရေခဲခြစ်တဲ့လား။ အားပါးပါး ငယ်ငယ်တုန်းကဆို အရမ်းစားတာ။

ခုတော့ထမင်းလေးစားသွားတယ်နော်

ချစ်တဲ့
ကျောပိုးအိတ်

မေဇင် said...

မမကူးရေ.... မမရဲ့ငယ်ဘ၀ ကိုမြင်မိပါတယ်... ပါးပါး ကျောင်းပေါက်ဝမှာ ထိုင်စောင့်နေတယ်ဆိုလို့ ဖေဖေ့ကို လွမ်းတယ်..။ဆေးနေ့တိုင်းထိုးရတယ်ဆိုလို့ ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိတယ်..

မိုးစက်အိမ် said...

ထမင်း ဘူးလေးထဲတောင် ရင်ခုန်သံတွေ
ထည်.ပေးတယ်ဆိုတာတော. ကဗျာ
ဆရာ ရှုံးသွားပြီဗျာ ... အဲထမင်းဘူး
ကသေးတယ်ဗျာ အနော်က အစားကြီးတယ်ဗျ :)

စန္ဒကူးမေ said...

ရှင်လေး၊ စုဘူး၊ မြူးစ်၊ မမဂျာမုန်း၊ ကျောပိုးအိတ်၊ မေဇင် နဲ့မိုးစက်.. ကျေးဇူးပါ..
ရင်ခုန်သံချင်းတူနေကြလို့..း)..
မိုးစက်.. မလောက်ရင်နှစ်ဗူးလုံးယူသွား :P

မျက်မှန်လေး said...

ရေခဲခြစ်စားချင်လိုက်တာ ကူးရာ
အရမ်းကြိုက်မှကြိုက်

Anonymous said...

ကူးကူးရေ..
ငယ်တုန်းက ထမင်းဘူးမယူဖူးဘူးး
အိမ်ပြန်စားနေကျမိုပ..
သူများတွေ ထမင်းဘူးယူတာ သိပ်အားကျတယ်..
ဒီကိုရောက်တော့ ထမင်းဘူးစားရတာ သဘောမကျဘူး။။


ပေါက်

မိုးကောင်းသူ said...

ကူးကူးထမင်းဗူး ဒီနေ့မှ လာစားတယ်။ ဒါနဲ့ ကူးကူးက အမှတ်-၁၆ အထက မန္တလေးကျောင်းထွက်လား။

Post a Comment

ကူးကူးရေ...

 
Powered by Blogger