Pages

Saturday, January 23, 2010

Bohol ခရီးစဉ် (၁)


ဒီနေ့မနက်တော့ ဖယ်ရီစီးပီးအခြားကျွန်းတစ်ခုကိုသွားရမှာဖြစ်ပါတယ်။ ကျွန်မကို အဆွဲဆောင်နိုင်ဆုံး အကောင် လေးတွေရှိတဲ့ကျွန်းပေါ့။ ဟိုတယ်ကနေ မိနစ် ၂၀ လောက်ကားစီးပီးနောက်မှာတော့ သင်္ဘောဆိပ်ကိုရောက် လာပါတယ်။ ကျွန်မစိတ်ထင်တော့ လက်မှတ်ဝယ်...ဖယ်ရီစီး ဟိုဘက်ကူးလိုက်ရင် ရောက်မယ်လို့ထင်ထား ခဲ့တာ တက်တက်စင်အောင်လွဲပါတယ်။ လေယဉ်စီးတာတောင် ဒီလောက်အစစ်အဆေးမများပါဘူး။ boarding လုပ်ရတာရော..ပစ္စည်းတွေအကုန်စစ်တာရော... ဆိုးတာ..လွယ်တဲ့စလင်းဘက်အိတ်တောင် တန်းစီချခိုင်းပီး ခွေးက လိုက်နမ်းနေသေးတယ်။ ကျွန်မက ဘာလိုက်ရှာတာလဲမေးတော့ drugs & bombs တဲ့...  ကောင်းရော... ကျွန်မအိတ်ထဲမှာ ဆေးတွေ အများကြီး။ တရားဝင်သယ်လို့မရပေမယ့် ဆရာဝန်ညွှန်ထားတဲ့ ဆေးတွေလဲပါတာမို့ စိတ်ထဲ ထင့်ကနဲ့ဖြစ်သွားတယ်။ ဆရာဝန်ရေးပေးလိုက်တဲ့ ထောက်ခံစာစာရွက်ကလဲ luggage ထဲမှာကျန်ခဲ့လေတော့။ ဒါပေမယ့် ခွေးခမျှာမသိရှာပါဘူး.... လိုက်နမ်းပီးပြန်လှည့်ထွက်သွားတာဘဲ။

လေယဉ်စီးရတာထက်တောင်ပိုတဲ့အဆင့်ဆင့်နဲ့ စီးရမယ့် ဖယ်ရီနာမည်က SUPERCAT ferry တဲ့။




မြန်မာလိုကိုယ့်ဘာသာကိုယ်အဓိပယ်ပြန်ပီးရီမိသေးတယ်။ သူများကိုပြောပြလဲ တစ်ယောက်မှနားမလည်လို့ တစ်ယောက်တည်းရီတာနဲနဲတော့ကြောင်တာပေါ့နော်၊ စီးမယ့်ဖယ်ရီလိုဘဲ... စူပါကြောင်တာပေါ့။
boarding လုပ်ပီး နံပါတ်အလိုက်ခေါ်တော့ သဘောင်္ထဲဝင်ရတယ်..အထဲမှာတော့ အပျံစားဘဲ။ စက်စနှိုးတော့ မော်တော်မယ်တွေ မော်တော်မောင်တွေ ခါးပတ်ပတ်မပတ်၊ ထိုင်ခုံမတ်မမတ် လိုက်စစ်နေတဲ့အချိန်မှာ TV screen အကြီးကြီးကလဲ Safety နဲ့ဆိုင်တဲ့ဟာတွေနဲ့အရေးပေါ် ဘယ်လိုဘယ်ပုံလုပ်ရမယ်ဆိုတာကို ရှင်းပြနေ ပါတယ်။ ကျွန်မစိတ်ထင်သူတို့တောင် ပိုစမတ်ကျသလိုဘဲ။ ကျွန်မခုံက ပြတင်းပေါက်နားကျတော့အပြင်ကို ငေးလို့ရတယ်..ရှုခင်းလေးတွေကျွန်းလေးတွေကိုမြင်ရတာ စိတ်ထဲအေးသွားတာဘဲ။


သိပ်မကြာဘူးထင်တဲ့ခရီးကို (၂) နာရီကျော်လောက်စီးလိုက်ရတော့တော်တော်အီသွားပါတယ်။ ဒါတောင် အရမ်းမြန်တာပါ။ မလေးရှား လန်ကာဝီ သွားတုန်းက မော်တော်ဘုတ်စီးတာသတိရမိသေးတယ်။ အပြန် မော်တော်ဘုတ် က အချိန်မှီမရောက်လို့ ကားလက်မှတ်ရှုံးခဲ့တာ...သူတို့ကတော့ ဗြောက်သောက်.. လူပေါင်း သောင်ခြောက်ထောင်လောက်ပြုံပီး စည်းကမ်းလဲမရှိ...အချိန်လဲမလေးစား... ဒီတစ်ခါနဲ့တော့ တော်တော့်ကို ကွာပါတယ်။ တာဘီဒ်လာရမ် ဆိုတဲ့ ဆိပ်ကမ်း မြို့လေးကိုရောက်လာပါပီ...  ထုံးစံအတိုင်းဘစ်ကားပေါ်ပြန် တက်ရပြန်ပါတယ်။ ဒီတစ်ခါ tour guide လုပ်တဲ့ အမကြီးကတော့ ရွှန်းရွှန်းဝေအောင်ပြောနေပါတော့တယ်။ 


အရင်ဆုံးကားလမ်းဘေးတစ်လျှောက်ပင်လယ်ပြင်ကြီးမှာ ညနေပိုင်းနဲ့ မနက်စောစောဆိုရင် လင်းပိုင်တွေ ခုန်ပီး မြူးနေတဲ့အကြောင်း၊ နိုင်ငံခြားသားတွေက သဘာဝအတိုင်း (သင်ထားတာမဟုတ်တဲ့) လင်းပိုင်ငါးကြီး တွေ ကခုန်နေတာကို အဓိကထားလာကြည့်တဲ့သူတွေများကြောင်း၊ ကျွန်မတို့ကတော့ တစ်ရက်ခရီးမို့ ကြည့် ဖို့အချိန်မရတော့တဲ့အကြောင်းပါ.. အခုလှမ်းရိုက်တဲ့အချိန်မှာတော့ လင်းပိုင်တွေခုန်နေတာမတွေ့နိုင်ဘူး၊ ဒါပေမယ့် သူပြောတာအဲဒီနေရာဆိုလို့ ပါ။  လာလည်ကြတဲ့ဧည်သည်အများစုကတော့ အဲဒီနားကမ်းခြေတွေမှာ တဲထိုးပီး မနက်စောစောလင်းပိုင်းတွေ သဘာဝ ခုန်မြူးနေတာကို လာကြည့်ကြပါ တယ်တဲ့။




အခုပထမဆုံးရပ်မယ့်နေရာကတော့ ဖိလိပိုင်နိုင်ငံက အရင်က စပိန်တွေလက်အောက်မှာနှစ်အတော်ကြာ နေခဲ့ရပါတယ်။ အဲဒါကြောင့်လဲ သူတို့အတွက် စပိန်စကားက နားလည်ဖို့သိပ်မခက်တော့သလို အမျိုးတွေစပ် ပီးရလာတဲ့ ကလေးတွေလဲ အရပ်တွေရှည်ပီး တော်တော့်လေးကိုချောကြပါတယ်.. native တွေကတော့ ပုတုတု၊ နှာခေါင်းပြားပြား...ရုပ်ရည်ကြမ်းကြပါတယ်။ တရုတ်နဲ့ရော၊ အဖြူတွေနဲ့ရော၊ အဲလိုအရောနှော တွေက တော့ အရမ်းလဲချောကြပါတယ်။ ဒီကလူတွေက အထူးသဖြင့်မိန်းကလေးတွေက အသားဖြူဖို့ crazy ဖြစ်ပါတယ်တဲ့။ ဆေးလဲသောက်ကြသလို...အမျိုးမျိုးလိမ်းပီးအသားဖြူအောင်လုပ်ကြတယ်တဲ့။  ဒီနေရာကတော့ စပိန်လူမျိုးနဲ့ ဖိလိပင်းလူမျိုးတို့ သွေးသောက်ဖွဲ့ခဲ့တဲ့ ပထမဦးဆုံးနေရာလေးပါ..ရုပ်တုတွေ လုပ်ထားပါတယ်.. အဲဒီနေရာလေးအမှတ်တရပေါ့။

အဲဒီနားကလမ်းဘေးမှာ အမှတ်တရပစ္စည်းတွေရောင်းတယ်..  ခရုမီးအိမ်တွေကြည့်ရတာ မြန်မာပြည်က export လုပ်လိုက်တဲ့ဟာတွေလားတော့မသိဘူး။ ခပ်ဆင်ဆင်ရယ်။ ချောင်းသာမှာအများကြီး။ ဖိလိပိုင်အစိုးရ ကမြန်မာပြည်ကပစ္စည်းတွေတင်သွင်းတဲ့အခါ tax free ခွင့်ပေးထားတယ်လို့သိရတယ်.. ကြိမ်နဲ့ထိုးတဲ့အိတ် တွေ၊ လက်ထိုးအိတ်တွေလဲအများကြီး..မြန်မာပြည်မှာလဲအဲလိုတွေတွေ့ခဲ့သေးတယ်.. ဘယ်ကလုပ်မှန်းတော့ မသိဘူး။

ကားဆက်ထွက်လာရင်းလမ်းမတစ်နေရာရောက်တော့ ဖြည်းဖြည်းဘဲမောင်းတယ်။ သံဓားတွေလုပ်တဲ့တဲအိမ် လေးတွေတန်းစီပီးရှိတယ်... ဒီနေရာကတော့ ဖိလိပိုင်တစ်နိုင်ငံလုံးကို ဓားတွေဖြန့်တဲ့နေရာဖြစ်တယ်။ ဒီကဓား ကအကောင်းဆုံးလို့ပြောတယ်။ အရင်နှစ် အိုလံပစ်အတွက် ဓားတောင်ဒီကနေမှာတယ်လို့ ဆိုတာဘဲ။ ကျွန်မလဲဝယ်မလို့စဉ်းစားသေးတယ်... ဒါပေမယ့်ဘာသွားလှီးရမှန်းမသိလို့မ၀ယ်တော့ဘူး။ ဟင်းချက်ဖို့ကလဲ ကြီးလွန်းတယ်.. အသားငါးလဲမခုတ်တတ်၊ ဆိုတော့ ။ ဈေးပေါပါတယ်..တစ်ချောင်း ဒေါ်လာ (၁၀) ၀န်းကျင်ပေါ့။ ၇၊ ၈၊  ၉ ဒေါ်လာ စသည်ဖြင့်အစားစားရှိတယ်။  လက်နဲ့ထုနေကြတာ..မီးတစ်ရဲရဲနဲ့ အသည်းယားပါ့။



နောက်ဖြတ်သွားတဲ့နေရာကတော့ ဓနိအိမ်မိုးတွေလုပ်တဲ့ ရပ်ကွက်ပါ၊ သူတို့အတွက်တော့ ဂုဏ်ယူစရာ ပြကွက် လိုဖြစ်နေတာ..ဘယ်လိုဘယ်ပုံ ဒီအပင်တွေအရွက်တွေခုတ်ပီး ဓနိမိုးလုပ်တဲ့အကြောင်း... ကူးကူးတို့ ရွာမှာပေါလို့... ရိုးနေပီ.. ဧရာဝတီတိုင်းမှာ ဓနိမိုးမထိုးတတ်တဲ့သူကိုမရှိဘူး။ ကလေးကအစထိုးတတ်တယ်.. ကူးကူးတောင် ရွာသွားတုန်းက တစ်ဝက်ပီးအောင်ထိုးခဲ့သေးတယ်။း) (ဟိဟိ...အဒေါ်ကပြန်ဖျက်ပီး အစက ပြန်ထိုးရတာတော့ထည့်မပြောတော့ဘူး)




နောက်တစ်နေရာကတော့ စိတ်အ၀င်စားဆုံးနေရာဖြစ်တဲ့ (တားဆီးယားစ်) လို့ခေါ်တဲ့ မျောက်သေးသေးလေး တွေဆီကိုပါ။ အဲဒီမျောက်ကလေးတွေက ကမ္ဘာပေါ်မှာအသေးဆုံးမျောက်မျိုးနွယ်ဖြစ်သလို တောထဲမှာနေကြ တယ်။ ဒါပေမယ့်သူတို့ကတော့ ဌက်ပျောသီးမစားပါဘူး။ ပိုးမွှားအကောင်တွေကိုသာစားပါတယ်။ တောထဲ မှာတော့အများကြီးရှိပေမယ့် အန္တရာယ်ရှိတဲ့အတွက် အဲဒီအကောင်လေးတွေထားတဲ့နေရာကိုဘဲ သီးသန့် ခေါ်သွားမှာဖြစ်ပါတယ်တဲ့။ အကောင်လေးတွေဆီဖြတ်သွားရင် တိတ်တိတ်ဆိတ်ဆိတ်နေဖို့၊ သူတို့ အိပ်နေရင် လန့်သွားမှာစိုးလို့၊ ပီးတော့ ဓာတ်ပုံရိုက်ရင် ကင်မရာ မီး မဖွင့်ထားဖို့၊ အကောင်လေးတွေကို လက် နဲ့ နဲနဲလေးမှမထိမိဖို့ အထပ်ထပ်မှာပါတယ်။  (ကူးကူးအရင်စိတ်ကူးကလေ... အဲနေရာရောက်ရင် အကောင်လေးတွေများကြီးတွေ့မယ်...တစ်ကောင်လောက်ခိုးလာခဲ့မယ်..အိမ်မှာမွေးထားမယ်ပေါ့ ) အဲဒီ အကောင်လေးတွေခိုးထုတ်ရင် ထောင်ဒဏ် (၂၀) နှစ်တဲ့။ ပီးတော့ သူတို့ကိုသွားထိမိ ကိုင်မိရင် သူတို့က ကိုယ့်ဘာသာကိုသတ်သေတာတဲ့။ အစာလဲမစား တော့ဘူး..ပီးတော့ အပင်ပေါ်တွယ်ကပ်ပီး ကိုယ့်ကိုယ်ကို အတင်းသတ်သေတာတဲ့လေ..စိတ်မကောင်းစရာဘဲ..အရင်တုန်းက tourist တွေ လာကိုင်သွားတဲ့အကောင် တိုင်း နောက် ၂ ရက်လောက်ဆိုသေသွားတာတဲ့...သူတို့ကိုယ်သူတို့ အသေခံလိုက်ကြတာ..သူတို့လဲ မျက်လုံးသာ ပြူးတာ အသည်းနုတယ်လေ.. (ကူးကူးလိုပေါ့...း(  )  




သနားပါတယ်..တွေ့လား..အိပ်ပျော်နေရှာတယ်။  မထိပါဘူး...အရမ်းကိုထိချင်ပေမယ့် မထိရက်ခဲ့ပါဘူးလေ။




နောက်ဆုံးတော့ လက်ဆောင်ပစ္စည်းလေးတွေနဲ့ကျေနပ်လိုက်ရပါတယ်။ အဲဒီမျောက်ကလေးတွေ သော့ချိတ် လိုချင်သူရှိရင် email ပို့ပီးတောင်းနော်။ (၅) ခုဝယ်လာတယ်၊ ဦးသူလက်ဆောင်ပေးမည်။
 

မျောက်ကလေးတွေကြည့်လို့ဝပီဆိုတော့ နေ့လည်စာစားဖို့အချိန်ရောက်ပီလေ။ ဒီတစ်ခါနေ့လည်စာကိုတော့ တာလိဒ်ဘာရမ် ထဲမှာစီးနေတဲ့မြစ်ကြောင်းတစ်လျှောက် river watch motorboat  စီးပီး သီချင်းလေးနားထောင်ပီးစားရမှာမို့ ..နောက်နေ့မှဆက်ရေးပီး ပုံတွေတင်ပေးပါတော့မယ်နော်...




2 Comments:

Anonymous said...

ကူးကူးရေ

မျောက်ကလေးတွေက ချစ်စရာ သနားစရာ လေးတွေနော်။ သဘောကျတယ်။ ဖတ်ရတာ။

moemoestar said...

ကူးကူးရေ...
မျောက်ကလေးတွေကြည့်ရတာ အသည်းယားစရာလေးနော်...

Post a Comment

ကူးကူးရေ...

 
Powered by Blogger