Skip to main content

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ

မ၀ါ Tag ထားတာရေးပါ့မယ်။ ကူးချစ်သူတောင်မသိသေးတဲ့အကြောင်းရာမို့ သူ့ကိုပါ ဒီနေရာက နေ ကြို တောင်းပန်ထားလိုက်ပါတယ်။
ကူးကူး ၉တန်းရောက်တော့ရန်ကုန်ပြောင်းရတယ်။ ငယ်သူငယ်ချင်းကျောင်းနေဖက်တွေနဲ့ခွဲရတော့ငိုလို့မဆုံးပေါ့။ အဲဒီအထဲမှာ မအိ လို့ခေါ်တဲ့ အိအိအောင် (သူ့အမေနဲ့ ကျွန်မအမေ ဆေးရုံကြီးမှာ အခန်းတူတစ်ရက်ခြား ကျွန်မတို့ နှစ်ယောက်ကိုမွေးခဲ့ရာကတည်းကခင်ကြတာပါ) နဲ့ ကိုဖြိုး လို့ခေါ်တဲ့ လှိုင်ဖြိုးထက် (ကျွန်မမူကြိုတက်ချင်လို့ တမာပင်ပေါ်ချောင်းကြည့်တုန်းသူတွေ့သွားပီး သူ့အမေကိုအတင်းဝယ်ခိုင်းရာက သူ့အမေကျွန်မတို့ဆီရောက်လာ ရင်းနဲ့ခင်သွားတာ) ကိုတော့ အလွမ်းဆုံးပဲ။
ရန်ကုန်ရောက်တော့ ကျောင်းအသစ် သူငယ်ချင်းတွေအသစ်မှာ ကိုယ်က senior ဖြစ်မှန်းမသိဖြစ်နေပီ။ အဲဒီအချိန် သူငယ်ချင်းမလေးတွေက ဟေ့...လာပီလာပီ.. ဘယ်ညာ..ဘယ်ညာ...နဲ့လှမ်းအော်ကြတော့ ကျွန်မလဲ ယောင်ပီး လှမ်းကြည့်မိတော့ ဘောင်းဘီနက်ပြာအရှည်လေးနဲ့ အိကျီကော်လံအဖြူလေးနဲ့ ဖြူရှည်ရှည် ကောင် လေးတစ်ယောက် စာအုပ်လေးကို လက်မှာဆုပ်ကိုင်ထားပီး လျှောက်လာတာတွေ့လိုက်တယ်။
သူငယ်ချင်းတွေကပြောတာ အဲဒီကောင်လေးက ချင်းတောင်ကလာတာဆိုပဲ၊ စာအရမ်းတော်တယ်၊ သူက ၈ တန်း၊ မာနာကြီးတယ်၊ စကားနည်းတယ်။ ဂီတာတီးအရမ်းတော်တယ်တဲ့။ သူက ကျွန်မတို့ဘုရားကျောင်းက ဆရာကြီး ကြီး ရဲ့ တူလို့ပြောကြတယ်။ ကျွန်မလဲ သတိသိပ်မထားမိခဲ့ဘူး။ ကိုယ့်ထက်လဲအတန်းကငယ်၊ အဲဒီအရွယ် ဘာဆိုဘာမှကိုမသိသေးတာ။ နောက်တော့မှတ်မှတ်ရရ ၁၀ တန်းလောက်မှာ ဘုရားကျောင်းမှာ ပြဇတ်လုပ်ကြမယ်ဆိုတော့ ကျွန်မနဲ့သူ့ကို ပြဇတ်ဦးဆောင်တဲ့ဆရာမကတွဲပေးတယ်။ သူနဲ့ကျွန်မက ချစ်သူရည်း စားတွေပေါ့..ကျွန်မကငွေမက်တယ်.. အဲလိုသရုပ်ဆောင်ရတာ.. ကျောင်းတွေပြန်ဖွင့်လို့ ဆုပေးတိုင်း သူအမြဲ ဆုရ သလို၊ ကျွန်မလဲရတယ်။ အဲဒီအချိန်တွေဆိုရင် အရှေ့မှာအတူထိုင်ရတော့ အချင်းချင်းပိုသိလာတယ်။ စကားတော့ သိပ်မပြောဖြစ်သေးဘူး။ နောက်ပိုင်းဘုရားကျောင်းမှာသီချင်းဆိုတာများလာတော့ သူလဲကျွန်မ သီချင်းဆိုတိုင်း ဂီတာတီးပေးတဲ့သူဖြစ်ဖြစ်လာတယ်။ သီချင်းမဆိုခင်အတူထိုင်တယ်။ စကားတွေပြောတယ်။ ကျွန်မကသူ့ကို အမြဲ ဂေါက်တယ်လို့ပြောတယ်။ အနုပညာသမားတွေက တစ်နည်းနည်းနဲ့ ကြောင်ကြတယ်မဟုတ်လားနော်။ အမှန်က ကျွန်မလဲ နဲနဲတော့ ဂေါက်ပါတယ်။ သူကတော့ပြောတယ်.. မသိရင် တော့မာနကြီးသလိုလိုနဲ့ သိရင်တော့ ငပေါလေး တဲ့....
နောက်ပိုင်း ကျွန်မတက္ကသိုလ်ရောက်တော့ သူလဲ ကျောင်းထွက်ပီး ရိုးရိုးအစိုးရကျောင်းကို ပြန်ပြောင်းသွားတယ်။ မတွေ့ဖြစ်တော့ပေမယ့် ဒုတိယနှစ်အပီးအိမ်ပြန်တော့ တီးဝိုင်းခေါင်းဆောင်အကိုကြီးတစ်ယောက် သီချင်းဆိုဖို့အိမ်မှာလာပြောတော့ အားလဲအားနေတာနဲ့ သီချင်းဆိုမယ်ဆိုပီး နတ်မောက်လမ်း စတူဒီယိုမှာ သီချင်းသွားသွားကျင့်တယ်။ ရခိုင်ဖက်က အကိုကြီးတစ်ယောက်လဲ သူစပ်ထားတဲ့သီချင်းတွေ အခွေထုတ်ဖို့ သီချင်းဆိုပေးဖို့ကမ်းလှမ်းတာနဲ့ အတူတူဘဲ သူနဲ့ ကျွန်မ သီချင်းကျင့်တဲ့စတူဒီယိုအမြဲသွားဖြစ်တယ်။ တစ်ယောက်တည်းအပြင်ထွက်ဖို့ အိမ်ကခွင့်မပြုတာမို့ သူလာခေါ်ရင် မာမီတို့က ငယ်သူငယ်ချင်း မျက်စေ့အောက် မှာကြီးလာသူတွေဆိုတော့ အတူတူသွားခိုင်းတယ်။
သူက ကဗျာဆရာလဲဟုတ်သလို၊ ဂီတသမားလဲဟုတ်တယ်၊ ပန်းချီလဲဆွဲတယ်။ အနုပညာသမားပီပီ သူကြိုက်တဲ့ မိန်းကလေးကလဲ ဆံပင်လေးရှည်ရှည်နဲ့ ကနွဲ့ကလျ..ယဉ်ကျေးသိမ်မွေ့ နူးညံ့ စကားကိုချိုအီပျော့ပြောင်း ပြောတတ်တဲ့သူဖြစ်နေခဲ့တယ်လို့ ကျွန်မထင်ခဲ့ပါတယ်။ တစ်ကယ်လည်းသူတို့စာအဆက်သွယ်ရှိကြတယ်။ ကျွန်မနဲ့ကတော့ထုံးစံအတိုင်း သွားအတူ၊ လာအတူ... မကျေနပ်တာ၊စိတ်ဆိုးတာမှန်သမျှ သူ့ကိုအကုန်ပြော ပြလို့ ရတယ်။ သူကတော့ အမြဲနားထောင်တယ်။
ကျောင်းပီတော့ ကျွန်မဆေးရုံတက်ရတယ်။ ဆေးရုံကိုနေ့လည်ဆိုသူအမြဲရောက်ရောက်လာတယ်။ ဟာသစာအုပ် လေးတစ်အုပ်နဲ့ တစ်ခုပီးတစ်ခု လာလာဖတ်ပြတယ်... သူကဆေးရုံကို နေ့စောင့်ပေါ့.. အဲဒီအချိန် မာမီက အပြင်ထွက် ၀ယ်စရာရှိတာဝယ်...
အဲဒီအထိကို ကျွန်မစိတ်ထဲမှာ သူကျွန်မကိုချစ်နေမယ်... စိတ်ဝင်စားနေမယ်လို့လုံးဝ လုံးဝ ကိုမထင်ခဲ့ပါဘူး....
ကျွန်မအနေနဲ့လည်း သူကျွန်မဘေးမှာမရှိရင် ဘယ်လိုဖြစ်မလဲဆိုတာလဲမတွေးမိခဲ့သေးဘူးပါဘူး...
အဲဒီနောက်ပိုင်းတွေမှာတော့ အိမ်ကိုလာလာလည်ရင် သူကြိုက်တယ်လို့ ကျွန်မထင်တဲ့ ကောင်မလေးနဲ အတူ လာလာနေတော့ ကျွန်မလဲ အေးပေါ့..သူကောင်မလေးကိုဖွန်ကြောင်ပီးလည်စရာအိမ်မရှိလို့ ကျွန်မတို့အိမ် ရောက်လာတယ်ထင်ခဲ့တာဘဲ...
ကျွန်မအမေအဖေကလဲ သူအဲဒီကောင်မလေးကိုကြိုက်နေတယ် ပုံသေမှတ်ထားပီး..ကျွန်မနဲ့ ခင်မင်တာကို ဘာမှ စိုးရိမ်စိတ်မရှိခဲ့ဘူး....
နောက်..အမေဖေအိမ်ပြောင်းပီး... ကျွန်မအလုပ်နဲ့နီးတဲ့နေရာမှာ သူငယ်ချင်းတွေနဲ့ နေခဲ့တော့ သူဘဲ အစစရာရာ လိုက်ကူညီလုပ်ပေး..တစ်ကယ်ပါ..ကျွန်မတို့နှစ်ယောက်မသိရင် မောင်နှမအရင်းတွေလိုပါဘဲ..
တစ်ခုရှိတာ ကျွန်မသူငယ်ချင်းတစ်ချို့က ကရင် ဆိုတော့ ချင်းဖြစ်တဲ့ သူ့ကို လူကိုမမုန်းဘူး..လူမျိုးကို မကြိုက်တာ.. ဒီလိုဘဲ... သူ့ဘက်က လူတွေကလဲ ကျွန်မက ကရင်သွေးနဲနဲပါတော့ မကြည်ကြဘူးဆိုပါတော့..
ဒါတောင်ရည်းစားတွေမဖြစ်သေးဘူး... သူတို့အမြင်မှာတော့ ဘုရားကျောင်းတက်လဲ အတူထိုင်...ဟိုနားဒီနားသွား လဲသူကနောက်ကအမြဲလိုက်ပေးဆိုတော့ တစ်မျိုးမြင်လဲမြင်မပေါ့..
ဒါနဲ့ဘဲ ပတ်ဝန်းကျင်ဆိုတဲ့ လူတွေရဲ့ ခန့်မှန်းကောက်ချက်ချသံတွေတစ်ဆင့်ပီးတစ်ဆင့် အိမ်ကိုရောက်သွားတော့
မာမီ ၊ ပါးပါးနဲ့ မောင်လေးညီမလေးက စိတ်ဆိုးပီးအသည်းသန်ကန့်ကွက်ကြပါလေရော...
ကျွန်မလောက်ဖြေရှင်းရမှာမုန်းတာမရှိဘူး... ကန့်ကွက်တယ်ဆိုတာ စကားမပြောနဲ့ အတူမသွားနဲ့ ဘုရားကျောင်းမှာ အတူမထိုင်နဲ့..စသည်ဖြင့်...
ကဲ..ဘယ်လိုလုပ်ကြမတုန်း...ပြတ်ရအောင်ရည်းစားလဲမဟုတ်... အိမ်ကမကြိုက်လို့ နင့်ကိုမခေါ်တော့ဘူး ပြောရ အောင်လဲ သူနဲ့ကျွန်မက ရိုးသားခင်မင်တာက ဘယ်အဆင့်မှလဲမရောက်...သူ့မှာလဲ ကြိုက်တဲ့ကောင်မလေး ရှိနေတယ်လို့ ကျွန်မလဲသိထားတယ်လေ..
အဲဒီမှာ ကျွန်မ ဦးလေးလူပျိုကြီးက မာမီ့ကိုပြောပါတယ်.. အဲဒီကောင်လေးက သူနဲ့အတူလာတဲ့ကောင်မလေး ကိုကြိုက်တာမဟုတ်ဘူး..သူကြိုက်နေတာ...ဘယ်သူ...ဘာညာဆိုပီး ပြောလိုက်ရာက...
မာမီက ထပီးပေါက်ကွဲပါတော့တယ်...
ကျွန်မလဲ အရမ်းခေါင်းမာ ပီး စိတ်တိုပီးဆန္ဒပြပါတယ်..
မောင်လေးနဲ့ညီမလေးလဲ ကျွန်မကို စကားမပြောတော့ဘူး...
အဖေကတော့ လုပ်ရဲရင်လုပ်ကြည့်...တစ်ခွန်းဘဲပြောပါတယ်..
ကျွန်မကလဲ ကိုယ်ရိုးရိုးသားသားခင်မင်တာ၊ အဲဒီကောင်လေးက လူဆိုးမဟုတ်တာလဲသူတို့သိတယ်၊ နှစ်ယောက် လုံးမျက်စေ့အောက်မှာတင်ကြီးလာတာ.. အဲလိုလုပ်ရကောင်းသလားဆိုပီးပေတေပီး သူနဲ့ဆက်ခင်ပါတယ်။
နောက်ပိုင်းမှာတော့ သူမလေးရှားထွက်သွားပါတော့တယ်... အဲဒီချိန်မှာပြသနာတွေအေးသွားတယ်...
အခုချိန်မှာတော့သူကျွန်မကိုစကားမပြောတော့ပါဘူး...
သူပြန်ရောက်ပီးတစ်ရက်မှာ... ကျွန်မကိုလာတွေ့တဲ့အချိန် ကျွန်မကလဲဒီဖက်ကိုအလုပ်နဲ့ထွက်လာခါနီး ဆေးစစ်ထားတဲ့စာရွက်စာတန်းတွေ traders မှာရောက်နေတဲ့စာရင်းစစ်ကိုသွားအပေးမှာ... ကျွန်မနဲ့သူ ကို ကြည့်မရသူများထဲက နှစ်ယောက်က အတိုင်ဖောက်ညီညီနဲ့ ကျွန်မ ညနေပိုင်းကြီး ဟော်တယ်မှာ foreingner နဲ့သွားတွေ့တယ်ပြောလိုက်တယ်....အဲဒီလွဲမှားမှုကို ကျွန်မသိလိုက်ရတာ ပီးခဲ့တဲ့လ ကမှပါ... ဘယ်လောက် အချိန် တွေကြာခဲ့ပီလဲ.. ဘယ်လောက်ထိ သူကျွန်မကိုမပြောဘဲ အဲဒါကိုအစိုင်ခဲတစ်ခုလို ရင်ထဲမှာ ထည့်ထား လဲဆိုတာ သူကလွဲပီးဘယ်သူသိနိုင်မှာလဲ..
ကျွန်မကတော့ထုံးစံအတိုင်း....မရှင်းပြနေတော့ပါဘူး.. ဖြစ်သမျှအကြောင်းးးအကောင်းလို့သာ မှတ်လိုက်ပါတော့ တယ်။
သူ့ကိုလဲတစ်သက်လုံးမေ့မှာတော့မဟုတ်ပါဘူး...
..................................................................................................................................................
ဆက်ပီး Tag လိုက်ပါတယ်..

၁။ မြူးစ်
၂။ မိုးစက်အိမ်
၃။ စုဘူး
၎။ မိုးမိုး
၅။ Rita
၆။ မေလေးစ်
၇။ မမဂျာမုန်းဒုန်
၈။ ကျောပိုးအိတ်...

တစ်သက်တစ်ကိုယ် tag ဖူးသည်ရှိအောင်ပါ..နော်.. ရေးပေးကြပါ.. တစ်ခြားသူငယ်ချင်းတွေတော့ သူများတွေ tag ထားတာတွေ့လို့ ထပ် မထည့်တော့ပါဘူး..း)

Comments

  1. ပထမ ၀င်ယူရမှာတောင် ခပ်လန်.လန်.ရယ် အောက်မှာ
    နာမည်ကြီးတွေ.နေလို. ... အင်းဗျာ ဖတ်ရတာတော.
    ကောင်းတယ်ဗျ ... သူငယ်ချင်းတွေ စကားမပြောတာ
    တော.ဆိုးတယ်နော် ငယ်ပေါင်းဆိုတော. ပိုဆိုးတယ်ဗျာ...
    ထပ်ပြီးတော.တော. ပြောတော.ပါဘူး တော်ကြာ ချစ်သူနဲ.
    ရန်ဖြစ်နေမှာစိုးလို. ... တဂ်ထားတာ ရေးပေးမယ်နော်
    ခက်တာက ပန်းကတပွင်.လည်း မဟုတ်ဘူး နှစ်ပွင်.လည်း
    ဟုတ်ဘူး အများကြီးလည်းဟုတ်ဘူး ... ဆိုတော.ကာ
    မကြာမီ လာမည်မျှော် ပေါ. အဟတ် :P

    ReplyDelete
  2. တခါတရံမှာရင်ထဲရှိတာတွေ၊စိတ်မကောင်းတာတွေဇွင့်ပြောတာကောင်းပါတယ်ချစ်သူ။ လူမှန်ရင်ခံစားချက်နဲ့ မကင်း တဲ့အတွက်မချုပ်ချယ်ပါဘူး။ လွတ်လွတ်လပ်လပ်ရေး လို့ ရပါတယ်။

    "The value of a man is defined by how he control his power".

    I have power to stop you does not mean I will use it all time to control your freedom.

    Be open and free. And be Happy!

    ReplyDelete
  3. ဘလော့မရှိတာ ဒါတွေကောင်းတယ် ဟိဟိ ..

    ReplyDelete
  4. ပြဿနာက နုနုညံ့ညံ့နဲ့ ဖြေရှင်းရခက်တဲ့ ပုံစံမျိုးပဲ။
    သူကလည်း ရင်ထဲမှာ ရှိတာ ပွင့်ပွင့်လင်းလင်း ပြောရင်
    ဇာတ်လမ်းက စောစောစီးစီး တမျိုးဖြစ်သွားမှာလေ။
    သူငယ်ချင်းကောင်း တယောက်က တန်ဖိုးရှိပါတယ်။

    ReplyDelete
  5. ညီမလေးဇာတ်လမ်းလေးက စိတ်မကောင်းစရာ.
    သူ အထင်လွဲသွားတယ်ပေါ့နော်.
    ပြဿနာက နည်းနည်းဖြေရှင်ရခက်သွားတာပေါ့လေ။
    သူငယ်ချင်းအရင်းကြီးတွေဖြစ်ခဲ့ကြပြီးမှဆိုတော့ ညီမလေးလည်း စိတ်ကောင်းမှာ မဟုတ်ဖူးနော်။
    အဆင်ပြေပါစေညီမလေးရေ။

    ရေးပေးတာကျေးဇူးပါနော်.

    ReplyDelete
  6. ဟင် တဂ်လိုက်ပြီလား။ ကူးဇာတ်လမ်းလေးကို ဖတ်သွားတယ်။ရေးမယ်နော် စဉ်းစားလိုက်ဦးမယ် ကြာမလားမသိဘူး ဟီးဟီး။ ရင်ထဲက ပန်း...

    ReplyDelete
  7. သူမပွင့်လင်းတာပေါ့.. ပေါ်တင်ဖွင့်မေးပါလား

    ReplyDelete
  8. ကိုကို ဆူတော့မယ် ..နှုတ်ခမ်း..
    ကောင်မလေး တယောက် ချော့ရတော့ပါမယ်..

    ReplyDelete
  9. မမရေ ဇတ်လမ်းလေးက လွမ်းဖွယ်...
    လာဖတ်သွားပါတယ်နော်း)

    ReplyDelete
  10. ချစ်အုန်းဖေAugust 25, 2009 at 9:19 PM

    အလွမ်းသယ်နေတယ်ပေါ့။အရိုက်မခံရသေးဘူးလား။

    ReplyDelete
  11. အင်း.... လွမ်းစရာ ဇတ်လမ်းလေး ပဲနော်...။ ဖြစ်တတ်ပါတယ်လေ...။ ခုချိန်မှာ ကူးစ် မှာလဲ ချစ်ရတဲ့သူ ရှိနေပြီပဲနော်...။ သူ့ မှာရော.....း))

    ReplyDelete
  12. ကူးစ်
    ငါကိုတက်ဂ်တာလားဟင်။ မမဝါလဲ တက်ဂ်ထားတယ်လေ။ ဟိဟိ
    ချစ်လို့ တက်ဂ်တာဘဲ ရေးပေးမယ်နော်။ လူဇိုးးး ရှော့ရှိတယ်ဟ။
    ကိုကိုစိတ်ဆိုးရင် နင်ဘဲနော်။
    ကူးစ် ရေ အဲဒီကောင်လေးရော အခုဘယ်မှာလဲဟင်။
    နင်ကိုကို ကို ချော့ပေတော့ဟေးးး

    ReplyDelete
  13. ကူကူး တစ်ယောက်တည်းလား ဥဥ ရေးသလိုမျိုးမရေးနဲ့နော်
    ကောင်းဝူး ဟီးဟီး စတာနော်
    ခင်တဲ့ဥဥ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ