Pages

Sunday, March 9, 2008

ကောင်းသောနေ့ဖြစ်ပါစေ

ကျွန်မတို့မြန်မာလူမျိုးတွေဟာအရမ်းကိုယဉ်ကျေးပါတယ်။ တစ်ဦးနဲ့တစ်ဦးတွေ့တာနဲ့ မင်္ဂလာပါ။ မင်္ဂလာရှိသောနေ့ပါ။ ဒါကိုတစ်နည်းအားဖြင့် ကောင်းသောနေ့ပါ လို့ အဓိပယ်သက်ရောက်ပါတယ်။ လူအမျိုးမျိုးအထွေထွေတစ်ဦးပေါ်တစ်ဦးတွေးတာနဲ့နှုတ်ဆက်ကြပါတယ်။ တစ်ကယ်တမ်း ပြန်တွေးကြည့်လိုက်မယ်ဆိုရင်စကားတစ်လုံးရဲ့အဓိပယ်ဘယ်လောက်ထိသက်ရောက်လဲဆိုတာစဉ်းစားမိကြလားတော့
မသိဘူး။
နေ့တိုင်း၊ မနက်တိုင်း သူငယ်ချင်းနဲ့တွေ့တာဖြစ်စေ၊ ဆရာသမားနဲ့တွေ့တာဖြစ်စေ၊ တစ်စုံတစ်ယောက်က ကျွန်မတို့ကိုတွေ့ရင်ဖြစ်စေ၊ စာအဆက်အသွယ်လုပ်တဲ့အခါမှာဖြစ်စေ ကောင်းသောနေ့ဖြစ်ပါစေ (Have a Good Day) ဆိုတဲ့စာသားကို အမြဲအသုံးပြုကြတာကိုတွေ့ရပါတယ်။
သူငယ်ချင်းတို့ရော.. ကောင်းသောနေ့ဖြစ်ပါစေ လို့ ဘယ်နှစ်ယောက်ကိုပြောဖူးပါသလဲ။ ဒီစာသားလေးကအရမ်းကိုလှပြီး ယဉ်ကျေးတဲ့စာတမ်းလေးပါ။ ဒါပေမယ့် အဲဒီကောင်းသောနေ့ဖြစ်ပါစေဆိုတဲ့စာတမ်းလေးကိုလေးလေးနက်နက်တွေးမိကြရဲ့လား။ တစ်နေ့တာမနက်မိုးလင်းအိပ်ရာထချိန်ကစပြီးတစ်နေ့တာလှုပ်ရှားသွားလာရုန်းကန်နေရတဲ့လူ့ဘ၀မှာ အိပ်ရာဝင်ခါနီးအချိန်ရောက်ရင်စဉ်းစားကြည့်ရအောင်...ဒီနေ့တစ်နေ့လုံး ကောင်းသောနေ့ဖြစ်ရဲ့လား။
ခရစ်ယာန်ကျမ်းစာထဲမှာတော့ ဂျိုးဇက်ဆိုတဲ့လူငယ်လေးအကြောင်းကိုရေးထားတာရှိတယ်။ အဲဒါကိုနဲနဲပြန်ဝေဌရမယ်ဆိုရင် ဂျိုးဇက်က ညီအကိုတွေအများကြီးထဲမှာ အငယ်ဆုံး၊ သူ့အဖေကသူ့ကိုအရမ်းမျက်နှာသာပေးတော့ သူ့အကိုတွေကမကျေနပ်ကြဘူး။ နောက်ဆုံးမှာတော့ သူ့ကို ကျွန်အဖြစ်နဲ့ တစ်ခြားနိုင်ငံသားတွေဆီကိုသူ့အဖေမသိအောင်ရောင်းစားလိုက်ပြီး ဂျိုးဇက်ကို သားကောင်ကြီးကိုက်လို့ဆုံးသွားပြီလို့လိမ်ပြောခဲ့တယ်။ အဲဒီနေ့ကတော့ ဂျိုးဇက်အတွက်ကတော့ ကံဆိုးတဲ့နေ့လို့ပြောရမှာဘဲ။ ဒါပေမယ့်ဘုရားသခင်က ကံဆိုးခြင်းကို ကောင်းခြင်းဘက်ကို မြားဦးလှည့်ပေးခဲ့တယ်။ ဂျိုးဇက်အလုပ်လုပ်နဲ့ သခင်ကြီးရဲ့ မိန်းမက သူ့ကိုမြူဆွယ်တာမရတဲ့အဆုံးသူ့ယောက်ျားဆီမှာ သူ့ကို ဆော်ကားဖို့ကြိုးစားတယ်လို့လိမ်လည်ပြီးတိုင်တဲ့အခါ ကျွန်အဖြစ်ကနေ နောက်တစ်ဆင့် ထောင်ထဲကိုထပ်ရောက်သွားပြန်တယ်။ ဒါတော်တော်ဆိုးတာဘဲ။ ဒါပေမယ့် ဘုရားကိုချစ်တဲ့ဂျိုးဇက်အတွက် ဘုရားသခင်က ကောင်းခြင်းကိုပြန်ဦးတည်ပေးပြီး နောက်ဆုံးမှာတော့ သူများတိုင်းပြည်မှာ ကျွန်အဖြစ်ရောင်းစားခြင်းခံရတဲ့ဂျိုးဇက်လေးဟာဘုရင်ခံရာထူးအထိတောင်ရောက်သွားပါတယ်။ ဒါကြောင့် ကျွန်မတို့နေ့စဉ်အသက်တာမှာ ဒီနေ့ဘာဖြစ်လာမလဲ ကောင်းသောနေ့ဖြစ်မလား၊ ဆိုးသောနေ့ဖြစ်လာမလား ဆိုတာမသိနိုင်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ရဲ့ နေ့ရက်တွေကို ကောင်းသောနေ့လေးတွေဖြစ်အောင်ဘယ်လိုလုပ်နိုင်လဲဆိုတာ ကို အချက်လေးတစ်ချို့ဝေဌချင်ပါတယ်။
၁။ ပထမဆုံးအနေနဲ့ ကျွန်မတို့ရဲ့ လျှာတွေကိုထိန်းချုပ်ရပါမယ်။ ကျွန်မတို့ရဲ့ လျှာကို သူတစ်ပါးထိခိုက်နစ်နာစေတဲ့ အကြောင်းအရာတွေ၊ လိမ်လည်လှည့်ဖြားတဲ့စကားတွေကိုမပြောမိအောင်ထိမ်းချုပ်ရပါမယ်။ လျှာတစ်ချောင်းက ဓားသွားထက် ထက်တယ်ဆိုတာလူတိုင်းသိပါတယ်။ အချင်းချင်းအထင်မှားစေမယ်။ လူတစ်ယောက်ကို မိမိပြောတဲ့စကားကြောင့်စိတ်ထိခိုက်စေနိုင်သလို စိတ်ဓာတ်တက်ကြွစေပါတယ်။ မကောင်းတဲ့စကားတွေကိုမပြောမိဖို့ ကိုယ့်ကိုကိုယ်ထိန်းချုပ်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ မကောင်းတဲ့စကားပြောမိရင် သူတစ်ပါးလဲ ကောင်းသောနေ့ဖြစ်မလာမယ့်အတူတူ ကျွန်မတို့ကိုယ်တိုင်လဲကောင်းတဲ့နေ့လေးကိုရမှာမဟုတ်ဘူလေ။
၂။ ဒုတိယအနေနဲ့ မကောင်းတဲ့အကျင့်ဆိုးတွေကိုပယ်ဖျောက်ပြီးကောင်းတာတွေကိုဘဲကျင့်ကြံဖို့လိုအပ်ပါတယ်။ လူဆိုတာအပြစ်သားတွေချည်းပါဘဲ။ တစ်ဦးတစ်ယောက်မှမပြည့်စုံပါဘူး။ ဒါပေမယ့် ဘာသာတိုင်းက ကောင်းတာကိုဘဲညွှန်ပြတဲ့အတွက် ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ် ကောင်းတဲ့အမူအကျင့်ကိုသာကျင့်ကြံကြမယ်ဆိုရင် မြေပြင်ပေါ်မှာ ကောင်းမွန်တဲ့မျိုးစေ့ကျဲတဲ့သူဟာ အောင်မြင့်တဲ့စပါးနှံအသီးအပွင့်တွေရိတ်သိမ်းရသလို ကောင်းသောနေ့တွေကိုပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။
၃။ တတိယအနေနဲ့ကတော့ ငြိမ်းချမ်းမှုကိုရှာဖွေပြီးရယူပါ။ မကောင်းတဲ့သူတွေပြောတဲ့စကားဝိုင်း၊ လုပ်နေတဲ့အရာတွေမှာမပါဝင်မိဖို့သတိထားရမှာဖြစ်တယ်။ လူတစ်စုစုက ကိုယ့်အနားမှာ သူများအကြောင်းအတင်းပြောနေရင်၊ မကောင်းတာလုပ်ဖို့ကြံစဉ်နေကြရင် အဝေးကိုဖယ်ခွာထွက်သွားပါ။ တစ်စုံတစ်ယောက်က ကိုယ့်ကိုအပြစ်တင်ပြောဆိုလာရင်တောင် သီးခံပြီး နေပါ။ မခံနိုင်တဲ့အဆုံးခွင့်လွှတ်ခြင်းနဲ့အဝေးကိုထွက်သွားပါ။ သူများကိုယ့်အပေါ်ထိခိုက်ပြောဆိုလာတဲ့အရာတွေအတွက် ကိုယ့်စိတ်ကို အနှောက်ယှက်မပေးမိပါစေနဲ့။ လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့်ကြိုးစားကြရအောင်လား။ သူများတွေခိုက်ရန်ဖြစ်ခြင်းကို ငြိမ်းအေးတဲ့လူဖြစ်ဖို့ကြိုးစားပါ။ ပြသနာကိုအစဖော်တဲ့သူမဖြစ်မိဖို့အရေးကြီးပါတယ်။
နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ဘုရားကိုယုံကြည်ကိုးစားဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သူကကျွန်မတို့ကိုအမြဲစောင့်ကြည့် နေလို့ပါဘဲ။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ရဲ့မျက်လုံးတွေဟာ ဖြောင့်မတ်မှန်ကန်တဲ့သူတွေကိုအမြဲစောင့်ကြည့်နေပြီးတော့ သူတို့ရဲ့ ငိုကြွေးတဲ့အသံကိုနားစွင့်နေတယ် လို့ဖော်ပြထားတယ်။ ဆိုလိုတာ ဘုရားသခင်က သူချစ်တဲ့လူသားအားလုံးကို ဂရုတစိုက်နဲ့အမြဲ ကူညီစောင်မနေတယ်ဆိုတာပါဘဲ။ ဒါကြောင့် တစ်ခြားသူတွေဘာလုပ်နေကြလဲဆိုတာကိုစိုးရိမ်ဖို့မလိုပါဘူး။ ဘုရားသခင်ဟာ ကောင်းတဲ့လူဘက်မှာအမြဲရပ်တည်နေပါတယ်။ ဆိုးတဲ့သူတွေကိုလဲပြစ်မထားပါဘူး။ လမ်းမှန်ရောက်အောင်အမြဲကြိုးစားဦးတည့်ပေးနေပါတယ်။
ကောင်းသောနေ့ဖြစ်ပါစေဆိုတဲ့စကားစုလေးက.. သာမာန်အမှတ်တမဲ့သုံးနေကျ ဝေါဟာရလေးဖြစ်ပေမယ့် ဒီစာစုလေးရဲ့ အဓိပယ်ဟာအင်မတန်လေးနက်သက်ရောက်ပါတယ်။ လူတိုင်းလူတိုင်းကောင်းသောနေ့ရက်လေးတွေသာပိုင်ဆိုင်နေမယ်ဆိုရင်လောကကြီးကဘယ်လောက်သာယာလှပနေမလဲနော်။ ဒါကြောင့် ကျွန်မအထက်မှာ ရေးပေးထားတဲ့အချက်လေးသုံးချက်ကိုအခြေခံပြီး ကြိုးစားလေ့ကျင့်နေထိုင်သွားမယ်ဆိုရင် သင် တစ်ဦးတည်းသာမကပါဘူးသင်နဲ့ ပတ်သတ်တဲ့ဝန်းကျင်၊ မိသားစု၊ ဆွေမျိုး တွေပါ ကောင်းသောနေ့လေးတွေကိုပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။ သူငယ်ချင်းတို့အားလုံး ကောင်းသောနေ့ဖြစ်ပါစေ။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger