Pages

Friday, March 7, 2008

ကြာဇံဟင်းခါး

ထမင်းလဲမစားချင်၊ ဘာဆိုဘာမှမစားချင်တဲ့နေ့တွေများလာတော့ ကိုယ့်ကိုယ်ကို ပြန်မေးရတယ်။ ငါဘာစားချင်လဲ..ဘာစားချင်လဲ.....???????
သိပြီ၊ ကြာဇံဟင်းခါး.. မစားတာ နှစ်လကျော်ပြီ။ ကြာဇံဟင်းခါးကတော့ ကျွန်မအကြိုက်ဆုံးဘဲ။ ကျန်တဲ့မြန်မာ ရိုးရာအစားအစာတွေမချက်တတ်ရင်နေမယ်။ ကြာဇံဟင်းခါးတော့ ချက်တတ်အောင်ကို မာမီဆီကမရရအောင်သင်လာတာ။ ကိုယ်စားချင်တာလေးတော့ ကိုယ်ချက်တတ်ရမယ်လေ။ ကြာဇံဟင်းခါးချက်တာအရမ်းအလုပ်များပြီး တစ်ပွဲဘဲစားရင်မတန်ပါဘူး။ တစ်ခါတစ်ခါချက်တော့မယ်ဆိုရင် အချိန်ယူရတယ်။လိုအပ်တဲ့ပစ္စည်းတွေကတော့
- ကြက်သား (အတောင်နဲ့ ပေါင်ရိုး၊ ရင်အုံသား)
- ငါး
- မှိုခြောက် (ကြွက်နရွက်မှို)
- ပန်းခြောက်
- ပဲပြားလိပ်
- ငါးငံပြာရည် ကောင်းကောင်း
- ကြက်သွန်ဖြူ
- ဂျင်း
- ငုံးဥ
- ငရုတ်ကောင်းမှုန့်
- နံနံပင်
ပထမဦးဆုံး
- ကြက်သားကိုရေစင်အောင်ဆေး အရိုးအသား အားလုံးကို ငံပြာရည်နဲ့ပြုပ် (အရမ်းနူးအိနေဖို့မလိုပါဘူး၊ နွှာလို့ရရင်တော်ပါပြီ)
- ပြုပ်ပြီးတဲ့ကြက်သားတွေကိုဆယ်၊ရေစင်စင်ဆေးထားတဲ့ ငါးအကောင်လိုက်ကိုထည့်ပြုပ်
(ပြီး ငါးအရေခွံကိုနွှာပစ်လိုက်ပါ။ အထဲကအသားတွေကိုဘဲ သတ်သတ်နွှာပြီးဖယ်ထားပါ၊ ငါးရေခွံပေါလောပေါ်နေရင် ကြာဇံဟင်းခါးရုပ်ဆိုးတယ်)
- ကြက်သွန်ဖြူများများ နဲ့ ဂျင်းကို ညက်နေအောင်ထောင်းပါ (အစပ်ကြိုက်ရင် ငရုတ်သီးခြောက်ပါထည့်ထောင်းပါ)
- ထောင်းထားတဲ့ဟာတွေနဲ့ဆီသတ်ပါ၊ မွှေးလာပြီဆိုရင် နွှာထားတဲ့ကြက်သား x ငါးတို့ကိုရောပြီးမွှေးနေအောင်မီးအေးအေးနဲ့ဆီသတ်ပါ။
-အိုးကြီးကြီးထဲမှာ ရေနွေးတည် ဆူရင် ကြက်သားနွှာတုန်းကဖယ်ထားတဲ့အရိုးတွေထည့်ပြုပါပါ။
- ကြွက်နရွက်မှို+ ပဲပြားလိပ်+ပန်းခြောက်တို့ကိုရေစိမ်ထားပါ။
- ပန်းခြောက်လေးတွေကို အရင်းကနေလိမ်ပြီးအလယ်နားမှာစုချည်လိုက်ပါ.. (ဒါဆိုပန်းပွင့်လေးတွေကားမထွက်သွားတော့ဘူး)
ပြီးရင်တော့ ရေနွေးအိုးထဲကို ဆီသတ်ထားတဲ့ကြက်သား+ငါး ကိုထည့်၊ ကြာဇံရေစိမ်ထားတာကိုထည့်၊ ကြက်သွန်နီအလုံးသေးသေးတွေကိုထည့်၊ ပဲလိပ်ထည့်၊ မှိုခြောက်၊ ပန်းခြောက်အကုန်ထည့် အပေါ့ငံလိုသလိုထည့်ပါ။
ငံပြာရည်လေးလဲထပ်ထည့်ပါအုံး.... ပြီးရင်တော့.. မီးအေးအေးနဲ့ အိုးကျအောင်တည်ပါ...
အပေါ်ကနေ ငရုတ်ကောင်းမှုန့်လေးပါထပ်ဖြူးလိုက်၊ ကြိုက်ရင် ငုံးဥလေးတြွေ့ပုပ်ပြီးထည့်...
နံနံပင်၊ ငရုတ်သီး၊အချဉ်ရည်တို့နဲ့ အဆင်သင့် စားလိုက်ကြရအောင်.....


ဒါကတော့ နံနံပင်၊ ငရုတ်သီးမှုန့် နဲ့ သံပုရာရည်ပါ (အသီးနဲ့ဆိုညှစ်ရင်အစိတွေမတော်ပန်းကန်ထဲဝင်ရင်ခါးမှစိုးလို့)

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger